အရည်အချင်းလား ၊ ကြိုးစားမှုလား … ဘယ်ဟာကပိုအရေးကြီးသလဲ

လူတစ်ယောက် ဘဝမှာ အဓိကလိုအပ်ချက်က ဘာလဲ…..လို့တွေးဖူးကြမယ်ထင်ပါတယ်။ ဘဝအတွက်ရုန်းကန်ရတဲ့အချိန်မှာ လူတိုင်းနီးပါးပြောဖူးတာက ငွေရှိရင်အားလုံးအဆင်ပြေတယ်ဆိုတဲ့စကားပါပဲ။ ငွေကတကယ်တော့ အရေးကြီးပါသလား။ ဘဝမှာငွေကအရေးပါသင့်သလောက်တော့ ပါပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းတပ်မက်ပြီး လိုချင်စိတ်တွေများလာပြီဆိုရင်တော့ ဘဝက လမ်းကြောင်းမှားဖို့များလာပါပြီ။ ငွေကိုသာ ရရင်ပြီးကော ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငွေသာအရေးကြီးဆုံး၊ ငွေကိုသာရအောင်ရှာမယ်ဆိုရင် လူတစ်ယောက်ရဲ့ဘဝပျက်ဖို့ အနီးဆုံးဖြစ်နေပါပြီ။


လောကမှာ ကိုယ်စိုက်ပျိုးသလောက်သာ ကိုယ်ပြန်ရတတ်ပါတယ်။ တင်းတိမ်ရောင့်ရဲတတ်ဖို့ကလည်း အရေးကြီးတဲ့အထဲမှာ ပါပါတယ်။ တင်းတိမ်ရောင့်ရဲခြင်းမရှိတဲ့အခါ လောဘများလာမှာပါ။ လောဘများလာတဲ့အခါ ငွေရဖို့ကလွဲပြီး သူများဘဝတွေပျက်ချင်ရင်ပျက်ပါစေ ကိုယ့်ဘဝကောင်းစားဖို့သာအရေးကြီးပါတယ်ဆိုတဲ့သူတွေများလာမှာပါ။ ကိုယ့်ဘဝလည်းပျက်ရင်ပျက်ပါစေ….ငွေကောင်းကောင်းသုံးဖို့သာအရေးကြီးတယ်ဆိုတဲ့သူတွေလည်းများလာမှာပါ။
ဟုတ်ပါပြီ….အဲဒါဆိုရင် ငွေက အရေးမကြီးဘူးသာပြောတယ် ငွေကိုတော့ မသေမချင်းရှာနေတုန်း၊ ငွေနောက်လိုက်နေရတုန်းပဲမဟုတ်လားလို့ ပြောစရာရှိပါတယ်။ မှန်ပါတယ်….ဒါပေမယ့် ငွေနောက်ကို လိုက်သင့်သလောက်လိုက်ပါ။ အရည်အချင်းကို အသုံးပြုပါ။ အရည်အချင်းရှိတဲ့လူတစ်ယောက်အဖို့ ငွေကို အသည်းအသန်တပ်မက်နေစရာမလိုပါဘူး။ အရည်အချင်းရှိရာကိုသာ ငွေလိုက်လာပါလိမ့်မယ်။ မိန်းကလေးတွေကော ယောကျာ်းလေးတွေကိုကော အားလုံးအတွက် ဒီစကားက အကျုံးဝင်ပါတယ်နော်။ ဟုတ်ပါပြီ အရည်အချင်းနဲ့ထက်မြက်လာဖို့ ဘာလုပ်ရမလဲဆိုတော့ ကြိုးစားရပါလိမ့်မယ်။ မဆုတ်မနစ် ကြိုးစားရပါလိမ့်မယ်။ ပုံမှန်အလုပ်တစ်ခုလုပ်နေရင်းနဲ့ ဒီထက်မြင့်တဲ့ရာထူးနေရာတစ်ခုရောက်ဖို့ ထိုရာထူးအတွက်လိုအပ်တဲ့အရည်အချင်းတွေလိုပါမယ်၊ အဲဒီ့အရည်အချင်းရဖို့ သင်တန်းတွေထပ်တက်မယ်၊ ကိုယ့်ရဲ့တစ်နေ့တာအချိန်ကို အကျိုးရှိစွာ အသုံးချမယ်၊ ဒီသင်တန်းတစ်ခုနဲ့မလုံလောက်တဲ့အခါ နောက်သင်တန်းတစ်ခု ထပ်တက်မယ်၊ အချိန်ကို ကောင်းမွန်စွာစီမံခန့်ခွဲပြီး ကိုယ့်ဘဝအတွက် အရည်အချင်းတွေတိုးတက်လာဖို့ ကြိုးစားရပါမယ်။ အလားတူပါပဲ….