အဆုံးသတ်ကိုစတွေးပါ။

အဆုံးသတ်ကနေ စတွေးဖူးလား။ ဒီစကားက နည်းနည်းထူးဆန်းသလိုဖြစ်နေမှာပါ။ ဘယ်တော့မဆို အစကနေ စဉ်းစားနေကျတာ ထုံးစံလိုဖြစ်နေတော့ အဆုံးသတ်ကို စတွေးခိုင်းတာက အံ့သြစရာကြီးဖြစ်နေမှာပါ။ တကယ်လည်း အဆုံးသတ်ကနေ စစဉ်းစားခြင်းကနေ ရလာနိုင်တဲ့ရလဒ်က အံ့သြစရာကောင်းပါတယ်။


Stephen Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်ထဲမှာ “Begin with the end in mind.” ဆိုတဲ့စာသားလေးပါပါတယ်။ ဘယ်တော့မဆို အဆုံးသတ်ကစစဉ်းစားခိုင်းတာပါ။ ဘာလို့အဲဒီလိုစဉ်းစားခိုင်းတာပါလဲ။
တခါတလေကျရင် ကျွန်တော်တို့တွေက နေ့စဉ်စားဝတ်နေရေးနဲ့ နေ့စဉ်အဆင်ပြေဖို့သာ ရုန်းကန်ရင်း လုံးချာလည်လိုက်နေတတ်ကြပါတယ်။ ဘဝရဲ့နေ့ရက်တွေမှာ အဆင်ပြေအောင် ရုန်းကန်ရင်း ရုန်းကန်ရင်းနဲ့ပဲ ဘာအတွက်ရှင်သန်နေသလဲဆိုတာကိုတောင် မေ့သွားတတ်ကြပါတယ်။ အမှန်တော့ မေ့တယ်ဆိုတာထက် ခုလတ်တလော အဆင်ပြေဖို့သာ ဦးစားပေးလုပ်ကိုင်နေကြရင်း အသက်ရှင်ဖို့ ထမင်းစားနေတာလား၊ ထမင်းစားဖို့ အသက်ရှင်နေတာလားရယ်လို့ ပြန်တွေးမိတဲ့အခိုက်အတန့်မျိုး ရှိကြမှာပါ။

လှုပ်ရှားရုန်းကန်မှ စားဝတ်နေရေးအဆင်ပြေမယ့်ဘဝတွေအတွက် လုပ်ချင်တာထက် လုပ်သင့်တာတွေကိုဦးစားပေးလုပ်နေကြရပါတယ်။ ပျော်ရွှင်မှုမရှိ၊ အဓိပ္ပါယ်မရှိ၊ ဘာအတွက်ရှင်သန်နေရကောင်းမှန်းမသိတော့ဘဲ ထုံပေသားကျဖြစ်လာတတ်ပါတယ်။ အဲဒီလိုဖြစ်နေတဲ့အခါမှာ ဘဝက ဘာမှတိုးတက်မှုမရှိဘဲ အသက်ရှင်နေရသလိုခံစားလာရတတ်ပါတယ်။
နေ့စဉ်ရုန်းကန်မှုတွေနဲ့ချည်း ကျင်လည်နေရတဲ့ဘဝက အချိန်ကြာလာတဲ့အခါ ငြီးငွေ့စရာကောင်းလာတတ်ပါတယ်။ အဲဒီလိုမျိုးခံစားလာရတဲ့အခါ “တကယ်လို့များ ခုနေ သေသွားခဲ့ရင်……” “ဒီနေ့သာ ကိုယ့်ဘဝရဲ့နောက်ဆုံးရှင်သန်ရမယ့်နေ့ဖြစ်နေခဲ့ရင်…….” လို့တွေးကြည့်လိုက်ပါ။ ထိုအတွေးက အရမ်းကို ကြောက်စရာကောင်းနေပြီး သင့်ကို ထိတ်လန့်သွားစေပါလိမ့်မယ်။ အဲဒီအခါကျမှ သင်ဘာလုပ်သင့်သလဲဆိုတာ ဗြုန်းခနဲတွေးမိလာပါလိမ့်မယ်။ ခုလက်ရှိအချိန်ကိုကော ကောင်းကောင်းအသုံးချနေရဲ့လားလို့ ပြန်တွေးဖြစ်လာပါလိမ့်မယ်။ ခုလက်ရှိအချိန်မှာ တန်ဖိုးထားသင့်တဲ့အရာ၊ ခုလက်ရှိအချိန်မှာ အချိန်မီတုန်း လုပ်သင့်တာလေးတွေ၊ ခုလက်ရှိအချိန်မှာ သင်ဂရုစိုက်ရမယ့်လူတွေ၊ ခုလက်ရှိအချိန်မှာ သင်ချစ်ခင်သူတွေ၊ ခုလက်ရှိအချိန်မှာ သင်ရည်မှန်းထားတဲ့အရာတွေ စတဲ့စတဲ့အကြောင်းအရာပေါင်းစုံ သင့်ခေါင်းထဲတန်းစီပေါ်လာပါလိမ့်မယ်။ အဲဒီ့အခါကျမှ ဘာကိုအဓိက တန်ဖိုးထားသင့်သလဲဆိုတာကို သင်ကွက်ကွက်ကွင်းကွင်းကိုမြင်လာပါလိမ့်မယ်။ သင်မေ့ထားမိတဲ့အရာတွေကို သင်ပြန်သတိရလာပါလိမ့်မယ်။

