အနွေးထွေးဆုံးရင်ခွင်ဆိုတာ……

ဘဝမှာ လူတိုင်းလိုလို ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ နာကျင်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ စိတ်ချမ်းသာခြင်း ၊ စတဲ့ခံစားချက်ပေါင်းစုံကို ခံစားဖူးကြတဲ့လူချည်းပါပဲ။ ပျော်ရွှင်စရာကိစ္စတွေမှာ သိပ်မသိသာပေမယ့် ဝမ်းနည်းခြင်း၊ ကြေကွဲရခြင်း၊ ကျရှုံးရခြင်းဆိုတဲ့ ထိခိုက်ကြေကွဲစရာတွေကြုံလာရတဲ့အခါမှာတော့ ရင်ဖွင့်စရာနေရာ၊ နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုကူညီဖေးမမယ့်သူမျိုးကို တောင့်တမိတတ်ကြတာထုံးစံပါပဲ။


များသောအားဖြင့် ကိုယ့်ရဲ့ခံစားမှုကို ကိုယ်နဲ့ထပ်တူနားလည်ပေးနိုင်မယ့်ရင်ခွင်မျိုးပေါ့။ အဲဒီလိုမျိုး နားလည်ပေးမယ့်သူတစ်ယောက်ယောက်ကိုသာ ကိုယ့်ခံစားချက်တွေပြောပြလိုက်ရရင် ကိုယ့်ခံစားနေရတဲ့ဝေဒနာတွေ တစ်ဝက်လောက်ပေါ့သွားတယ်လို့ ထင်တတ်ကြပါတယ်။
အမှန်အတိုင်းပြောရရင် လောကမှာ ကိုယ့်စိတ်နဲ့ကိုယ်တောင် အချိန်မရွေးပြောင်းလဲနေကြတာမို့ ကိုယ့်စိတ်ကို အပြည့်အဝနားလည်ပြီး လက်ခံ ခံစားပေးနိုင်တဲ့သူဆိုတာ မရှိနိုင်ပါဘူး။
ကိုယ့်ကိုယ်ကိုယ်သာ သိအောင်ကြိုးစားရမှာဖြစ်ပါတယ်။ ကိုယ့်စိတ်ကို ကိုယ်သိတဲ့လူတစ်ယောက်က ဘဝရဲ့ပြဿနာတော်တော်များများကို ဖြေရှင်းနိုင်မှာဖြစ်သလို၊ ကျရှုံးမှုတွေ၊ စိတ်ဆင်းရဲမှုတွေတော်တော်များများကိုလည်း ကျော်လွှားနိုင်ပါလိမ့်မယ်။ တကယ်တမ်းတော့ ကိုယ့်သာလျှင် ကိုယ့်အတွက် အနွေးထွေးဆုံးရင်ခွင်ဖြစ်နိုင်တာပါ။ ကိုယ့်ကိုယ်ကိုယ်နားလည်အောင်ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ်နားလည်သွားတဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုလည်း နားလည်နိုင်လာပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်အရာကိုလည်း ရွေးချယ်နိုင်လာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်လည်း လက်ခံလာနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်လည်းနှစ်သိမ့်တတ်လာပါလိမ့်မယ်။ တနည်းအားဖြင့်တော့ ကိုယ့်ကိုယ်ကိုယ်အလိုမကျခြင်းတွေလည်း နည်းလာပါလိမ့်မယ်။ ကိုယ့်ရဲ့အားနည်းချက်ကို အားသာချက်ဖြစ်အောင်ကြိုးစားတတ်လာပါလိမ့်မယ်။ ကိုယ့်ရဲ့ရင်ထဲက ဝေဒနာတွေကိုလည်း ကိုယ်တိုင်ကုစားနိုင်လာပါလိမ့်မယ်။ “Knowing yourself is the beginning of all wisdom.” – Aristotle ပြောထားသလိုပါပဲ။ သင့်ကိုယ်သင်သိသွားခြင်းဟာ ဉာဏ်ပညာအားလုံးရဲ့အစပါပဲ။ ပြောချင်တာက သင့်ကိုယ်သင်သာသိမယ်ဆိုရင် သင့်မှာဖြစ်နေသမျှ ပြဿနာအားလုံးကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကိုပါ သင်သိလာမှာပါ။

