အငြင်းခံရတဲ့အခါ မအောင်မြင်နိုင်တော့ဘူးလား။

သင့်ဘဝမှာ အငြင်းခံဖူးမှာနော်။ အလုပ်သွားလျှောက်တဲ့အခါ အပယ်ခံရတာ၊ ချစ်သူကို ချစ်စကားပြောတဲ့အချိန်မှာ အငြင်းခံရတာ၊ စကော်လားရှစ်အတွက် အပယ်ခံလိုက်ရတာ၊ ဝင်ခွင့်စာမေးပွဲဖြေလိုက်တာ သင်အပယ်ခံလိုက်ရတာ စသည်ဖြင့်ပေါ့။ အဲလိုအငြင်းခံလိုက်ရတဲ့အခါ သင့်စိတ်ထဲမှာတော်တော်လေးတော့ စိတ်မကောင်းဖြစ်ရသလို၊ စိတ်ဓာတ်လဲကျသွားတာမျိုးဖြစ်ဖူးမှာပါနော်။ ဒါပေမယ့် အဲလိုမျိုး အငြင်းခံလိုက်ရတိုင်း သင့်ဘဝမှာ တစ်ဘဝလုံးစာ အငြင်းခံလိုက်ရတာမျိုးမဟုတ်ပါဘူး။ အဲဒီ့အခိုက်အတန့်လေးပဲ အငြင်းခံလိုက်ရတာပါ။ အငြင်းခံလိုက်ရပေမယ့် အောင်မြင်ခဲ့သူတွေအများကြီးရှိပါတယ်။ အငြင်းခံလိုက်ရတာကနေ အောင်မြင်အောင်လုပ်ယူလို့ ရတယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။


၁) သင်ဟာ လုံးဝညံ့ဖျင်းနေတယ်ဆိုတဲ့အတွေးကိုဖျောက်ပစ်ပါ။
အငြင်းခံလိုက်ရတဲ့ခဏမှာ သင့်ကိုသင် ဟိုးအောက်ဆုံးထိရောက်သွားသလိုမျိုး ခံစားဖူးတယ်မလား။ အဲဒါအပြင် အဲဒီ့အခိုက်အတန့်မှာ သင့်ရဲ့အဖျက်သဘောအတွေးတွေနဲ့ သင်ချောင်ပိတ်မိနေမှာပါ။ “ငါက အသုံးမကျလို့လား…..၊ ငါက ဘယ်နေရာမှာမှ အသုံးမဝင်ဘူးလား၊ ငါက တော်တော်သနားစရာကောင်းနေပါလား၊ ငါရှက်လိုက်တာ” စတဲ့အတွေးတွေက သင့်ကိုပိုပြီး အောက်ကိုဆွဲချနေပါလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုသင် လုံးဝညံ့ဖျင်းတယ်လို့ထင်နေတဲ့အတွေးကို ဖျောက်ပစ်ပါ။ အငြင်းခံရတာကို လူတိုင်းကြုံဖူးပါတယ်နော်။ ဘယ်သူမှ အခါခါမကြိုးစားခဲ့ဘဲ နေရာတစ်နေရာကို မရလာပါဘူး။ အဲဒီ့အတွက် သင်မှ ညံ့ဖျင်းလွန်းလို့ အငြင်းခံရတာမဟုတ်ဘူးဆိုတာကို နားလည်ပါ။ တကယ်တော့ အငြင်းခံရတယ်ဆိုတာ အဲဒီ့အခိုက်အတန့်လေးမှာပဲ အငြင်းခံရတာပါ။ အဲဒီ့အခိုက်အတန့်ကျော်သွားတဲ့နောက်ထပ် အခိုက်အတန့်တွေမှာ အငြင်းခံရချင်မှ ခံရမှာပါ။

၂) ဘယ်အရာကမှ ချက်ချင်းအောင်မြင်သွားတာမရှိပါဘူး။
သင်အငြင်းခံလိုက်ရတဲ့အခါ ပြုံးပြီး “ဘယ်အရာကမှ ချက်ချင်းအောင်မြင်သွားတယ်ဆိုတာမရှိပါဘူး…..” လို့ ကိုယ့်ဟာကိုယ် ကြားအောင်ပြောလိုက်ပါ။ အငြင်းခံလိုက်ရတယ်ဆိုတာ စိန်ခေါ်လိုက်ခြင်းပါပဲ။ ဒီနေရာမှာပဲ သင်လက်လျော့လိုက်တော့မလား၊ နောက်တစ်ခါ စိတ်လိုလက်ရ အောင်မြင်အောင် လုပ်မလား။ အဲဒါသင့်အပေါ်မူတည်တာပါ။ သင်အောင်မြင်ချင်ရင် လက်မလျော့နဲ့ပေါ့၊ အဖြေကရှင်းပါတယ်။ သင်လက်မလျော့သေးမချင်း အောင်မြင်မှုကို သင်နဲ့နီးကပ်လာပါလိမ့်မယ်။

