အလွယ်တကူ Bully လုပ်မိနေပြီလား။

Bully လုပ်ခြင်းဆိုတာက အနိုင်ကျင့်ခြင်း၊ အခြားတစ်ယောက်ယောက်ကို ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း ထိခိုက်အောင် လုပ်ခြင်းတစ်မျိုးပါပဲ။ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ဒဏ်ရာ အနာတရဖြစ်သွားအောင် လုပ်မိခြင်းမှသာ နာကျင်ရတာမဟုတ်ပါဘူး။ ကိုယ့်အတွက် ဘာရယ်မဟုတ် ပြောဆိုလိုက်တာမျိုး၊ စနောက်လိုက်တာမျိုး၊ ဆိုရှယ်မီဒီယာပေါ်မှာ ကွန့်မန့်လေးတစ်ကြောင်းရေးလိုက်တာမျိုးနဲ့တင် တဖက်သားရဲ့စိတ်ကို ထိခိုက်နစ်နာသွားစေနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဆိုရှယ်မီဒီယာခေတ်စားလာခြင်းက ကောင်းသောအရာတွေရှိသလို ဆိုးကျိုးတွေလည်း အများကြီးရှိပါတယ်။


အွန်လိုင်းပေါ်ကနေ လူတစ်ယောက်နဲ့တစ်ယောက်လည်း Bully လုပ်မှန်းမသိ လုပ်မိနေတာမျိုးတွေလည်း ရှိလာပါတယ်။ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာရသွားခြင်းက ဆေးကုသလို့ ပျောက်ကင်းနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာကတော့ မမြင်နိုင်တဲ့အတွက်ကြောင့်ကို ကုသရ ခက်ခဲပါတယ်။ ပျောက်ကင်းဖို့လည်း ခက်ပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံးကလည်း စိတ်ဖြစ်တဲ့အတွက် စိတ်ထိခိုက်ခြင်းကြောင့် ဘဝတစ်ခုလည်း နလန်မထူနိုင်တော့တဲ့အထိဖြစ်စေနိုင်ပါတယ်။ စိတ်ထိခိုက်ခြင်းက ဆိုးဝါးလားမဆိုးဝါးလားဆိုတာ ဇွဲကပင်တောင်ပေါ်ကနေ ဆူဆိုက်လုပ်သွားတယ်ဆိုတဲ့ကလေးတွေ၊ နာမည်ကြီးအောင်မြင်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကိုရီးယားမင်းသမီး၊ မင်းသားတွေကို ကြည့်ရင်သိနိုင်ပါတယ်။

ဒီနေ့ခေတ်လို အစစအရာရာတိုးတက်နေတယ်လို့ ထင်ရတဲ့အချိန်မျိုးမှာ လုံးဝမထင်မှတ်ထားတဲ့ ဆိုးကျိုးတွေကတော့ Bully အလွယ်တကူလုပ်နေကြခြင်းပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်နဲ့အမြင်မတူတာတွေ့တဲ့အခါ ကွန့်မန့်လေးတစ်ကြောင်း ဝင်ရေးလိုက်မယ်၊ ဝင်ဆဲလိုက်မယ်ဆိုတာ ဘာမှမဟုတ်ဘူးရယ်လို့ ထင်ရပေမယ့် ခံရတဲ့သူဘက်ကနေကြည့်ရင်တော့ အများနဲ့တစ်ယောက်ဖြစ်သလို၊ နေ့စဉ် ဒါကိုကြုံတွေ့နေရခြင်းဟာ ခံရသူအတွက်က