အဲဒီလို သင့်ဘဝအတွက် အမှန်တကယ်လုပ်သင့်တာကိုမြင်လာတဲ့အခါမှာ ထိုအရာတွေအတွက် သင်ပြန်ပြီးအချိန်ပေးဖို့ကြိုးစားကြည့်ပါ။ နေ့စဉ်စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရင်းနဲ့ သင့်အတွက်တကယ်လုပ်သင့်လုပ်ထိုက်တဲ့၊ လုပ်ချင်တဲ့အရာတွေကို အချိန်လေး ဖဲ့ပေးပြီး လုပ်ဖြစ်သွားတယ်ဆိုရင် အမြတ်ပါပဲနော်။ ဥပမာ။ သင့်မိဘတွေကို လျစ်လျူရှုထားမိနေသလား။ အဲဒါဆိုရင် သူတို့အသက်ရှိတုန်း ပြန်ပြီးပြုစုပါ ၊ ဂရုစိုက်လိုက်ပါ။ သင့်အပေါ်အရမ်းကောင်းရှာတဲ့ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို သူ့အားနည်းချက်ပြစ်ချက်တွေချည်း ရှာပြီး မာန်မဲနေမိလား။ အဲဒါဆိုရင် အခုပဲ သင့်အပေါ်ကောင်းခဲ့တာတွေကိုတွေးလို့ ကျေးဇူးတင်ကြောင်း၊ ချစ်ခင်ကြောင်း ပြောပေးလိုက်ပါ။ သင့်အလုပ်တွေကိုချည်း မဲပြီးဖိလုပ်နေရင်း သင့်သားသမီးကို ကြင်နာဖို့ မေ့နေမိသလား၊ ခုပဲသင့်သားသမီးကို အချိန်ဖဲ့ပေးဖို့ ကိုယ့်ကိုကိုယ်သတိပေးလိုက်ပါ။ တကယ်အချိန်ပေးဖြစ်အောင် ပေးလိုက်ပါ။ သင့်အပေါ်မကောင်းတဲ့သူတွေအကြောင်းကိုချည်းတွေးပြီး သင့်ဘဝရဲ့နေ့ရက်တိုင်းကို နာကျင်မှုတွေနဲ့ဖြတ်သန်းနေမိလား။ အချိန်တွေနှမြောစရာကောင်းပါတယ်နော်။ ခုပဲ သင့်အပေါ်မကောင်းသူတွေကို မေ့ပစ်ပြီး သင့်အပေါ်ကောင်းတဲ့သူတွေနဲ့ပျော်ပျော်နေလိုက်ပါ။ သင်ဖြစ်ချင်တဲ့အလုပ်ကို မလုပ်ရဘဲ သင့်ဘဝကို စားဝတ်နေရေးထဲမှာပဲမြုပ်နှံထားရလား။ အဲဒါဆိုရင် ဒီနေ့ကစပြီး သင်ချစ်တဲ့အလုပ်ကို လုပ်ဖို့ စပြီး အချိန်သတ်မှတ်လိုက်ပါ။ တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ။

အဓိကက အဆုံးသတ်ကို ကြိုတွေးမိတဲ့အခါ သင့်အတွက်တွန်းအားတွေဖြစ်လာစေပါတယ်။ သင့်ကို လှုပ်နိုးလိုက်သလို နိုးထစေပါတယ်။ ထိုအတွေးကြောင့်သင်လုပ်ချင်နေတာတွေ လုပ်သင့်တာတွေကို ပြန်သတိရလာစေပါတယ်။ ပြန်ပြီး စလုပ်ဖြစ်လာစေပါတယ်။ စလုပ်ဖြစ်လာတဲ့နောက်တော့ ရေရှည်ဆက်လုပ်ဖြစ်သွားတဲ့အခါ သင်ဖြစ်ချင်တဲ့အရာတွေ၊ သင်မှန်းထားတာတွေ ဖြေးဖြေးချင်းဖြစ်လာနိုင်ပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း သင်အသက်ရှိနေုတုန်းမှာ ပိုတနု်ဖိုးထားတတ်လာပါလိမ့်မယ်။ သင့်ကိုသင်လည်း ပိုပြီးတန်ဖိုးထားလာပါလိမ့်မယ်။ သင့်ကိုသင်လည်း ပိုပြီး ချစ်ခင်လာပါလိမ့်မယ်။ သင့်ပတ်ဝန်းကျင်ကလူတွေကိုလည်း ပိုပြီးဂရုစိုက်လာသလို သင့်ကိုယ်သင်လည်း ပိုပြီးဂရုစိုက်လာပါလိမ့်မယ်။
အဲဒါကြောင့် သင့်ဘဝကြီးက ငြီးငွေ့ဖွယ်ဘဝကြီးလိုခံစားနေရတယ်ဆိုရင် အဆုံးသတ်ကနေ စပြီး တွေးတောကြည့်လိုက်ပါနော်။ သင်မမြင်ထားတာတွေ ပြန်မြင်လာပါလိမ့်မယ်။ သင့်အတွက် လုပ်ချင်တာတွေလုပ်ဖို့တွန်းအားတွေဖြစ်လာပါလိမ့်မယ်လို့တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။