အရက်စွဲခြင်းကြောင့် ဖြစ်လာနိုင်သောဆိုးကျိုးများ

ဒီနေ့ခေတ်မှာ social drinking ဆိုတဲ့အသုံးအနှုန်းက ပေါများစွာသုံးလာကြပါတယ်။ လူမှုရေးအရ ဘီယာသောက်ခြင်း၊ အရက်သောက်ခြင်းက သိပ်ပြီး ကိစ္စမရှိပေမယ့် မိုးလင်းကတည်းက အရက်သောက်ဖို့တွေးနေပြီဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဘီယာလောက်သောက်တာ အရက်သောက်တာမှမဟုတ်တာဆိုတဲ့ အတွေးအခေါ်တွေနဲ့ ဘီယာကို အအေးဘူးဖောက်သောက်သလို ခွန်အားဖြည့်အချိုရည်သောက်သလို သောက်ချင်စိတ်ပေါ်လာတိုင်းသောက်မယ်ဆိုရင်တော့ အဲဒါဟာ ရေရှည်အတွက် ပြဿာနာအကြီးကြီးဖြစ်သွားပါပြီ။


၁) ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။
အရက်စွဲလာတဲ့အခါ မိုးလင်းက မိုးချုပ်အရက်သောက်ရဖို့သာ လုံးပန်းပါတော့တယ်။ လူမှုရေး၊ စီးပွားရေး၊ မိသားစုအရေး ဘာဆိုဘာမှ စိတ်မဝင်စားနိုင်တော့ပါဘူး။ အချိန်မှန်အရက်သောက်ဖို့သာ စိတ်ဝင်စားပါတော့တယ်။ အချိန်တန် အရက်သောက်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့တဲ့အတွက်ကြောင့် အရက်သောက်ဖို့သာအာရုံစိုက်ပါတယ်။ အရက်သောက်ဖို့အတွက် လက်ထဲငွေမရှိတဲ့အခါ လွယ်လွယ်ရရင်တောင်းဖို့တွေးပါတယ်။ လွယ်လွယ်မရတဲ့အခါ အိမ်မှာ ရနိုင်တာတွေစဉ်းစားပါလိမ့်မယ်၊ မိမိအိမ်မှာ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့နည်းနဲ့ အရက်သောက်ဖို့ ကြိုးစားပါလိမ့်မယ်။ မရတဲ့အဆုံး ခိုးတာ၊ ဝှက်တာမျိုးအထိပါ လုပ်လာနိုင်ပါတယ်။
၂) မိသားစုကိုထိခိုက်ပါတယ်။
မိသားစုရဲ့ ကြီးပွားတိုးတက်ရေး၊ အိမ်တွင်းရေးအဆင်ပြေရေး၊ ငွေကြေးအဆင်ပြေရေး ဘာဆိုဘာမှ မစဉ်းစားမတွေးခေါ်နိုင်တော့ပါဘူး။ အိမ်ထောင်ဦးစီးတစ်ယောက်ဆိုရင်လည်း အိမ်ထောင်ဦးစီးမပီသနိုင်တော့ပါဘူး။ ကိုယ်စွမ်းကိုယ်စတွေ လုံးဝကျဆင်းသွားပါတော့တယ်။ အိမ်ရဲ့ငွေကြေးအဆင်ပြေမပြေ မသိချင်ကြတော့ပါဘူး။ အချိန်တန်အရက်သောက်ဖို့လောက်သာ ဦးနှောက်ထဲမှာ တွေးနေပါတော့တယ်။ အဲဒါကြောင့်မိသားစုမှာ ငွေကြေးအရထိခိုက်နိုင်သလို လူမှုရေးမှာလည်း စိတ်ညစ်လာရနိုင်ပါတယ်။ စာရေးသူမြင်ဖူးတဲ့ ဦးလေးတစ်ယောက်ဆိုရင် အိမ်မှာ အရက်သောက်ဖို့ ငွေရစရာရှိရင်ရှိ၊ မရှိရင် အိမ်က သားသမီး၊ မိန်းမ၊ စသည်ဖြင့် ရှိသမျှလူတွေဆီက ငွေကို ခိုးယူပါတယ်။ ခိုးယူလို့မရတဲ့အခါကျရင် အိမ်ရှေ့မှာ မတ်တပ်ရပ်နေပြီး လာသမျှလူဆီက အရက်ဖိုးတောင်းတဲ့အထိ အခြေအနေဆိုးဝါးသွားပါတော့တယ်။
မိသားစုကလည်း သူ့ကြောင့် အရှက်ရပေမယ့်လည်း ဘာမှမတတ်နိုင်ကြတော့ပါဘူး။ မိသားစုမှာလည်း အိမ်ထောင်ဦးစီးဖြစ်သူက အိမ်ရဲ့စီးပွားရေးကို ဦးမဆောင်နိုင်တဲ့အတွက် ငွေးကြေးချို့တဲ့လာပါတယ်။ သားသမီးများကိုလည် းကောင်းမွန်စွာ မပြုစုမပျိုးထောင်နိုင်တော့ပါဘူး။ အဲဒါအပြင် သားသမီးတွေကလည်း အဖေဖြစ်သူအပေါ် မလေးစားတာမျိုး၊ အရိုသေတန့်သွားတာမျိုးလည်း ဖြစ်လာပါတော့တယ်။ အဖေဖြစ်သူရဲ့ဝင်ငွေမရှိတဲ့အတွက် အမေဖြစ်သူကလည်း ဝင်ငွေကိုသာအာရုံစိုက်နေရပါတယ်။ အဲဒါကြောင့် သားသမီးကို သေချာမပြုစုမပျိုးထောင်နိုင်တော့ပါဘူး။ အဲဒီ့အခါ သားသမီးတွေရဲ့ ပညာရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားလုံးလစ်ဟာမှုတွေဖြစ်လာနိုင်ပါတယ်။