နေ့တိုင်းနာကျင်နေရမှာပါ။ နေ့တိုင်း Bully လုပ်ခြင်းကို ခံစားနေရတာပါပဲ။ အမြင်မတော်တာတွေ့ရင် ဝင်မပြောရဘူးလားဆိုတော့မဟုတ်ပါဘူးနော်။ လူတိုင်းမှာ မတူညီတဲ့အမြင်တွေရှိကြမှာပါ။ လူတွေက ရုပ်ချင်းသာ ချွတ်စွပ် ဆင်တူတူနေနိုင်ပေမယ့် စိတ်ထားချင်းကျတော့ လုံးဝတစ်ထပ်တည်း တူနေဖို့မဖြစ်နိုင်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ မိသားစုအသိုင်းအဝန်းမတူညီမှုတွေ၊ ခံစားချက်မတူညီမှုတွေ၊ အတွေ့အကြုံဖြတ်သန်းမှုမတူညီမှုတွေကြောင့်ပဲ အတွေးအခေါ်ချင်းမတူနိုင်သလို၊ ခံယူချက်ခြင်းလည်းမတူညီနိုင်ပြန်ပါဘူး။ အဲဒါကြောင့် ဒီနေ့ခေတ်လို လူမှုကွန်ရက်ပေါ်မှာ အားလုံးပွင့်လင်းစွာချပြလာတဲ့အခါမှာလည်း ကိုယ့်စိတ်နဲ့တစ်ထပ်တည်းတူနိုင်တဲ့လူမျိုး လုံးဝရှိနိုင်မှာမဟုတ်ပါဘူး။
အဲဒါဆိုရင် ကိုယ့်အမြင်တစ်ခုတည်းက မှန်နေသလားဆိုပြန်တော့လည်း မဖြစ်နိုင်ပါဘူး။ အခြားသူရဲ့အမြင်ကလည်း မှန်နေသလားဆိုတော့ အပြည့်အဝမပြောနိုင်သလို၊ ကိုယ့်အမြင်ကသာ မှန်တယ်လို့လည်း တထစ်ချမှတ်ယူလို့မရနိုင်ပါဘူး။ ကိုယ်လက်ခံလို့ရတာမျိုးဆို ပွင့်လင်းစွာလက်ခံမယ်၊ ကိုယ်လုံးဝလက်မခံနိုင်တာမျိုးဆို အပြုသဘောနဲ့ လက်မခံနိုင်ကြောင်းပြောမယ်၊ လူချင်းမတူလို့ စိတ်ထားချင်းမတူဘူးဆိုတာ လက်ကိုင်ထားမယ်၊ ကိုယ့်အတွက် ဗဟုသုတတိုးစေမယ်ဆိုရင် မှတ်သားလိုက်မယ် စသဖြင့် ကိုယ့်အတွက် အကောင်းဘက်ကနေ ရနိုင်သမျှကို ယူထားနိုင်တာမကောင်းဘူးလား။ ကိုယ့်ကြောင့် အခြားသူတစ်ယောက်ယောက်ကို မထိခိုက်မနစ်နာစေရင် မကောင်းဘူးလားနော်။ ကိုယ်လက်မခံနိုင်တာကို အပြုသဘောနဲ့ ပြောပြမယ်၊ ကိုယ့်ခံယူချက်ကိုလည်း နားလည်အောင်ပြောပြမယ်၊ တဖက်ရဲ့ခံယူချက်ကိုလည်း နားထောင်ပေးမယ်ဆိုတာမျိုးက ဘယ်သူ့ကိုမှမထိခိုက်စေတော့ပါဘူး။

များသောအားဖြင့်က တစ်ယောက်နဲ့တစ်ယောက် လမ်းတွေ့လို့နှုတ်ဆက်ရင်တောင် “ဟယ်…..မင်းတော်တော်ဝလာတာပဲ” “မင်းလစာက ငါ့ထက်နည်းတယ်၊ ငါက ဘယ်လောက်တောင်ရတာ…..” “မင်းကဘယ်တော့မှအသားဖြူလာမယ့်ကောင်မဟုတ်ပါဘူး” “ဟယ်….