“The moment you know yourself you have known the most precious thing in existence.” Osho ပြောသလို သင့်ကိုယ်သင်သိသွားတဲ့အခိုက်မှာ သင့်ဘဝအတွက် တန်ဖိုးအရှိဆုံးအရာကိုသင်သိသွားတာပါပဲ။ သင့်ဘဝတိုးတက်ဖို့အတွက် သင်ဘာလုပ်သင့်သလဲဆိုတာကို သိသွားတဲ့အခါ၊ သင့်ရည်မှန်းချက်ဖြစ်လာဖို့ သင်ဘာလုပ်သင့်သလဲဆိုတာသိသွားတဲ့အခါ၊ သင့်စိတ်ဒေါသတွေပြေလျော့ဖို့ သင့်ဘာလုပ်သင့်သလဲဆိုတာသိသွားတဲ့အခါ၊ သင့်ရဲ့အမှားတွေကို အမှန်ဖြစ်ဖို့ ဘာတွေပြုပြင်ပြောင်းလဲသင့်သလဲဆိုတာ သိသွားတဲ့အခါ၊ သင့်စိတ်ခံစားချက်တွေကို ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင်စီမံမလဲဆိုတာကို သိသွားတဲ့အခါ စသဖြင့်ပေါ့ သင့်ကိုယ်သင်သိသွားတာက သင့်အတွက် အကောင်းဆုံးတွေဖြစ်လာဖို့ လမ်းစပါပဲ။ ကိုယ့်ကိုယ်ကိုယ်သိရှိသွားတဲ့အခါ သင့်အတွက် အနွေးထွေးဆုံးရင်ခွင်ဟာ အခြားသူဖြစ်နိုင်ပါ့အုံးမလား။ အဲဒါကြောင့် သင့်အတွက် အနွေးထွေးဆုံးရင်ခွင်ကို တခြားလူတစ်ယောက်ဆီမှာ မရှာပါနဲ့။ မမျှော်လင့်မိပါစေနဲ့။ ပိုပြီး စိတ်မောရပါလိမ့်၊ ပိုပြီးစိတ်ဖိစီးရပါလိ့မ်မယ်။ သင့်ကိုယ်သင်သာ သိအောင်ကြိုးစားပါ။ သင့်ကိုယ်သင်သာ အားပေးပါ။ သင်လဲကျနေတဲ့အခါ သင်ကိုယ်တိုင်ပြန်ထဖို့ ကြိုးစားနိုင်တာပါ။ အခြားလူတစ်ယောက်က သင့်ကို လာထူမပေးပေမယ့် သင်ကိုယ်တိုင်က ပြန်ထချင်စိတ်မရှိရင် ဘာမှလုပ်လို့မရပါဘူး။ အဲဒီ့လိုပါပဲ သင့်ဘဝရဲ့ အနှောင့်အယှက် အခက်အခဲ၊ ပြဿနာတွေကို သင်ကိုယ်တိုင်မှ မကျော်လွှားနိုင်ရင် ဘယ်သူကပဲ လာကူညီပါစေ၊ အချိန်တန် သင့်ဘဝက ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာပါပဲ။ အဲဒါကြောင့် “I am the master of my fate” သင်ကိုယ်တိုင်သာ သင့်ဘဝရဲ့ပဲ့ကိုင်ရှင်ဖြစ်ပါတယ်။
အခြားသော နွေးထွေးရာ ရင်ခွင်တစ်ခုကို လိုချင်စိတ်ဖြစ်တယ်ဆိုတာက ပုံမှန်ပါပဲ။ ဒါပေမယ့် ကိုယ့်အတွက် အဓိကက ကိုယ်ဖြစ်တယ်ဆိုတာကိုလည်း မေ့မထားပါနဲ့။ ကိုယ်လဲကျချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ကူကယ်ရာမဲ့တယ်လို့ မခံစားဘဲနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီးထူမတ်ဖို့ကလည်း ကိုယ်သာအဓိကဖြစ်တယ်ဆိုတာ သတိရပေးပါ။