အဲဒါအပြင် အရက်သောက်ပြီး သွေးဆိုးတဲ့အိမ်ထောင်ဦးစီးမျိုးရှိတဲ့အိမ်ဆိုရင်တော့ အိမ်တွင်းအကြမ်းဖက်မှုတွေပါ ဖြစ်လာနိုင်ပါသေးတယ်။ သာမန်အချိန်မှာဆိုရင် ဇနီးကိုလက်နဲ့တောင်ရွယ်မှာမဟုတ်ပေမယ့် အရက်တန်ခိုးနဲ့ သွေးဆိုးနေတဲ့အိမ်ထောင်ဦးစီးကြောင်း လင်မယားရန်ဖြစ်စကားများတာမျိုး၊ ဇနီးကို လင်ယောကျာ်းက ရိုက်နှိက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ထိုကဲ့သို့ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုကို မြင်လိုက်ရမယ့် သားသမီးတွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာနိုင်သလို အတုယူမှားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ သားသမီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။
လူလွတ်တစ်ယောက်က အရက်စွဲနေတဲ့အခါမှာလည်း အလားတူပြဿနာမျိုးကို သူ့ရဲ့မိဘ၊ မောင်နှမ၊ပတ်ဝန်းကျင်ကကြုံလာနိုင်ပါတယ်။ ရည်မှန်းချက်တွေကို မတည်ဆောက်နိုင်တော့တာမျိုး၊ ကိုယ်ရည်ကိုယ်သွေးကျလာတာမျိုး၊ ဆုံးဖြတ်ချနိုင်စွမ်းမရှိတော့ဘဲ ဉာဏ်ရည်ကို ပြည့်ဝစွာ အသုံးမချိနိုင်တဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။
၃) ကာယကံရှင်ကို ကျန်းမာရေးအရဆိုးရွားစွာထိခိုက်ပါတယ်။
အရက်ကို စွဲလမ်းလာတဲ့အခါ အချိန်ရှိတိုင်းအရက်သောက်ဖို့သာ တွေးလာပါတော့တယ်။ ရေသောက်သလို သောက်တဲ့အရက်သောက်သူမျိုးကို မြင်ဖူးပါတယ်။ နောက်ဆုံးမှာ နိဂုံးမလှတာများပါတယ်။ အရက်ကို စွဲလမ်းစွာသောက်သုံးလာတဲ့အခါ အသည်းကို ထိခိုက်နိုင်ပါတယ်။ အရက်ကိုအလွန်အကျွံသောက်သုံးသူတွေမှာ အသည်းအဆီဖုံးလာပါတယ်။ အသည်းရောင်ခြင်းနဲ့ အသည်းခြောက်ခြင်း စတဲ့ရောဂါတွေအပြင် အရက်နဲ့ဆက်စပ်နေတဲ့အသည်းရောဂါတွေ၊ အခြားသောရောဂါတွေဖြစ်လာနိုင်ပါသေးတယ်။
၄) မလုပ်သင့်တာတွေကို လုပ်မိတတ်ပါတယ်။
အရက်သောက်ထားချိန်တွင် လူတို့သည် ဆုံးဖြတ်ချက်များကို မှန်ကန်စွာမချတတ်တော့ကြောင့် အသိပြန်လည်ဝင်လာတဲ့အခါ နောင်တရစာမျိုးအကြောင်းအရာတွေကို လုပ်မိတတ်ကြပါတယ်။ မပြောသင့်တဲ့စကားတွေကို ပြောမိတတ်ကြပါတယ်။ ကိုယ်ရဲ့ ဂုဏ်သိက္ခာကိုထိခိုက်နိုင်တဲ့ အပြုအမူတွေကို မစဉ်းစားမဆင်ခြင်နိုင်ဘဲလုပ်တတ်ကြပါတယ်။
နိုးလာတော့မှ သတိရတော့မှ နောင်တကြီးစွာရရတတ်ကြပါတယ်။ ထိုကဲ့သို့ ကြီးကြီးမားမားမဟုတ်ရင်တောင် နောက်နေ့ ရှက်စရာကြီးဖြစ်ပြီး အခြားသူတွေကို မျက်နှာမပြရဲလောက်အောင်မျိုးလောက်တော့ အရက်သောက်ဖူးသူတော်တော်များများဖြစ်တတ်ကြပါသေးတယ်။
အဲဒါကြောင့် ဒီနေ့ခေတ်မှာ social drinking ဆိုတာ နားလည်ပေးလို့ရပေမယ့် အရက်ကို လွန်ကျွံစွာ သောက်သုံးဖို့ လမ်းကြောင်းပေးသလိုဖြစ်နေတာမျိုးကိုတော့ မဖြစ်သင့်ဘူးလို့ထင်မိပါတယ်။
လူငယ်တွေကြားမှာ social drinking ကိုအကာအကွယ်လုပ်ပြီး အရက်ကို စွဲတဲ့အဆင့်ထိရောက်သွားမှာမျိုး မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာစေတာမို့ အရက်စွဲခြင်းကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ရေးသားဖော်ပြလိုက်ပါတယ်။
အားလုံးပဲ ဆင်ခြင်နိုင်ကြပါစေနော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။