အနာဂတ်မှာ သင့်ကိုယ့်သင်ကျေးဇူးတင်နေမိမယ့်အရာတစ်ခုခုကို ဒီနေ့မှာ ပြုလုပ်လိုက်ပါ။

ဒီစကားလေးကတော့ ကိုယ့်မှာရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေရှိပေမယ့် အခြားသော စိတ်ထွေပြားစရာတွေနဲ့ကြုံရတဲ့အခါ မေ့လျော့သွားတတ်တာလေးကို သတိပေးဖို့ပါပဲ။ များသောအားဖြင့် ကျွန်မတို့ကိုယ်စီက နေ့စဥ်ဘဝမှာရှင်သန်ရင်း စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ကြရင်း အချိန်ကုန်နေကြတာများပြီး ထိုကဲ့သို့ ရုန်းကန်နေရင်းနဲ့မှ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်က အာရုံနှောက်စရာတွေနဲ့ ကိုယ့်ရဲ့နေ့ဒဓူဝပြဿနာတွေကြားမှာ အာရုံထွေပြားတတ်ကြာပါတယ်။


အဲဒီ့အခါ ကိုယ့်အတွက် ကိုယ်လုပ်သင့်တာတွေကို တဒင်္ဂ တော့အာရုံထဲပျောက်သွားတတ်ကြပါတယ်။ ဘဝရဲ့ပူပန်ခြင်းတွေ၊ သောကတွေ၊ နာကျင်မှုတွေ၊ စိတ်ဆင်းရဲမှုတွေကြားထဲမှာ ကူးခတ်ကာ အတွေးများရင် ကိုယ်လုပ်သင့်တာ၊ ကိုယ်တကယ်လုပ်နိုင်တာ၊ ကိုယ်တကယ်လုပ်သင့်လုပ်ထိုက်တာကို မေ့သွားတတ်ကြပါတော့တယ်။
အဲဒီ့အခါ ဘဝက မတ၇ားဘူး၊ မမျှတဘူး၊ ငါတို့ကျမှ ဆိုးဝါးလိုက်တာလို့ ညည်းတွားရင်း ညည်းတွားမှုနဲ့တင်အချိန်ကုန်သွားတတ်ကြပါတယ်။ တကယ်တော့ ဘဝက မတရားတဲ့အတွက်ကြောင့်ကို လက်ရှိအချိန်မှာ ကိုယ်လုပ်နိုင်တာကိုသာ ပိုပြီးအာရုံစိုက်လုပ်သင့်တာပါပဲ။ မမျှတမှုကို ထိုင်ပြီး ဒေါသထွက်နေလို့လည်း အလကားပါပဲ။ ပူပန်သောကရောက်နေလို့လည်း အလကားပါပဲ။ ဘာမှပိုပြီး ကောင်းမွန်သွားမှာမဟုတ်ပါဘူး။ အဓိကက သင့်လက်ရှိအချိန်ကို အလကားမကုန်ဆုံးသွားဘဲ အနာဂတ်အတွက် အကျိုးရှိတာတခုခုကို လုပ်နိုင်ဖို့ပါပဲ။
တခါတလေ ဘဝမှာ ကိုယ်ရရှိပ်ုင်ဆိုင်ထားတဲ့ ဘဝကို ကိုယ်ဘယ်လိုမှမပြောင်းလဲနိုင်ပါဘူး။ အဲဒီ့အခါမှာ သင်လုပ်သင့်တာက ၂ခုပဲရှိပါတယ်။ “Change your situation or change your mindset” တဲ့ သင့်ရဲ့လက်ရှိအခြေအနေကို သင်ပြောင်းလဲဖို့ကြိုးစားနိုင်ရင်ကြိုးစားပါ၊ အဲဒီလိုမဟုတ်ရင်တော့ သင့်ရဲံစိတ်ထားကိုသာပြောင်းလဲပစ်ဖို့ကြိုးစားလိုက်ပါ။ တဲ့ အဲဒီ့အတွက် လက်၇ှိ သင့်စိတ်ထဲမှာ သင့်ဘဝနဲ့ပတ်သက်ပြီး မကြေမလည်မှုတွေရှိနေတာပဲဖြစ်ဖြစ်၊ တရားမျှတမှုမရှိဘူးလို့ထင်နေတာပဲဖြစ်ဖြစ်၊ သင်ဘာမှမလုပ်နိုင်တဲ့အရာအတွက် ပူပန်သောကရောက်ပြီး စိတ်အာရုံအနှောက်ခံနလို့အချိန်ကုန်ရုံကလွဲပြီးဘာမှရလာမှာမဟုတ်တဲ့အတွက် လက်ရှိသင့်အခြေအနေကို သင်ပြောင်းလဲနိုင်ဖို့ကြိုးစားပါ။ လက်ရှိအခြေအနေကိုတော့ သင်မပြောင်းလဲနိုင်ဘူး၊ မဖြစ်နိုင်ပါဘူး......ဆိုရင် လက်ရှိအခြေအနေအပေါ်မှာ သင်မြင်နေတဲ့သင့်ရဲ့အတွေးအမြင်ကိုသာ ပြောင်းပစ်လိုက်ပါ။
အဲဒါဆိုရင် သင့်အခြေအနေကို သင်ပြောင်းလဲနိုင်ရင် သင်မကြိုက်တဲ့အခြေအနေကို ချက်ချင်းပြောင်းလိုက်တော့ သင်အာရုံနှောက်မခံရတော့တာမို့ အထူးထွေပြောစရာမလိုပေမယ့် သင့်အတွေးအမြင်ကိုဘယ်လိုပြောင်းမလဲဆိုတာက တွေးစရာဖြစ်လာပါပြီ။ အခုလိုအခြေအနေမျိုးမှာ သင်ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေတဲ့ သင့်ရဲံစိတ်ကိုပြောင်းလိုက်ပါ။ အဲဒါက သင့်အတွေးအမြင်ကိုပြောင်းခြင်းတစ်မျိုးပါပဲ။ သင်ဒိအခြေအနေမှာမနေနိုင်ဘူးလို့ထင်နေတယ်ဆိုရင် ဒီအခြေအနေမှာ ရအောင် ဘယ်လိုရှင်သန်မလဲ....လို့ပြောင်းတွေးပါ။ ဒီအခက်အခဲကို မဖြေရှင်းနိုင်ဘူးလို့ ထင်နေတဲ့အတွေးကို ဒီအခက်အခဲကို ပြေလည်အောင် ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ.....လို့ပြောင်းတွေးပါ။ အဲဒီလို သင့်ရဲ့အတွေးအမြင်တွေကို ပြောင်းလဲလိုက်ခြင်းအားဖြင့် သင်ခေါင်းထဲက ထွက်လာတဲ့ဖြေရှင်းနည်းဟာလည်း ပြောင်းသွားပါလိမ့်မယ်။ အဲဒီ့ဖြေရှင်းနည်းအပေါ်သာ အာရုံစိုက်လိုက်ပါ။ “ငါဘာမှမလုပ်နိုင်ဘူး....ဆိုတဲ့အခြေအနေမှာတောင် ငါဘာလုပ်နိုင်သေးလဲ” ဆိုတဲ့အတွေးကနေ သင့်ကိုအဖြေပေးပါလိမ့်မယ်။ အဲဒါကြောင့် သင်ဘာမှမလုပ်နိုင်ဘူးဆိုတဲ့အေခြေအနေမှာတောင် သင်လုပ်နိုင်တာ တစ်ခုခုရှိကိုရှိနေပါတယ်။ အဲဒါလေးတစ်ခုကိုသာ သင်ဆုပ်ကိုင်ထားပြီး လုပ်ကြည့်လိုက်ပါ။