နင်ကလည်း ပိန်လိုက်တာ ရောဂါသည်ကျနေတာပဲ” စတဲ့ စကားမျိုးတွေကတောင် တစ်ဖက်သားကို ထိခိုက်စေတဲ့ Bully လုပ်နည်းတစ်မျိုးပါပဲ။ ကိုယ့်ကို ကိုယ်မကြိုက်တာမျိုးလာပြောရင် မခံနိုင်သလိုပဲ အခြားလူတစ်ယောက်ကိုလည်း မကြိုက်မယ့်ကိစ္စမျိုးနဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် မပြောသင့်ပါဘူးနော်။ တစ်နေ့က ဘာရယ်မဟုတ်ဘဲ ဗီဒီယိုဖိုင်လေးတစ်ခုကြည့်မိပါတယ်။ ညီမလေးတစ်ယောက်က သူ့ရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး ဝိုင်းဆဲနေကြတာကို ငိုရင်းဖြေသွားတာပါ။ သူ့မိဘတွေပါ အဆဲခံရတာ စိတ်မကောင်းတဲ့အကြောင်းပေါ့။ ¬¬ကိုယ့်ဟာကိုယ်ကြည့်နေရင်းနဲ့တောင် တွေးမိပါတယ်။ ဘာလို့များ အခြားလူတစ်ယောက်ရဲ့အပေါ်ယံရုပ်ပိုင်းဆိုင်ရာကိစ္စကို ဘာလို့ခပ်လွယ်လွယ် ရှုံ့ချနေကြတာပါပဲ။ ဆိုရှယ်မီဒီယာခေတ်စားလာတော့ ပိုသိသာလာပါတယ်။ လူတိုင်းက ပေါ်ပြူလာဖြစ်တာကို စိတ်ဝင်စားကြတာချည်းပါပဲ။ လူတိုင်း သူ့လွတ်လပ်ခွင့်နဲ့သူမို့ သူတို့ဆိုရှယ်မီဒီယာပေါ် သူတို့ကြိုက်နှစ်သက်ရာတင်ကြမှာပါပဲ။ ကိုယ့်စိတ်နဲ့မတွေ့တာနဲ့ တဖက်သားရဲ့ မိဘတွေဆွေမျိုးတွေအထိ ထိုခိုက်နစ်နာအောင် ဘာလို့များပြောရဲကြတာပါလိမ့်။ အဲဒီ့လို ပြောတတ်တဲ့လူ့အဖွဲ့အစည်းတစ်ခုဖြစ်လာမယ်ဆိုရင် ကိုယ့်ရဲ့မိဘမောင်နှမသားသမီးတွေလက်ထက်ကျရင်ရော အပြောလွတ်နိုင်ပါ့မလား။ အဲဒီ့လို တစ်ယောက်ကိုတစ်ယောက် ခပ်လွယ်လွယ် အပြစ်တင်ဝေဖန်ဆဲဆိုပြီး စိတ်ထိခိုက်နစ်နာအောင်ပြောတတ်တဲ့လူမှုအဖွဲ့အစည်းကြီးက နေပျော်စရာကောင်းနိုင်ပါ့မလား။
အဲဒါလေးကိုတွေးမိတော့ စာလေးတစ်ပုဒ်ကိုသတိရမိပါတယ်။ “ကိုယ်မကြိုက်တာ သူများကို မပေးမိပါစေနဲ့” တဲ့။ အရမ်းမှန်တဲ့စကားလေးပါ။ ကိုယ်မကြိုက်တဲ့အပြုအမူ၊ ကိုယ်မကြိုက်တဲ့စကားတွေကို ကိုယ့်လာပြောရင်မကြိုက်သလိုပဲ အခြားသူကိုပြောရင်ကြိုက်ပါ့မလားရယ်လို့ တွေးပြီးမှ ပြောတာ နှစ်ဦးနှစ်ဖက်အတွက် ပိုအဆင်ပြေပါတယ်။

မကြိုက်ဘူးဆိုတဲ့စကားကို လှပတဲ့စကားလုံးတစ်ခုခုသုံးပြီး ကာယကံရှင်နားထောင်ကောင်းအောင်ပြောလိုက်လို့မရဘူးလား။ အဲဒါဆို တဖက်သားလည်း စိတ်မထိခိုက်ဘဲ သူ့ကိုယ်သူ ပြုပြင်သွားမယ်ဆိုရင်မကောင်းဘူးလားနော်။