မိမိကိုယ်သာ ကိုးကွယ်ရာဆိုတဲ့စကားအတိုင်းပါပဲနော်။ သြစတေးလျမှာ ကျောင်းတက်ပြီး ဘွဲ့ယူနိုင်တဲ့အထိ အောင်မြင်ခဲ့တဲ့ မစုပုံချစ်ကိုသိကြမှာပါနော်။ သူမဟာဆိုရင် သူမရဲ့အားနည်းချက်ကိုသူမကိုယ်တိုင်လက်ခံပြီး စိတ်ဓာတ်မကျဘဲ မဆုတ်မနစ်ကြိုးစားခဲ့လို့သာ ဒီအခြေအနေထိရောက်ခဲ့တာဖြစ်ပါတယ်။ သူမအခြေအနေကို သူမကိုယ်တိုင်ကသာ လက်မခံခဲ့ဘူးဆိုရင် ဘယ်သူတွေက ဘယ်လောက်ပဲ အားတင်းဖို့ပြောပြော၊ ကြိုးစားဖို့ပြောပြော ဒီလိုအောင်မြင်မှုမျိုးကို ရလာနိုင်ပါ့မလား။ အဲဒီလိုပါပဲ ပါကစ္စတန်က Muniba Mazari ဆိုရင်လည်း ကားမတော်တဆမှုကြောင့် ကိုယ်လက်မသန်စွမ်းဖြစ်ခဲ့တဲ့အပြင် ကိုယ်ဝန်မဆောင်နိုင်တော့တာကြောင့် သူမရဲ့ယောကျ်ားက သူမကို ကွာရှင်းခဲ့ပါသေးတယ်။ လဲပြိုကျနေချိန်မှာ အားမပေးတဲ့အပြင် အိမ်ထောင်ဖက်ကပါ ထားခဲ့တဲ့အတွက် ဘယ်လောက်များ ဆောက်တည်ရာမရဖြစ်နေမလဲ။ ဒါပေမယ့် သူမကိုယ်သူမ အရှိအတိုင်းလက်ခံပြီး ဘာလုပ်နိုင်သလဲဆိုတဲ့ပေါ်မူတည်ပြီး ပြန်ဆောက်တည်ခဲ့တဲ့အတွက် နာမည်ကြီး Motivational Speaker ဖြစ်လာခဲ့ပါတယ်။ လူအများရဲ့လေးစားအားကျခြင်း၊ စံနမူနာကောင်းလည်းဖြစ်လာခဲ့ပါတယ်။ သူမ ပြောဖူးတဲ့စကားလေးထဲမှာ “Problems are not too big, we are too small because we cannot handle them” “ပြဿနာတွေက ကြီးမားနေတာမဟုတ်ပါဘူး။ ကျွန်မတို့ကိုက အရမ်းသေးငယ်လွန်းနေလို့၊ ပြဿနာကို မဖြေရှင်းနိုင်တာပါ” တဲ့ ။ တကယ်တော့ ပြဿနာတွေက ကြီးမားလွန်းနေတာမဟုတ်ဘဲ ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်အားမပေးဘဲ အားနည်းလွန်းနေလို့၊ ကိုယ်တိုင်က သေးငယ်လွန်းနေလို့ ပြဿနာက ကိုယ့်ကို အနိုင်ယူနေတာဖြစ်ပါတယ်။ ကိုယ်ကသာ ပြဿနာထက် အင်အားကြီးမားနေမယ်ဆိုရင် ပြဿနာဟာ ကိုယ်နဲ့အတူ ကြာကြာရှိနိုင်ပါအုံးမလား။ အဲဒီ့တော့ အခက်အခဲ၊ ပြဿနာတွေကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ကိုယ်တိုင်ဟာ ပြဿနာ၊ အခက်အခဲတွေထက်ကို အင်အားကြီးမားနေမှဖြစ်ပါလိမ့်မယ်။ အဲဒီ့လို ဘဝမှာ ကြုံလာသမျှ ၊ အခက်အခဲတွေ၊ ပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက် သင်ဟာ စိတ်ဓာတ်ပိုင်း
ဆိုင်ရာမှာ အင်အားကြီးမားလွန်းနေမှဖြစ်ပါလိမ့်မယ်။

အဲဒီ့လို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ခွန်အားကြီးမားနေဖို့က အခြားလူတစ်ယောက်ဆီကနေ အနွေးထွေးဆုံးရင်ခွင်တစ်ခုရလိုရငြား လိုက်ရှာနေလို့မဖြစ်နိုင်ပါဘူး။ သင်ကိုယ်တိုင်က သင့်ကိုယ်သင်အတွက အနားလည်ဆုံး၊ အသိဆုံး၊ လက်ခံနိုင်ဆုံး၊ အားအပေးနိုင်ဆုံး အနွေးထွေးဆုံး ရင်ခွင်တစ်ခုဖြစ်နေဖို့လိုပါတယ်။
ပုံမှန်အားဖြင့်တော့ အခြားလူတစ်ယောက်ဆီက အနွေးထွေးဆုံးရင်ခွင်တစ်ခုကို လိုချင်စိတ်ဖြစ်တတ်ကြပေမယ့် တကယ်တမ်းကိုယ့်အတွက်အနွေးထွေးဆုံးရင်ခွင်ဟာ ကိုယ်ပဲဆိုတာ မမေ့လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သိပြီး၊ လက်ခံပြီး ကိုယ့်ကိုယ်ကိုယ်အားပေးနိုင်ဖို့၊ ကိုယ်လဲကျနေတဲ့အခါ ပြန်လည်ထူမတ်နိုင်ဖို့၊ ကိုယ့်ရဲ့နာကျင်သမျှကို ပြန်ပြီးနှစ်သိမ့်နိုင်ဖို့ဟာလည်း ကိုယ်ကိုယ်တိုင်ပဲဆိုတာ မမေ့ပါနဲ့လို့ တိုက်တွန်းရင်း ကိုယ်တိုင်အတွက် ကိုယ့်ကိုယ်ကိုယ်အားပေးနိုင်တဲ့အနွေးထွေးဆုံးရင်ခွင်ဖြစ်အောင်ကြိုးစားကြပါ၊ ကိုယ့်ကိုယ်ကိုယ်အားပေးခြင်းဟာ အင်အားအကြီးမားဆုံးပါပဲလို့ ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။