အလုပ်ခွင်မှာမှမဟုတ်ပါဘူး၊ အခြားသောအရည်အချင်းတွေလည်း တိုးတက်အောင် ကြိုးစားရပါမယ်။ ဘာအရည်အချင်းမှမရှိဘူးလို့ ကိုယ်ထင်ထားတဲ့သူတစ်ယောက်က ကြိုးစားချင်စိတ်သာ ရှိပြီး တကယ်ရေကုန်ရေခမ်းကြိုးစားမယ်ဆိုရင် အချိန်ကာလတစ်ခုအရောက်မှာ အရင်နဲ့မတူတဲ့အခြေအနေတစ်ခုဖြစ်လာတာကို သင်မြင်ရမှာပါ။ အဲဒါကြောင့် အရည်အချင်းနဲ့ပြည်ဝဖို့ ကြိုးစားပါ၊ အရည်အချင်းရှိလာတဲ့နောက် ငွေက နောက်ကနေလိုက်လာပါလိမ့်မယ်။ ကြိုးစားမှုရှိရင် ဘုရားတောင်ဖြစ်နိုင်တယ်…ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်ကြိုးစားမယ်ဆိုရင် မဖြစ်နိုင်တာမရှိပါဘူး။
လူငယ်တွေ ကိုယ့်ရဲ့အရည်အချင်း (အသက်မွေးဝမ်းကျောင်းပညာသင်မယ်၊ သင်တန်းတွေတက်မယ်၊ ကိုယ့်ရဲ့ခုလက်ရှိ အဆင့်ကနေ နောက်ထပ် တိုးတက်နိုင်မယ် နည်းလမ်းမှန်နဲ့ကြိုးစားမယ်၊) နည်းမှန်လမ်းမှန်နဲ့ မဆုတ်မနစ်ကြိုးစားမယ်ဆိုရင် အချိန်တစ်ခုရောက်လာတဲ့အခါ ကိုယ်ပိုင်အရည်အချင်းဆိုတာ ဘယ်သူမှခိုးယူလို့မရပါဘူး။ အဲဒါအပြင် အရည်အချင်းနဲ့ပြည့်ဝလာတဲ့အခါ ငွေက နောက်ကနေလိုက်လာစမြဲပါ။ နည်းလမ်းမှန်စွာ ကြိုးစားမှုကြောင့်ရလာတဲ့ငွေကြေးက ပိုပြီးတန်ဖိုးရှိသလို၊ ပိုပြီးလည်း ကြာရှည်မြဲမြံပါတယ်။ ကိုယ့်လိပ်ပြာလည်း ကိုယ်လုံပါတယ်။ လူရာဝင် ပွဲလယ်တင့်ပါတယ်။ အဲဒါကြောင့် ကိုယ်ပိုင်အရည်အချင်းနဲ့ပြည့်ဝအောင် ကြိုးစားပါ။ ကိုယ်တိုင်ဘာမှမတတ်ပါဘူး….ဆိုတာက ကိစ္စမရှိပါဘူး၊ တတ်အောင်ကြိုးစားချင်စိတ်ရှိဖို့ပဲ လိုပါတယ်။ ဘာမှမတတ်ပေမယ့် တတ်အောင်ကြိုးစားချင်စိတ်ရှိမယ်ဆိုရင် မရရတဲ့နေရာကနေ လိုချင်တဲ့ပညာကို ရအောင်သင်ယူမှာပါ။ အဲဒီ့အခါမှာ အချိန်တစ်ခုရောက်တဲ့အခါ အရည်အချင်းနဲ့ပြည့်ဝလာပါလိမ့်မယ်။ ကိုယ့်မှာတော့ ဘာတွေတတ်တယ်၊ ဘာလက်မှတ်တွေရှိတယ်ဆိုပြီး ဘာမှမလုပ်ဘဲနေရင်တော့ ရှိပြီးသားအရည်အချင်းတွေတောင် ပျောက်ကုန်မှာပါ။ ဘာအရည်အချင်းမှမရှိသေးပေမယ့် ကိုယ့်ရဲ့စိတ်ပါဝင်စားမှုကို သေချာသိနားလည်ပြီး သေချာတစိုက်မတ်မတ်ကြိုးစားမယ်ဆိုရင် တဖြေးဖြေးချင်း ဝင်ငွေလည်းတိုးပွားလာမှာဖြစ်သလို အရည်အချင်းကလည်း တိုးတက်လာမှာပါပဲ။ အဲဒါကြောင့် အရည်အချင်းထက် ကြိုးစားနေဖို့က ပိုပြီးအရေးကြီးပါတယ်။ ကြိုးစားတတ်တဲ့သူက အရည်အချင်းလည်း ထက်မြက်လာမှာအမှန်ပါပဲ။ လူငယ်များအားလုံး ကိုယ်ပိုင်အရည်အချင်းနဲ့ ထက်မြက်အောင်ကြိုးစားနိုင်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။