ကိုယ်ဖတ်ဖူးတဲ့စာတစ်ပုဒ်မှာ ကလေးမိခင်တစ်ယောက်ဟာ ကလေးထိန်းရင်း အချိန်ကုန်နေတဲ့အပြင် ခင်ပွန်းဖြစ်သူကို အစစမှီခိုနေရတဲ့အခါ သူ့မှာ အပြင်ဝင်ငွေလည်းမရှာနိုင်ဘဲ သူ့ဘဝကို သူစိတ်ဓာတ်ကျလာပါတယ်တဲ့။ သူ့ရဲ့ကိုယ်ပိုင်ဝင်ငွေလည်းမရှိ၊ ငွေလိုရင်လည်း ခင်ပွန်းကိုတောင်းရတဲ့အခြေအနေကိုလည်း သူမနှစ်သက်၊ အားလပ်ချိန်ရယ်လို့လည်း သီးသန့်မရှိဘဲ ကလေးထိန်း၊ အိမ်မှုကိစ္စလုပ်နဲ့တင် အချိန်ကုန်သွားရတဲ့ဘဝကို အားမလိုအားမရဖြစ်လာမိတယ်ပေါ့။ အဲဒါနဲ့ ဒီအခြေအနေကို သူလုံးဝမကြိုက်ဘူး၊ စိတ်အားငယ်၊စိတ်ဓာတ်ကျလာလို့ အဆင်မပြေဘူးဆိုတာသိလာတဲ့အခါ သူဘာလုပ်နိုင်လဲစဥ်းစားရင်းကနေ သူ့ကလေးကို တစ်နေ့တစ်နေ့ ထိန်းကျောင်းပုံတွေကို Blog တစ်ခုထောင်ပြီး မှတ်စုအနေနဲ့ရေးထားပါတယ်တဲ့။ အဲဒီ့မှတ်စုလေးတွေဟာ တခြား ကလေးမိခင်တွေနဲ့ မိခင်အလောင်းအလျာတွေအတွက် အရမ်းအသုံးဝင်ရာကနေမှ နာမည်ကျော်ကြားတဲ့ ကလေးအမေ Blogger တစ်ယောက်ဖြစ်လာတယ်ဆိုပြီးတော့ live Video တစ်ခုမှာ ကြည့်လိုက်ရပါတယ်။
ပြောချင်တာက ကိုယ်ကအခြေအနေကို မပြောင်းလဲနိုင်ရင်တောင် ကိုယ်ရထားတဲ့အခြေအနေကနေ ဘာလုပ်နိုင်မလဲဆိုတဲ့အတွေးအခေါ်ကို Change လုပ်လိုက်တာနဲ့ အခြေကလည်းပြောင်းလဲသွားနိုင်ပါတယ်။ နောက်ဆရာတစ်ယောက်ဆိုလည်းအလားတူပါပဲ။ နိုင်ငံရေးအမှုနဲ့ထောင်ကျနေခဲ့ပါတယ်။ (ဘယ်နှစ်နှစ်လဲသေချာတော့မမှတ်မိတော၊ နှစ်ကြီးသမားပဲထင်မိ) ထောင်ထဲမှာ အလကားနေရင်းအချိန်ကုန်မယ့်အတူတူ ပလပ်စတစ်အခွံတွေနဲ့ ပန်းချီပုံဖော်ရာကနေ လက်ရာတွေအများကြီးစုမိလာပြီး ထောင်ထွက်တဲ့အခါ ပြပွဲပါလုပ်ရတဲ့အထိ အောင်မြင်သွားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုကြည့်လိုက်ရပါသေးတယ်။
အဲဒါတွေက လက်ရှိအခြေအနေကို မပြောင်းလဲနိုင်တဲ့အခါ ကိုယ့်ရဲ့အတွေးအမြင်ကိုသာပြောင်းလဲပြီး နောင်အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်ကျေးဇူးတင်မိမယ့်ကိစ္စတစ်ခုခုကို လုပ်နေတဲ့အကျိုးကျေးဇူးပါပဲ။
အဲဒါကြောင့် အနာဂတ်မှာ သင့်ကိုယ်သင်ကျေးဇူးတင်နေမယ့်အရာတစ်ခုခုကိုသာ လက်ရှိအချိန်မှာလုပ်နေလိုက်ပါလို့ပြောတာပါပဲ။ အကျိုးရှိတဲ့ဘယ်အရာမဆို အချိန်အလကားမဖြစ်ရအောင်လုပ်ဆောင်ထားတဲ့အခါ တစ်ချိန်ချိန်မှာ အသုံးဝင်လာမှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။