အတတ်နိုင်ဆုံး အပြုသဘောဆောင်တဲ့ဝေဖန်ခြင်းမျိုးဖြစ်အောင်ကြိုးစားဖို့လိုပါတယ်။ အပြုသဘောဆောင်တဲ့ဝေဖန်ခြင်းဟာ ကြားရတဲ့သူအဖို့လည်း နားထောင်ကောင်းသလို ကာယကံရှင်အနေနဲ့လည်း “အော်….သူပြောသလို ဒါလေးကို ပြုပြင်လိုက်ရင် ပိုကောင်းသွားမှာပါလား” ဆိုတဲ့စိတ်ထားလေးဖြစ်သွားတဲ့အခါ အပြောခံရတဲ့သူလည်း အမှားနည်းအောင် ဆင်ခြင်တတ်လာစေပါတယ်။ ပြောလိုက်တဲ့သူလည်း တဖက်သားကို နစ်နာအောင် Bully လုပ်ရာမကျတော့ပါဘူး။ (အပြုသဘောဆောင်တဲ့ပြောပြခြင်းကိုမှ နားမထောင်တဲ့သူမျိုးအတွက်ကျတော့လည်း ထိုလူမျိုးကို လျစ်လျူရှုထားလိုက်တာက ကိုယ့်အတွက် ဒေါသမထွက်ရစေတော့တဲ့အတွက် ကိုယ့်စိတ်ထဲဒေါသကြောင့် ထိခိုက်ရခြင်းကနေ ကိုယ်ပဲအရင်ဆုံးလွတ်မြောက်စေပါတယ်)

အဲဒါကြောင့် စကားတစ်ခုပြောမယ်ဆိုရင် ဒီစကားက မှန်ကန်ရဲ့လား၊ အကူအညီဖြစ်ရဲ့လား၊ တဖက်လူအပေါ်ကြင်နာမှုရှိရဲ့လား၊ မဖြစ်မနေပြောဖို့လိုအပ်ရဲ့လားဆိုတာမျိုးတွေ ပြန်တွေးခိုင်းတာဖြစ်ပါတယ်။ “If you’re insulting people on the Internet, you must be ugly on the inside.” တဲ့ အင်တာနက်ပေါ်မှာမှ မဟုတ်ပါဘူး။ အပြင်လောကမှာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာပေါ်မှာပဲဖြစ်ဖြစ် အခြားလူတစ်ယောက်ကို သေချာမသိဘဲ အလွယ်တကူ အပြစ်တင်ဝေဖန်ပြီး Bully လုပ်တတ်ခြင်းဟာ သင့်ရဲ့အတွင်းစိတ်ဘယ်လောက်ရုပ်ဆိုးနေသလဲဆိုတာ ဖော်ပြနေတာပဲဖြစ်ပါတယ်။
“When you judge another, you do not define them, you define yourself.”
Wayne Dyer ပြောတဲ့စကားလိုပေါ့။ အခြားလူတစ်ယောက်ကို ဝေဖန်လိုက်ခြင်းက ထိုလူကို အဓိပါ္ပယ်သတ်မှတ်လိုက်တာမဟုတ်ဘဲ သင့်ကိုယ်သင်အရင်အဓိပါ္ပယ်သတ်မှတ်လိုက်တာပဲဖြစ်ပါတယ်တဲ့။ အခြားလူတစ်ယောက်ကို သင်ဆဲလိုက်မယ်ဆိုရင် အဲဒီ့လူသိက္ခာမကျခင် သင့်သိက္ခာအရင်ကျသွားတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။
အဲဒါကြောင့် ပြင်ပလောကမှာဖြစ်ဖြစ် ၊ လူမှုကွန်ရက်ပေါ်မှာဖြစ်ဖြစ် ကိုယ်ရဲ့အပြုအမူတိုင်း၊ အပြောအဆိုတိုင်းဟာ တဖက်သားကို အလွယ်တကူ Bully လုပ်မိနေတာဖြစ်နေပြီလားလို့ ပြန်လည်စဉ်းစားသုံးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်နော်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။