အသည်းကွဲချိန်မှာ သင်ပြန်တွေးသင့်တဲ့အရာများ

လောကမှာ လူတိုင်းနီးပါး အချစ်နဲ့မကင်းကြသလို၊ အသည်းလည်း ကွဲဖူးကြတာချည်းပါပဲ။ လူတစ်ယောက်နဲ့ လူတစ်ယောက် ချစ်မိသွားတဲ့အခါ အခြားသောအချက်တွေကိုသိပ်မတွေးမိတတ်ကြတဲ့အတွက် အချစ်မှာ မျက်စိမပါဘူးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် ချစ်စိတ်အနည်ထိုင်သွားတဲ့အချိန်မှာတော့ ကျန်တဲ့အတွေးတွေ ဝင်လာပါတယ်။ အဲဒီ့အခါမှာ ကျန်တဲ့အတွေးတွေကနေတဆင့် အကျင့်စရိုက်တွေ၊ အပြုအမူတွေ၊ စရိုက်ဓလေ့တွေ၊ နေထိုင်မှုပုံစံတွေ၊ စကားအပြောအဆိုတွေ စသဖြင့် အများကြီးစဉ်းစားတတ်လာရာကနေ ကိုယ်နဲ့ မအပ်စက်နိုင်တဲ့ ပုံစံမျိုးလို့ မြင်လာတဲ့အခါ လမ်းခွဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ချစ်သူကနေ အချစ်သစ်တွေ့သွားလို့ ကိုယ့်ကိုထားခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ်ချစ်သူနဲ့ကိုယ်လမ်းခွဲလို့ ကိုယ်က အသည်းကွဲရတဲ့အခါ သင်ပြန်တွေးသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာလေးတွေပြန်တွေးလိုက်တဲ့အခါ သင့်ရဲ့ချစ်သူပြစ်ထားခဲ့ခြင်းဆိုပြီး နာကျင်နေတဲ့နာကျင်မှုတွေသက်သာဖို့အထောက်အကူဖြစ်စေမှာပါ။


၁) သင်နဲ့ တစ်ဘဝလုံး လက်တွဲလို့ဖြစ်နိုင်ရဲ့လား။
သင့်ကိုမချစ်လို့ပဲ ပစ်ထားခဲ့တာမဟုတ်ဘူးလား ဒါမှမဟုတ် သင်နဲ့ရှေ့ဆက်လို့မဖြစ်ဘူးလို့ တွေးလို့ပဲ သင့်ကိုထားခဲ့တာမဟုတ်ဘူးလား။ အလားတူအတွေးမျိုးရှိနေလို့သာ သင့်ကိုထားခဲ့တာပါ။ သင့်ကိုချစ်ရက်နဲ့ ထားခဲ့ရပါတယ်…..ဆိုအုံး အကြောင်းရင်းက သင်နဲ့ရှေ့ဆက်လက်တွဲလို့မဖြစ်နိုင်လို့ပါပဲ။ အဲဒီလို ရှေ့ဆက်ပြီး ဘဝတစ်ခုလုံးလက်တွဲလို့မဖြစ်နိုင်တဲ့လူကို ယိုင်နဲ့နဲ့ ဆက်ဆံရေးနဲ့ ရှေ့ဆက်နေလို့ အချိန်ကုန်တာသာ ရှိမှာပါ။ ဘယ်လိုမှ ဘဝတစ်ခုလုံးလက်တွဲလိုမဖြစ်နိုင်လောက်ပါဘူး။ ဒါမှမဟုတ် မဖြစ်မနေ ရအောင် လက်တွဲလိုက်မယ့်ဆိုရင်တောင် အိမ်ထောင်ရေးအဆင်မပြေခြင်း ဒါမှမဟုတ် အိမ်ထောင်ရေးပြိုကွဲရခြင်းဆိုတဲ့အခြေအနေမျိုးထိ ဖြစ်လာရင် ပိုပြီး အခြေအနေမဆိုးဝါးနိုင်ဘူးလား။ အဲဒါကြောင့် သင့်ကိုထားခဲ့မှတော့ သင်နဲ့တစ်ဘဝလုံး လက်တွဲလို့မဖြစ်နိုင်လို့ပါ။ တစ်ဘဝလုံးလက်တွဲဖို့မဖြစ်နိုင်မယ့်အတူတူ စောစောလမ်းခွဲလိုက်တာက ပိုကောင်းပါတယ်။

၂) အဆိုးထဲက အကောင်းပါ။
နံပါတ်တစ်အချက်မဖြစ်နိုင်တဲ့အတွက် နာကျင်ရပေမယ့် အဆိုးထဲက အကောင်းပါ။ ယိုင်နဲ့နဲ့ဆက်ဆံရေးကို ဖြတ်တောက်လိုက်ခြင်းအတွက် နာကျင်ရပေမယ့် ခပ်မြန်မြန်အနာသက်သာစေပါတယ်။ ဇာတ်မြောကြီးဘဝနဲ့ ကိုယ့်ဘဝရဲ့တိုးတက်လမ်းတွေအတွက် တွေဝေနေရခြင်းကနေ လွတ်မြောက်သွားနိုင်ပါတယ်။ အချစ်က လူကို တွေဝေမိန်းမောစေပါတယ်။ ချစ်တာကိုအကြောင်းပြပြီး ထိုအချစ်ကြောင့် အဆင်မပြေတဲ့အကြောင်းအရာတွေကို အမြဲတွေးပြီး စိတ်ဆင်းရဲတာ၊ စိတ်ရှုပ်တာ၊ စိတ်ညစ်ညူးတာတို့ဖြစ်နေတာနဲ့တင် ကိုယ့်ဘဝရဲ့တိုးတက်မှုလမ်းကြောင်းကို ရှာဖွေဖို့၊ ကြိုးစားဖို့နောက်ကျနေတတ်ပါတယ်။ အဲဒါကြောင့် ခုလို အရှုပ်ရှင်းရှင်းနဲ့ ကိုယ့်ဘဝရဲ့ နောက်တဆင့်တိုးတက်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်နိုင်ခြင်းက အဆိုးထဲက အကောင်းပါပဲ။ ခုချိန်ဆိုးတယ်လို့ခံစားရသမျှဟာ နောက်ထပ် ကောင်းဖို့ဖြစ်လာနိုင်ပါတယ်။

