ဘယ်သူမှ ပြီးပြည့်စုံအောင်မှန်ကန်နေတဲ့လူမရှိပါဘူး။ လူတစ်ဖက်သားအတွက် ကိုယ်မသိနိုင်တဲ့အချို့အခြေအနေတွေကို ဖြည့်တွေးပေးတတ်ဖို့လိုပါတယ်။

လုံးဝကို တဖက်သားဘက်လှည့်မကြည့်တတ်တဲ့လူမျိုး ကြုံဖူးလား။ ကိုယ့်အတွက်၊ ကိုယ့်ကောင်းကျိုး၊ ကိုယ်အဆင်ပြေဖို့ကလွဲရင် တခြားလူရဲ့အခက်အခဲ၊ အကြပ်အတည်းနဲ့ တခြားလူရဲ့တဖက်မှာ ဘာဖြစ်နေသလဲဆိုတာကို မသိတတ်တဲ့လူမျိုးတွေကို ဘဝမှာရှင်သန်တဲ့အခါ အများကြီး ကြုံရမှာပါ။ တနည်းအားဖြင့် တကိုယ်ကောင်းဆန်တတ်တဲ့အပြင် တဖက်စောင်းနင်းလုပ်တတ်တဲ့လူတွေပေါ့။


ကိုယ်မှားသွားရင်သာ ကိုယ့်အမှားကိုခွင့်လွှတ်တတ်စေချင်ပေမယ့် သူတပါးမှားသွားရင်တော့ လက်ညိုးတထိုးထိုးနဲ့ သူတပါးအမှားကျ အကြီးအကျယ်ဖောင်ဖွဲ့ပြောချင်သူတွေပါ။ ကိုယ့်ဘက်ကအခက်အခဲရှိရင်တော့ တဖက်လူကို နားလည်ပေးစေချင်တတ်ပြီး တဖက်လူရဲ့အခက်အခဲကျပြန်တော့ လုံးဝကို ထည့်မတွေးတတ်တဲ့လူတွေပါ။
တကယ်တော့ လောကမှာ ပြီးပြည့်စုံတဲ့လူ အမြဲမှန်ကန်နေတဲ့လူဆိုတာမရှိပါဘူး။ ဘုရားတောင်မှ ပါရမီဖြည့်နေဆဲဘဝတွေမှာ အမှားတွေလုပ်မိခဲ့ဖူးသေးတာပါပဲ။ အဲဒီ့အတွက် လူသားတွေမှာ အမှားတွေရှိနေတာလည်း မဆန်းပါဘူး။ တမင်ရည်ရွယ်ပြီးဖြစ်စေချင်လို့ လုပ်လိုက်တဲ့အမှားနဲ့ မရည်ရွယ်ဘဲလုပ်လိုက်တဲ့အမှားရယ်လို့ပဲရှိမှာပါ။ တမင်မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့အမှားမျိုးဖြစ်လာတဲ့အခါမှာတော့ “ငါသာ သူ့နေရာမှာဆိုလည်း မတော်တဆဖြစ်မိမှာပဲ” ဆိုတဲ့စိတ်နဲ့ ဖြေရှင်းနားလည်ပေးလိုက်ကြရတာပါပဲ။ ဒါမှသာ အေးချမ်းတဲ့လူ့အဖွဲ့အစည်းဖြစ်နိုင်မှာပါ။

တဖက်သားဘက်ကနေ ဖြည့်တွေးပေးတတ်ခြင်းဆိုတဲ့အသိဥာဏ်က ကျောင်းသင်ခန်းစာဖတ်စာထဲမှာ မပါပေမယ့် လူမှန်ရင် အသိစိတ်၊ နှလုံးသားကနေ နားလည်ပေးရမယ့်စိတ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဘွဲ့တွေအများကြိးရထားတိုင်း သင်တန်းတွေအများကြီးတက်ထားတိုင်းလည်း ဖြည့်တွေးပေးတတ်တဲ့စိတ်ရှိနေမယ်လို့ မျှော်လင့်လို့မရနိုင်ပါဘူး။ လွန်ခဲ့တဲ့ရက်က ပိုစ့်တစ်ခုဖတ်လိုက်မိပါတယ်။ တိုက်ခန်းအပေါ်ထပ်က ကလေးငယ်လေးဟာ အမြဲတဒုန်းဒုန်းနဲ့ ပြေးလွှားဆော့ကစားပါတယ်တဲ့။ အောက်ထပ်အခန်းကလူက လန့်လန့်နိုးရတာမို့ ကလေးကို ပညာပေးချင်စိတ်နဲ့ ဒယ်အိုးတစ်ခုထဲ ဇွန်းတွေကို ထည့်လှော်ပြီး တမင်ကို အသံမြည်အောင်လုပ်ပါတော့တယ်။ (အသေးစိတ်တော့မမှတ်မိလို့ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်) အဲဒီ့အခါကျမှ ကလေးရှိတဲ့အခန်းက လူကြီးတွေက ကလေးကိုမာန်သလိုနဲ့ အောက်ထပ်က ဆူညံတာကို စောင်းမြောင်းပြောဆိုရင်း နောက်နေ့လည်း ကလေးကို ပြေးလွှားဆော့ကစားတာမျိုး မလုပ်တော့ဘူးလို့့ရေးထားတဲ့ပိုစ့်လေးပါ။ အဓိကက ဖြည့်တွေးတတ်တဲ့စိတ်လေးလိုအပ်နေတယ်လို့ထင်ပါတယ်။ ရန်ကုန်မြိုလို လူဦးရေထူထဲကြပ်တည်း တိုက်ခန်းအလွှာတွေနဲ့နေထိုင်ရတဲ့လူနေမှုမှာဆိုရင် ပိုပြီးတော့တောင် တစ်ဦးကိုတစ်ဦး ဖြည့်တွေးနားလည်ပေးတတ်တဲ့စိတ်က လိုအပ်ပါသေးတယ်။

