အမှားကောင်းတွေအလကားမဖြစ်ပါစေနဲ့.။ အမှားတွေဆီကနေသင်ယူပါ။

တခါတလေကျရင် အမှားတွေက တန်ဖိုးမဖြတ်မနိုင်တဲ့အရာတွေဖြစ်နေတတ်ပါတယ်။ အဲဒါကြောင် အမှားကောင်းလို့ခေါ်တာပေါ့။ အမှားကောင်းဆိုတာမျိုးက သင့်အတွက် အရမ်းကြီးမားတယ်လို့ထင်ရတဲ့ ပြဿနာကနေမှ သင်ယူနိုင်တဲ့အရာမျိုးပါ။ သင့်ဘဝအတွက်အကြီးအကျယ်ဖြစ်တဲ့ပြဿနာဆိုတိုင်းလည်း သင့်အတွက်ပြဿနာဖြစ်ရကျိုးနပ်အောင် အမှားတွေကနေ သင်ခန်းစာပြန်ယူတတ်ရင် အလားတူအမှားမျိုးတွေမဖြစ်နိုင်တော့ဘဲ သင့်အတွက် အတွေ့အကြုံတစ်ခုတိုးပြီး ဆင်ခြင်တတ်လာစေပါတယ်။


တကယ်တော့ လက်တွေ့ဘဝမှာ အမှားတွေဆီကနေ သင်ယူတတ်ဖို့ကလည်း ပညာတစ်ခုပါပဲ. လူတိုင်းမမှားဖူးတဲ့လူဆိုတာမရှိနိုင်ပါဘူး။ မမှားသောရှေ့နေ၊ မသေသော ဆေးသမားဆိုတဲ့စကားပုံလိုပေါ့။ မမှားတဲ့လူဆိုတာမရှိပါဘူး။ ဘုရားတောင်မှ အမှားတွေအများကြီး ဘဝအဆက်ဆက်မှာလုပ်ခဲ့သေးတာပဲ၊ အဲဒီ့အမှားတွေကို ပြန်လည်ဆင်ခြင်ပြီးမှသာ အမှန်တရားကို လမ်းပြနိုင်ခဲ့တာမဟုတ်လား။ အဲဒါကြောင့် သာမန်လူသားတစ်ယောက်အနေနဲ့ကတော့အမှားရှိတာမဆန်းပါဘူး။ ကိုယ့်အမှားကို မှားကြောင်းဝန်ခံတတ်ပြီး အမှားတွေဆီကနေ သင်ခန်းစာယူတတ်ဖို့ပဲ အရေးကြီးတာပါ။

ဘာလို့ အမှားတွေကို မှားကြောင်းဝန်ခံတတ်ဖို့လိုတာလဲဆိုရင် ကိုယ်မှားသွားတယ်ဆိုတာကို ကိုယ်တိုင်က “အော်....ငါဒီကိစ္စမှာမှားသွားပါလား...” ရယ်လို့ လက်ခံပါမှ အမှားကို အမှန်ပြင်ဖို့လိုအပ်တယ်ဆိုတာကိုလည်း လက်ခံနိုင်မှာပါ။ အမှားကို မှားမှန်းသိပေမယ့် ကိုယ်တိုင်ကလက်မခံနိုင်တဲ့အခါ အမှန်ပြင်ဖို့လည်း လက်ခံမှာမဟုတ်ပါဘူး။ အဲဒါကြောင့် အမှားကိုလက်ခံပြီး ဝန်ခံတတ်ဖို့လိုသလို၊ အမှားကိုလည်းအမှန်ပြင်ဖို့ သင်ခန်းစာယူတတ်ဖို့လိုတာပါ။

