ဘုရားပေးတဲ့အကောင်းဆုံးဆုလာဘ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘဝကို ပြန်လည်ရှင်သန်ထမြောက်ဖို့ပါပဲ။

ဘဝရဲ့အခက်အခဲ၊ ဒုက္ခတွေကြုံရတဲ့အခါ “ငါ့ကိုကျတော့ ကူကယ်မယ့်သူ မရှိပါလား” ရယ်လို့ တွေးပြီး စိတ်ဓာတ်ကျဖူးကြမှာပါ။ လူအတော်များများက အခက်အခဲ၊ အကြပ်အတည်းကြားမှာ ကယ်တင်ရှင်ကို မျှော်လင့်နေတတ်ကြတာချည်းပါပဲ။ နာကျင်ဝမ်းနည်းစရာကြုံရင်တောင် “ရင်ဖွင့်ရမယ့်သူဘယ်သူမှမရှိပါလား” “ကူညီမယ့်သူဘယ်သူမှမရှိပါလား” “ နားလည်ပေးတဲ့လူဘယ်သူမှမရှိပါလား” ဆိုပြီး တွေးတတ်ကြပါတယ်။ အဲဒီ့လို တွေးလိုက်တဲ့အခါ ပိုပြီးတော့တောင် ဝမ်းနည်းနာကျင်ရတယ်မဟုတ်လား။ အဲဒီလိုတွေးမိလေလေ ကိုယ်ကတစ်ယောက်တည်းပါလား......ဆိုတဲ့အတွေးနဲ့ ပိုနာကျင်ရလေလေ၊ ကိုယ့်ကိုယ်ကိုယ်ပိုပြီး သနားမိလာလေလေဖြစ်ရပါလိမ့်မယ်။ တကယ်တော့ အဲဒီလိုအတွေးမျိုးဟာ သင့်အတွက် အားမဖြစ်စေဘဲ သင့်ကိုပါ စိတ်ဓာတ်ကျအောင် ဆွဲချပြီး အင်အားလျော့စေပါတယ်။


လူဆိုတဲ့သဘောကိုက ကိုယ့်ကိုဖေးမ၊ အားပေးတဲ့လူ၊ နားလည်တဲ့လူရှိတယ်ဆိုရင်ကို အားရှိလာတတ်တာကိုး။ အခုလို ဘယ်သူမှ မရှိဘူး....ဆိုတဲ့အတွေးက သင့်ကိုပိုပြီးအထီးကျန်လာစေသလို၊ ပိုပြီးလည်း ဆောက်တည်ရာမရဖြစ်စေနိုင်ပါတယ်။ အဲဒီ့အခါ ပိုပြီး လဲကျအရှုံးပေးချင်စိတ်ဖြစ်လာစေနိုင်ပါတယ်။ ဘယ်သူမှမရှိဘူးဆိုတဲ့ အားငယ်စိတ်ကြောင့်ပေါ့။
ကိုဗစ်ကာလအတွင်း အိမ်မှာစိုက်ထားတဲ့ နေကြာပင်လေးဟာ ခြောက်သွေ့နေခဲ့တာကြာပါပြီ။ သူ့ဟာသူ သေဆုံးရင်တောင်မှ သေပါစေ၊ ဆွဲနုတ်ပစ်လိုက်လို့ တကယ်သေဆုံးသွားရင်သာ ကိုယ့်ကြောင့် သူပြန်ပြီး မရှင်သန်နိုင်တော့ဘူးဆိုတဲ့စိတ်နဲ့ ယူကြုံးမရမဖြစ်ချင်တော့ နှမြောလို့ ဆွဲမနုတ်ပစ်ဘဲ ပန်းအိုးလေးနဲ့ ဒီတိုင်းခြောက်သွေ့နေတာကို ကြည့်ပြီးဘာမှမလုပ်ဘဲ ထားခဲ့ပါတယ်။ တနည်းအားဖြင့်တော့ ကိုယ်ကဆွဲမနုတ်ပစ်ဘူးဆိုရင် တချိန်ချိန်မှာ သူပြန်ရှင်သန်ချင်ရင်တောင် ပြန်ပြီးရှင်သန်လာနိုင်သေးတယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။