၃) ကွဲပြားခြားနားမှုကြောင့်ဆိုတာကို လက်ခံပါ။
အလုပ်အင်တာဗျူးမှာ သင်အငြင်းခံလိုက်ရတဲ့အခါ သင်ညံ့လို့မဟုတ်ပါဘူး၊ သူတို့လိုချင်တာနဲ့ သင်မှာရှိတဲ့အရည်အချင်းနဲ့က မအပ်စပ်သေးလို့ဖြစ်မှာပါ။ သင့်ရေးထားတဲ့ ဝတ္ထုတစ်ပုဒ်ကို ငြင်းခံလိုက်ရတဲ့အခါ သင်ဆိုလိုချင်တာနဲ့ သူတို့ဆိုလိုချင်တာ ကွဲပြားနေလို့ဖြစ်မှာပါ။ အမြင်တူခြင်းဆိုရင်တော့ သင့်ရဲ့ဝတ္ထုကို လက်ခံချင်လက်ခံမှာပေါ့။ အဲလိုပဲ သင့်ရဲ့အရည်အချင်းနဲ့ကိုက်ညီတဲ့ အလုပ်အင်တာဗျူးမှာ သင်အငြင်းခံရတော့မှာ မဟုတ်ပါဘူးနော်။ အဓိကက မတူကွဲပြားမှုတွေရှိတယ်ဆိုတာကို သင်လက်ခံထားပြီး အခွင့်အရေးတွေကို တွေ့အောင်လိုက်ရှာနေဖို့ပါပဲ။

၄) အငြင်းခံရတာ အောင်မြင်ဖို့ပါ။
အငြင်းခံလိုက်ရတာနဲ့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့တွေးနေရင် သင့်အတွေးကိုပြောင်းပစ်လိုက်ပါ။ တကယ်တော့ အငြင်းခံလိုက်ရတဲ့အခါ သင်အောင်မြင်ဖို့ပါ။ အငြင်းခံရတဲ့နောက် သင့်ကိုသင်ပိုကောင်းအောင် ဒီထက်ကြိုးစားလိုက်ပါ။ အရည်အချင်းကို ဒီထက်ပြည့်ဝဖို့ လုပ်ပေါ့။ သင့်ကဗျာကို ဒီတစ်ယောက်ကလက်မခံရင် လက်ခံမယ့်သူဆီအရောက်ပို့ပေ့ါ။ သင့်ပရောဂျက်ကို အားလုံးက ငြင်းပယ်နေရင် ဒီထက်ကောင်းတဲ့ပရောဂျက်ထပ်ဆွဲပေါ့။ အဲဒါကြောင့် အငြင်းခံရတာက သင့်ကို ပိုပြီး အောင်မြင်စေနိုင်ပါတယ်။

၅) အရှုံးမပေးဖို့ပဲလိုတာပါ။
အောင်မြင်မှုအတွက် အဓိကလိုအပ်ချက်က သင်လက်လျော့အရှုံးမပေးဖို့ပါပဲ။ တစ်ခါအငြင်းခံရတိုင်း သင်တခါထပ်ကြိုးစားပေါ့။ ကျရှုံးတိုင်းအရှုံးပေးရင်တော့ အောင်မြင်တဲ့သူဆိုတာတောင် ရှိတော့မှာမဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ တခါ ရှုံးရင် နောက်တခါ ဘယ်လိုအနိုင်ယူမလဲစဉ်းစားပြီး ပြန်ကြိုးစားပါ။ တခါငြင်းရင် နောက်တခါ မငြင်းခံရအောင် ဘာတွေပြင်ဆင်မလဲစဉ်းစားပါ။ အဓိကက အရှုံးမပေးဖို့ပါပဲနော်။

အငြင်းခံလိုက်ရရုံနဲ့ မအောင်မြင်နိုင်တာမဟုတ်ပါဘူး။ လက်လျော့လိုက်တာကမှ မအောင်မြင်နိုင်ခြင်းရဲ့ တရားခံအစစ်ပါ။ အငြင်းခံလိုက်ရတဲ့အခါ ဒီစာလေးဖတ်ပြီး အားတင်းရင်း ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။