အမှားကိုတော့ မှားပါတယ်လို့လက်ခံပေမယ့် ဒီအမှားအတိုင်း အလားတူအမှားမျိုးတွေထပ်ပြီး မစဥ်းစားမဆင်ခြင်ဘဲထပ်လုပ်နေသေးတယ်ဆိုရင်တော့ အဲဒီလူရဲ့ဘဝဟာ အမှားတွေနဲ့ချည်းဖြစ်နေမှာဖြစ်ပြီး အမှန်လည်း မဖြစ်နိုင်တော့ပါဘူး။
ဥပမာ။ သင်မွေးဖွားလာတဲ့ မိသားစုဟာ မိသားစုချစ်ခြင်းမေတ္တာမရှိ၊ အချိန်ပြည့်ရန်ပွဲတွေနဲ့ ချည်းအချိန်ကုန်၊ စိတ်ဆင်းရဲနေရတဲ့ မိသားစုမျိုးဖြစ်နေတယ်ဆိုပါစို့။ အဲဒီ့အမှားမျိုးကို သင့်ကိုယ်ပိုင်မိသားစုဘဝတည်ဆောက်တဲ့အခါမှာ မဖြစ်ရအောင် သင်ခန်းစာယူပြီး သင်ပြုပြင်နိုင်ပါတယ်။ အဲဒါဆိုရင် သင့်ဘဝရဲ့ကြီးမားတဲ့စိတ်ဒဏ်ရာဟာ တန်ဖိုးရှိတဲ့အရာတစ်ခုဖြစ်သွားပြီး သင့်ဖန်တီးမယ့်မိသားစုဘဝအတွက် ကောင်းမွန်တဲ့မိသားစုဘဝဖြစ်အောင် သင်ပြန်လည်ကြိုးစားနိုင်တဲ့အခါ သင့်ဘဝက ပိုပြီးအဆင်ပြေအေးချမ်းလာနိုင်မှာပါ။
အဲဒါကြောင့်အမှားကောင်းတွေကနေ သင်ခန်းစာယူပါလို့ပြောတာပါပဲ။ အဲဒီလိုမဟုတ်ဘူး......သင့်မိသားစုဘဝရဲ့ပုံရိပ်လိုပဲ သင်ဖန်တီးတဲ့မိသားစုဘဝကိုလည်း အဲဒီ့အတိုင်းတစ်ထပ်တည်းဖြစ်စေမယ်ဆိုရင်လည်း သင့်ဘဝဟာ ဆိုးဝါးမှုကိုလည်း ဆက်လက်ခံစားနေရအုံးမှာမဟုတ်ဘူးလား။ ပိုကောင်းတဲ့ဘဝတစ်ခုကို သင်မရနိုင်တော့ဘူးပေါ့။ အမှားတွေချည်းထပ်ခါလုပ်မိနေသလိုပေါ့။
အဲဒါကြောင့်အမှားကိုလက်ခံတတ်ဖို့လိုသလို၊ အမှားကနေ သင်ခန်းစာရအောင်ယူတတ်သွားရင် ပိုကောင်းပြီး ပိုအဆင်ပြေတဲ့ဘဝကို ရလာနိုင်ပါတယ်။

“The only real mistake is the one from which we learn nothing. “ - Henry Ford ပြောသလိုပေါ့. တကယ့်အမှားက မှားဖူးတဲ့အမှားတွေဆီကနေ သင်ခန်းစာမယူခြင်းပါပဲတဲ့။ အဲဒီ့သဘောတရားပါပဲ. လူသားမို့ မှားတာအဆန်းမဟုတ်ပေမယ့် အမှားကနေ သင်ခန်းစာယူပြီးပြုပြင်တဲ့အခါ ကိုယ့်ဘဝရဲ့အမှားတွေအများကြီးထဲက တစ်ခုလောက်တော့မှန်သွားတာပဲပေါ့။ တခုချင်းမှန်ရာကိုကြိုးစားပြုပြင်ရင်းကနေမှ အမှန်များလာတဲ့လူဖြစ်လာနိုင်တာပါပဲ။ အဲဒါအပြင် ကိုယ့်ဘဝထဲကအခြားသူတွေရဲ့အမှားကိုလည်း ကိုယ့်အလှည့်ကျရင်မလုပ်ဘူးရယ်လို့ သင်ခန်းစာယူဆင်ခြင်နိုင်တာပဲလေ။ အဲဒါဆိုရင် ကိုယ့်ဘဝမှာလုပ်မိတဲ့အမှားတွေအပြင် အခြားသူရဲ့အမှားကနေတဆင့်လည်း သင်ခန်းစာယူပြီး ပြုပြင်နိုင်ပါတယ်။

လောကမှာ အမှားလုံးဝမရှိတဲ့သူဆိုတာမရှိတာမို့၊ အမှားတွေလုပ်မိတဲ့အခါြဖစ်ဖြစ်၊ အခြားသူရဲ့ အမှားတွေထဲကနေဖြစ်ဖြစ် ပြန်ပြီးသင်ခန်းစာယူရင်း ကိုယ့်ဘဝမှာ အမှားနည်းလာအောင်သာကြိုးစားဖို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။