တစ်နေ့မှာ ထိုနေကြာအပင်ခြောက်ရဲ့အိုးထဲကနေ အပင်သေးလေးတွေအများကြီးထွက်လာပါတော့တယ်။ အခုဆိုရင် နေကြာပန်းတွေအများကြီး အုံခဲနေအောင် ပွင့်နေတဲ့ နေကြာပင်လေးပြန်ထွက်လာပါပြီ။ နေကြာပင်လေးကိုကြည့်ပြီး တွေးမိတဲ့အတွေးလေးကတော့ ကိုယ့်ရဲ့ရှင်သန်ထမြောက်ခြင်းအတွက် ကိုယ်တိုင်ပဲကြိုးစားရတယ်ဆိုတာပါပဲ။ အမြစ်ကနေလှန်ပြီး မသေဆုံးသေးသရွေ့ပြန်လည်ရှင်သန်ဖို့ ကြိုးစားခြင်းဟာ ကိုယ့်တိုင်ပဲလုပ်နိုင်တဲ့အရာတစ်ခုပါပဲ။ တနည်းအားဖြင့် လူတစ်ယောက်ဟာ ဘယ်လိုအခက်အခဲ၊ ဘယ်လိုကျရှုံးမှု၊ ဘယ်လိုလဲကျမှုမျိုးကိုပဲကြုံရပါစေ သူ့အသက်မသေဆုံးသေးသရွေ့တော့ ပြန်ပြီး ရှင်သန်ထမြောက်နိုင်ဖို့ ကြိုးစားနိုင်သေးတယ်ဆိုတဲ့သဘောတရားပါပဲ။
အထက်က ပြောဖူးသလို၊ လူတိုင်းလိုလိုဟာ ငါ့ကိုဘယ်သူမှမကူညီကြပါလား၊ ငါ့ဘေးမှာ ဘယ်သူမှမရှိပါလား၊ ငါ့အတွက် အားပေးမယ့်သူဘယ်သူမှမရှိပါလား ရယ်လို့ တွေးမိတဲ့အခါ ပိုအားငယ်တတ်ကြတယ်ဆိုပေမယ့် တကယ်တမ်း ပြန်စဥ်းစားကြည့်ရင် ကိုယ်တိုင်အတွက် ဘယ်သူကမှမလိုပါဘူး။ ကိုယ်ကိုယ်တိုင် ပြန်လည်ရှင်သန်ထမြောက်နိုင်အောင် ကိုယ်တိုင်ပဲကြိုးစားမှဖြစ်တာပါ။ ကိုယ့်ရဲ့ ရှင်သန်ခြင်းဟာ ကိုယ့်ကြိုးစားမှုအပေါ်မှာပဲ မူတည်နေတာပါ။
ဘဝက မတရားဘူး၊ လူတွေက မတရားဘူး။ ဘုရားက မကယ်ဘူး (ဒီနေရာမှာ ဘာသာရေးနဲ့ပြောချင်တာမဟုတ်ပါဘူး၊ တချို့တွေက ညည်းတွားတတ်တာကို ဥပမာပြောတာပါ)
အဲဒါမျိုးတွေးမိတဲ့အခါ ပြန်စဥ်းစားပါ၊ တကယ်တော့ ဘုရားက ကိုယ့်ကိုပေးထားတဲ့အကောင်းဆုံး ဆုလာဘ်ဟာ သင်ကိုယ်တိုင် ပြန်လည်ရှင်သန်ထမြောက်အောင် ကြိုးစားဖို့ပါပဲ။ သင့်အတွက် သင်ကိုယ်တိုင်မှ မကြိုးစားရင် ဘယ်သူက ကြိုးစားပေးနိုင်ပ့ါမလဲ။ လူတွေက မတရားဘူး၊ ဘဝက မမျှတဘူးဆိုရင် မျှတအောင် ကြိုးစားဖန်တီးယူရမှာ သင့်တာဝန်ပါ။ လူတွေက မျက်နှာကြီးရာ ဟင်းဖတ်ပါတယ်ဆိုရင် သင်ကိုယ်တိုင် မျက်နှာကြီးတဲ့လူဖြစ်အောင် ကြိုးစားရမှာပါ။ လူတွေက သင့်ကိုနှိမ်တယ်ဆိုရင် သင့်ကိုမနှိမ်နိုင်အောင် သင်ကြိုးစားရမှာပါ။ အဲဒါကြောင့် သင့်အတွက်တာဝန်ရှိတာ သင်ကိုယ်တိုင်ပါပဲ။
ဘယ်တော့မှမမေ့ပါနဲ့၊ အခက်အခဲကြုံတိုင်း၊ သင့်ဘေးမှာ အားပေးကူညီမယ့်သူမရှိတိုင်း၊ ဘယ်သူမှ သင့်ကိုမကူညီကြတိုင်း သင်တွေးရမှာပါ၊ ဘုရားကပေးတဲ့ အကောင်းဆုံးဆုလဘ်တစ်ခုကတော့ ကိုယ့်အားကိုယ်ကိုးပြီး သင်ကိုယ်တိုင်ရှင်သန်ထမြောက်အောင် ကြိုးစားဖို့ပါပဲဆိုတာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။