၃) ကိုယ့်ဘဝနဲ့အဆင်ပြေတဲ့သူတွေ့လာဖို့ပါ။
ဒီတစ်ယောက်နဲ့ပဲချစ်ကြိုက်ပြီး ဒီတစ်ယောက်နဲ့ပဲ လက်ထပ်ယူရမယ်လို့မဟုတ်သလို၊ မျက်နှာများ ချစ်သူများတိုင်းလည်း မကောင်းပါဘူး။ ဒါပေမယ့် ဒီတစ်ယောက်နဲ့အဆင်မပြေရင် အထူးသဖြင့် ကိုယ့်ဘဝတစ်ခုလုံးအတွက် လက်တွဲဖို့အဆင်မပြေနိုင်ရင် စောစောလမ်းခွဲပြတ်သားလိုက်တာက အကောင်းဆုံးပါပဲ။ ဒီတစ်ယောက်က ချစ်သူပဲဖြစ်နိုင်ပြီး အိမ်ထောင်ဖက်မဖြစ်နိုင်တဲ့အတွက် လမ်းခွဲလိုက်ရတယ်….ဒီလောက်ပါပဲ။ ကိုယ်နဲ့တစ်ဘဝလုံးစာ အဆင်ပြေတဲ့သူ နောက်ထပ်တွေ့လာနိုင်ပါသေးတယ်။

၄) ခံစားရသမျှဟာ အခိုက်အတန့်ပါပဲ။
လောကမှာဘယ်အရာမဆို မမြဲပါဘူး။ ခုနေ အသည်းအသန်ကြီးခံစားနေပေမယ့် နောင်တချိန်ပြန်တွေးရင် “အော်….ငါခံစားဖူးတာပါလား” ရယ်လို့တွေးမိရုံပါပဲ။ ဒီထက့်မပိုပါဘူး။ အဲဒါကြောင့် ဘယ်အရာမှ မမြဲတဲ့လောကကြီးမှာ ခုခံစားရသမျှဟာလည်း အခိုက်အတန့်ပဲဖြစ်မှာပါလို့တွေးကြည့်ပါ။ သင့်ကိုသင်ပြန်မြင်လာသလို ခံစားရတာ လျော့သွားပါလိမ့်မယ်။ ပြီးတော့လည်း ပြီးသွာမှာပါ။

၅) သင်နာကျင်သလောက် သူပျော်နေမယ်ဆိုရင်
သင့်မှာတော့ ထားခဲ့ခြင်းခံရလို့ နာကျင်နေမယ်၊ ဝမ်းနည်းနေမယ် စသဖြင့်ခံစားနေရတယ်ဆိုပါတော့ ။ ထားခဲ့တဲ့သူကတော့ သိချင်မှသိမှာပါ။ ဒါမှမဟုတ်လည်း သတိတောင်ရချင်မှရမှာပါ။ ဒါမှမဟုတ် သင့်နာကျင်မှုကို ဂရုတောင်မစိုက်ဘဲ သူ့ဟာသူပျော်ချင်ပျော်နေမှာပါနော်။ အဲဒီ့လိုတွေးကြည့်လိုက်ရင် သင့်နာကျင်မှုတွေလျော့သွားပါလိမ့်မယ်။

၆) မကောင်းတဲ့အကျင့်တွေရှိနေရင်
သူ့ရဲ့မကောင်းတဲ့အကျင့်တွေက သင်လက်ခံနိုင်လို့လား။ ဟင့်အင်း…အကုန်လက်ခံနိုင်တယ်ဆိုတာ ခုနေ ထူပူနေတုန်းမို့ပါ။ တကယ်တမ်းသွေးအေးသွားချိန်ကျရင် မျက်ဝါးထင်ထင်နဲ့မြင်လာပြီး အပြစ်ပြောဖြစ်ပါလိမ့်မယ်။ သင်နဲ့ထပ်တူမဖြစ်နိုင်သေးလို့ သင့်ကိုထားခဲ့တာပါ။ သင်နဲ့ ရာခိုင်နှုန်းအများဆုံး တူနိုင်မယ့်သူမျိုးကို သင်ထပ်တွေ့နိုင်ဖို့ အခွင့်အရေးရသွားတာပါပဲ။

အထက်ကအချက်တွေကို တွေးကြည့်မယ်ဆိုရင် သင်နာကျင်နေတာတွေ တစ်ဝက်လောက်လျှော့သွားလည်း မနည်းပါဘူးနော်။ ဘဝကတိုတိုလေးပါ။ မရနိုင်တာကို ထိုင်တွေးပူမနေပါနဲ့။ ရထားတဲ့အချိန်ကို ကောင်းကောင်းအသုံးချပြီး ပျော်ပျော်နေဖို့၊ အကောင်းဆုံးဘဝကိုရှေ့ဆက်ဖို့စဉ်းစားရအောင်ပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။