အလုပ်တဖက်နဲ့မေမေတွေကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ကူညီကြမလဲ။

အလုပ်တဖက်နဲ့ မေမေတွေက အင်မတန်အလုပ်များတဲ့အပြင် ဖိစီးမှုလည်း များတဲ့သူတွေဖြစ်ပါတယ်။ သူမတို့ရဲ့ အလုပ်ကိစ္စအပြင် အိမ်မှုကိစ္စ၊ သားသမီးဝေယျာဝစ္စ၊ လင်ယောကျ်ားဝေယျာဝစ္စ၊ မိဘဝေယျာဝစ္စ စတဲ့ အလုပ်တွေအားလုံးကို သူတို့အလုပ်တာဝန်အဖြစ် တာဝန်ယူကြရတာဖြစ်ပါတယ်။ အိမ်မှုကိစ္စဆိုတာကလည်း ဘယ်တော့မှ အငြိမ်းစားမရတတ်တဲ့အလုပ်မျိုးပါပဲ။ အဲဒါကြောင့် အလုပ်တဖက်ရှိတဲ့မေမေတွေမှာ အိမ်အလုပ်အပြင်၊ အပြင်အလုပ်ကတစ်မျိုးမို့ ပိုပြီး ဖိစီးမှုများ အလုပ်ရှုပ်တတ်လို့ ကိုယ့်ကိုကိုယ်အနားပေးဖို့တောင်မေ့နေတတ်ကြတာမျိုးပါ။


အဲဒါကြောင့် အဲဒီလို အလုပ်တဖက်နဲ့မေမေတွေအတွက် တစ်အိမ်ထဲနေတဲ့ မိသားစုဝင်တွေက ဖေးမကူညီပေးပါ။ နားလည်ပေးပါ၊ ကိုယ်ချင်းစာပြီး သူ့အလုပ်၊ ကိုယ့်အလုပ်ရယ်မခွဲဘဲ ကူညီပေးဖို့လိုပါတယ်။ အဲဒါကြောင့် ဖေဖေတွေအနေနဲ့ အလုပ်တဖက်နဲ့မေမေတွေကို ဘယ်လိုကူညီနိုင်မလဲဆိုတာလေးဖော်ပြပေးလိုက်ပါတယ်။
၁) ကလေးကူထိန်းပေးကြမယ်။
များသောအားဖြင့် ဖေဖေတွေ ဆင်ခြေပေးတတ်တာက ကလေးက ငါနဲ့ဆိုမနေဘူး….တို့၊ ကလေးကို ငါမှမထိန်းတတ်တာ…..တို့၊ ကလေးကို ဘယ်လိုပုံပြင်ပြောရမှာလဲ မသိဘူး….တို့ ကြားရတတ်ပါတယ်။ တကယ်တော့ ကလေးတစ်ယောက်ရဲ့တာဝန်ကလည်း မေမေတစ်ယောက်တည်းရဲ့တာဝန်မဟုတ်ပါဘူး။ ဖေဖေတွေက ကလေးဖခင်ဖြစ်လာပြီဆိုကတည်းက ကလေးကိုဘယ်လိုထိန်းကျောင်းမလဲဆိုတာ လေ့လာထားရတော့မှာဖြစ်ပါတယ်။ ကလေးထိန်းကျောင်းခြင်းက ဒီနေ့လိုခေတ်မီတိုးတက်နေတဲ့ခေတ်မှာ အမေတွေရဲ့တာဝန်ချည်းသပ်သပ်မဟုတ်တော့ပါဘူးနော်။ အဲဒါကြောင့် ကလေးကို ဘယ်လိုစိတ်ဝင်စားအောင် ပုံပြင်ပြောမလဲလို့ ကြိုတင် လေ့လာထားမယ်၊ ကလေးကိုထိန်းရမယ်ဆိုရင် ကလေးကို ဘယ်လိုမျိုး ဉာဏ်ကွန့်မြူးစေတဲ့ကစားနည်းမျိုးနဲ့ ဆွဲဆောင်မလဲလို့ ကြိုတင်လေ့လာမယ်၊ ကလေးကို ပုံတွေဆွဲပြတာမျိုး၊ ကလေးနဲ့ ပြေးလွှားဆော့ကစားတာမျိုးလုပ်မယ် စသဖြင့် အများကြီးပါပဲနော်။ ဖေဖေတွေက အလိုက်တသိနဲ့ ကလေးကူထိန်းပေးတဲ့အခါ မေမေတွေက ကျန်တဲ့တာဝန်တွေကို စိတ်ဖြောင့်ဖြောင့်လုပ်နိုင်တာပေါ့။ အဲဒါအပြင် အလိုက်တသိ ကလေးကူထိန်းပေးဖော်ရလို့ မေမေတွေက ကျေးဇူးတောင် တင်နေပါလိမ့်အုံးမယ်။
၂) အိမ်မှုကိစ္စကူညီပေးကြမယ်။
အိမ်မှုကိစ္စကို နားမလည်ဘူး……၊ မလုပ်တတ်ဘူး…..ရယ်လို့ မကြာခဏကြားဖူးနေကျဖြစ်ရင်တောင် ကလေးတို့ဖေဖေဖြစ်လာတဲ့အခါ နားလည်အောင် လေ့လာထားရပါလိမ့်မယ်။ မေမေက ကလေးကိုထိန်းနေတယ်ဆိုရင် အိမ်ရဲ့ ပွရှုပ်နေတာတွေကို လှည်းကျင်းမယ်၊ သိမ်းဆည်းမယ်၊ သူ့နေရာနဲ့သူ ပြန်သိမ်းဆည်းမယ်၊ ဖုန်သုတ်မယ်၊ တံမြက်လှည်းမယ် စသဖြင့် ပေါ့ပေါ့ပါးပါးလေးတွေကို ဝင်ကူညီပေးလိုက်ပါ။ ရှု့ပ်ပွနေတဲ့အိမ်ကို မြင်ရတာ မေမေတင်မဟုတ်ဘဲ ဖေဖေတွေလည်း စိတ်ရှု့ပ်စေတာပဲမဟုတ်လား။ မေမေကတော့ အိမ်မှုကိစ္စလုပ်ရမယ်သိပေမယ့် မအားသေးတာကြောင့်ပဲဖြစ်ဖြစ်၊ တခြားအလုပ်တွေတန်းစီနေလို့ပဲဖြစ်ဖြစ် လုပ်ရမယ်မှန်းသိပေမယ့် လုပ်တဲ့ဆီမရောက်သေးတာမျိုးဖြစ်လေ့ရှိပါတယ်။ အမြင်မတော်ရင် ဖေဖေက ပေါ့ပါးစွာ ဝင်လုပ်ပေးလိုက်ပါနော်။
၃) မီးဖိုချောင်မှာဝင်ကူညီပေးကြမယ်။
မီးဖိုချောင်နဲ့ရင်းနှီးတဲ့ယောကျ်ားတွေက ပိုပြီး ချစ်စရာကောင်းတတ်သူတွေပါ။ အမျိုးသမီးက ဟင်းချက်နေတယ်ဆိုရင် ကိုယ်က အမှိုက်တွေသိမ်းဆည်းပေးလိုက်ပါ။ ဟင်းချက်ဖို့ ဘေးကနေ ဝိုင်းကူညီလိုက်ပါ။ အမျိုးသမီးအတွက် အမြဲတမ်းမဟုတ်တောင် တခါတလေ မီးဖိုချောင်မှာ ဝင်ပြီး ချက်ပြုတ်ပေးလိုက်ပါ။ သင့်ရဲ့ဟင်းချက်လက်ရာကောင်းသည်မကောင်းသည်ထက် သင်ကချစ်ခင်စွာနဲ့ကူညီလုပ်ကိုင်ပေးတာကို လိုချင်တာပါ။ မေမေက ထမင်းဝိုင်းပြင်ပေးထားတယ်ဆိုရင် ထမင်းစားပြီး ဖေဖေက ပန်းကန်တွေကူသိမ်းပေးလိုက်တာ၊ ပန်းကန်းတွေ ကူဆေးပေးလိုက်တာမျိုးလုပ်ပေးလို့ရပါတယ်။ အဓိကက အလုပ်တွေက အရမ်းကြီးမားတဲ့တာဝန်ဖြစ်ဖို့ထက် နိုင်သလောက်လေး ဖေးမကူညီပေးဖို့ပဲလိုတာပါ။