တိုက်ခန်းထဲမှာသာ နေရပြီး မြေကြီးနဲ့မထိရတဲ့ကလေးငယ်အတွက် တိုက်ခန်းထဲမှာ ကလေးသဘာဝပြေးလွှားဆော့ကစားခြင်းဟာလည်း အောက်ထပ်ကလူအတွက် နားလည်ပေးရမယ့် ၊ “အော်....ကလေးပဲလေ....ငါတို့ကလေးတုန်းကမှ မြေကြီးပေါ်ဆော့လို့ရသေး၊ ခုခေတ်ကလေးတွေသနားပါတယ်၊ တိုက်ခန်းနဲ့ဆိုတော့ တိုက်ခန်းထဲမှာပဲ ပြေးဆော့ရတာပေါ့” ဆိုတဲ့စိတ်လေးနဲ့ ဖြည့်တွေးကြည့်လို့့ရပါတယ်။ အမြဲတမ်းဖြည့်တွေးပေးနေရမယ်လို့ ဆိုလိုချင်တာမဟုတ်ပါဘူးနော်. တခါတရံဖြစ်တတ်တာလေးတွေဆိုရင်တော့ အထက်ကလို ဖြည့်တွေးပေးလိုက်တာနှစ်ဥိးနှစ်ဖက်အဆင်ပြေစေနိုင်ပါတယ်။ အမြဲတမ်းဖြစ်လာပြီဆိုရင်တော့ တဖက်က အပေါ်ထပ် ကလေးပြေးလွှားတဲ့အခန်းကလူကြီးတွေအနေနဲ့လည်း အမြဲတမ်းခုန်ပေါက်တာမျိုးမလုပ်မိဖို့ ကလေးကိုထိန်းပြီး အောက်ထပ်ကလူတွေဘက်ကနေ ပြန်ပြီးဖြည့်တွေးပေးသင့်ပါတယ်။ “ငါတို့ကလေးကြောင့် တခြားအခန်းကလူတွေ အနှောင့်အယှက်များဖြစ်သွားမလား၊ အားနာစရာဖြစ်နေမလား။ အခန်းရှင်ကို ရှင်းပြပြောပြထားလိုက်အုံးမှပဲ” ဆိုတာမျိုးနဲ့ တဖက်ကို ပြန်ပြီး တောင်းပန်တာမျိုး၊ အားနာမိကြောင်းသိစေတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အဲဒါဆိုရင် နှစ်ဦးနှစ်ဖက်အပြန်အလှန် ဖြည့်တွေးပေးလိုက်ခြင်းအားဖြင့် အဆင်ပြေတဲ့လူနေမှုပတ်ဝန်းကျင်ဖြစ်သွားစေမှာပါ။

အဲဒါကြောင့် တစ်ဦးကို တစ်ဦးဖြည့်တွေးပေးတတ်ခြင်းဟာ လူအများနဲ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာဆိုရင် ကျောင်းသင်ခန်းစာမှာ မပါပေမယ့် လူသားတစ်ယောက်အနေနဲ့လိုကိုလိုအပ်ပါတယ်။ တဖက်လူရဲ့အခြေအနေကို ကိုယ်မတွေးမိဘဲ အပြစ်တင်မိတော့မယ်ဆိုရင်”အော်....ငါဘက်ကသာ ဒီလိုထင်ပြီးစိတ်ဆိုးနေပေမယ့် သူ့ဘက်က ဘာများဖြစ်နေလဲမှမသိတာ၊ ဘယ်လိုအခြေအနေရှိလဲမှမသိတာ”ဆိုပြီး ပြန်တွေးကြည့်လိုက်ရင် ကိုယ်တိုင်လည်းဖြေသာသွားစေပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ်ဖြစ်စေချင်တာပဲသိပြီး တဖက်လူရဲ့အခြေအနေကိုလည်း လုံးဝနားမလည်ပေးနိုင်ဘူးဆိုရင်တော့ အချိန်တစ်ခုအရောက်မှာ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဘယ်သူမှကိုယ့်အတွက်ရှိနေပေးမှာမဟုတ်တော့ပါဘူး။ တနည်းအားဖြင့်တော့ လူတိုင်းက မပတ်သက်ချင်လို့ရှောင်သွားတဲ့လူမျိုးဖြစ်နေမှာပါပဲ။ ကိုယ်တိုင်လည်း ကိုယ့်အတွေးနဲ့ကိုယ်ပူလောင်နေတတ်ပါတယ်။ အဲဒီလို ကိုယ်ဖြစ်ချင်တာပဲသိတဲ့လူမျိုးတွေဟာ လူအများကြီးကြားထဲရောက်နေရင်တောင် အကြောင်းသိသါားတဲ့အခါ တစ်ယောက်တည်းငေါင်စင်းစင်းနဲ့ ဘယ်သူကမှမပတ်သက်ချင်တော့ဘဲ ဖယ်ကျဥ်ခံထားရတဲ့လူမျိုးဖြစ်လာနိုင်ပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံပြိး အမြဲမှန်ကန်နေတာမျိုး မရှိနိုင်တာကြောင့် ကိုယ့်အမှားအလှည့်ကျရင်လည်းတောင်းပန်လိုက်၊ သူတပါးရဲ့မရည်ရွယ်တဲ့အမှားကျရင်လည်း ဖြည့်တွေးနားလည်ပေးလိုက်ခြင်းအားဖြင့် ပျော်စရာကောင်းတဲ့လူမှုပတ်ဝန်းကျင်ဖြစ်နိုင်ပါစေလို့တွေးမိသလောက်ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။