၄) ဈေးထွက်ဝယ်ဖို့ ကူညီကြမယ်။
ဈေးခြင်းတောင်းဆွဲပြီး ဈေးသွားတဲ့အမျိုးသားကို ချစ်စရာကောင်းတယ်လို့ပဲ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ သူ့စိတ်ထဲမှာ ဇနီးမယားကိုချစ်ခင်ခြင်းတွေအပြည့်နဲ့ ကူညီတယ်ဆိုတာ ပေါ်လွင်နေလို့ပါပဲ။ ဈေးကူဝယ်ပေးတာမျိုး၊ ဒါမှမဟုတ် ဈေးခြင်းတောင်းကူဆွဲပေးတာမျိုးကလည်း ကူညီပေးခြင်းတစ်မျိုးပါပဲ။
၅) အဝတ်ကူလျှော်ကြည့်မယ်။
နည်းပညာတိုးတက်လာတဲ့ဒီနေ့လိုခေတ်မျိုးမှာ အဝတ်လျှော်စက်ထဲ အဝတ်လေးတွေ ကူထည့်ပြီး ကူလျှော်ပေးတာမျိုးတော့ သိအောင် လုပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မေမေအဝတ်လျှော်ပြီးချိန် အတ်တွေကူလှမ်းပေးတာမျိုးပေါ့။ အလုပ်တွေလည်း မြန်မြန်ပြီးနိုင်သလို မေမေတွေလည်း ကူညီပြီးလုပ်ကိုင်ပေးဖော်ရတဲ့ဖေဖေတွေကို ကျေးဇူးတင်နေမှာပါ။
တကယ်တော့ အိမ်အလုပ်မို့ အိမ်ရှင်မနဲ့သာဆိုင်တယ်၊ အိမ်ထောင်ဦးစီးနဲ့မဆိုင်ဘူးရယ်လို့ မရှိပါဘူးနော်။ နှစ်ဦးလုံးမှာ တာဝန်ကိုယ်စီယူတတ်ရင် တစ်ဦးတစ်ယောက်တည်းကို တာဝန်တွေပုံပြီး ပိနေတာမျိုးမရှိတော့ဘဲ တစ်ဦးပေါ်တစ်ဦးမေတ္တာတွေတိုးပြီး ပျော်စရာမိသားစုလေးဖြစ်နိုင်ပါတယ်။ အိမ်မှုကိစ္စကြီးကြီးမားမားတွေမှမဟုတ်ဘဲ ကိုယ်လုပ်နိုင်တာလေးကို အလိုက်တသိနဲ့ ဖေးမကူညီပေးရင် အလုပ်တဖက်နဲ့ မေမေတွေကို ဖိစီးမှုတွေသက်သာစေလို့ မိသားစုတွင်းမှာလည်း ပိုပြီး သာယာပျော်ရွှင်စရာကောင်းနေပါလိမ့်မယ်။
အဲဒါကြောင့် ဖေဖေတွေလည်း အထက်က ဖော်ပြထားတဲ့အချက်လေးတွေထဲက ကိုယ်လုပ်နိုင်တာလေးတွေ မေမေတွေကို ကူညီးပေးလိုက်ပါအုံးလို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။