အလုပ်နဲ့ဘဝကို မျှတအောင် ဘယ်လိုလုပ်သင့်သလဲ။

ကျွန်တော်တို့ အမြဲလိုကြားနေကျစကားရှိပါတယ်။ အလုပ်နဲ့ဘဝကို မျှတအောင်လုပ်ရမယ်ဆိုတာပေါ့။ အဲဒါက ဘာကိုဆိုလိုတာလဲဆိုတော့ အလုပ်နဲ့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအချိန်တွေကို ကောင်းမွန်စွာ အချိုးညီမျှစွာ သုံးနိင်ဖို့ပြောချင်တာပါ။ အလုပ်မှာ stress များတယ်လို့ပြောတတ်ကြတဲ့သူတွေဆိုရင် များသောအားဖြင့် အလုပ်သွားဖို့ကိုစိတ်မပျော်တတ်ကြသလို၊ အိမ်ပြန်ရောက်ချိန်မှာလည်း အလုပ်က စိတ်ဖိစီးမှုတွေနဲ့ မိသားစုဘဝမှာ စိတ်ကြည်လင်မှုရှိမှာမဟုတ်ပါဘူး။ စိတ်ကြည်လင်မှုမရှိတဲ့အခါ မိသားစုဘဝက သာယာမှုမရှိနိုင်ပါဘူး။ စိတ်တိုဒေါသကြီးခြင်း၊ စိတ်မရှည်ခြင်း၊ အိမ်ထောင်ဘက်နဲ့အဆင်မပြေခြင်း၊ သားသမီးတွေကို အချိန်ပေးချင်စိတ်မရှိခြင်း စတဲ့ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်ဓာတ်ကျဆင်းခြင်းနဲ့ အထီးကျန်ခြင်းပါ ခံစားရနိုင်ပါတယ်။ စိတ်ကျန်းမာရေးမကောင်းတဲ့အခါ ကိုယ်ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် အလုပ်နဲ့ဘဝကို မျှတအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာလေးကို မျှဝေပေးလိုက်ပါတယ်။


အလုပ်နဲ့ဘဝမျှတတယ်ဆိုတာက သင့်ဘဝမှာ သင့်အလုပ်က အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့လက်ခံလိုက်ပါ။ အလုပ်မှာလည်း ပျော်ရွှင်ဖို့လိုသလို၊ သင့်ရဲ့အိမ်မှာလည်း ပျော်ရွှင်ဖို့လိုပါတယ်။ အလုပ်ကို စိတ်မပါ၊ စိတ်မပျော်ဘဲ အချိန်အကြားကြီးလုပ်နေခြင်းက သင့်အလုပ်လည်း မပြီးမြောက်နိုင်သလို၊ သင့်ဘဝအချိန်လည်း ပဲ့စေပါတယ်။
အရင်ဆုံး အချိန်ကို ပြန်ပြီးစီမံခန့်ခွဲဖို့ စဉ်းစားပါ။ တစ်နေ့တာလုံးမှ ာအချိန်ကိုသင်ဘယ်လိုအသုံးချခဲ့သလဲ။
သင်စဉ်းစားရမှာက အလုပ်မှာအချိန်ဘယ်လောက်ကုန်ဆုံးသလဲ၊ ကျွန်တော်တို့ရဲ့ မိသားစုဘဝကို အချိန်ဘယ်လောက်ကုန်ဆုံးသလဲဆိုတာပါ။ အဲဒါဆိုရင် အလုပ်မှာကုန်ဆုံးရတဲ့အချိန်အတွင်းမှာ အခြားသူများနဲ့ အဓိပ္ပါယ်ရှိစွာ ကုန်ဆုံးနိုင်အောင်ကြိုးစားမယ်၊ အဲဒါကြောင့် အလုပ်ကို သေချာအာရုံစိုက်မယ်၊ ထိရောက်စွာပြီးမြောက်အောင်လုပ်မယ်။ အာရုံမစိုက်မိတဲ့အခါ အလုပ်ကမပြီးမြောက်နိုင်ဘဲ အချိန်သာကုန်သွားတတ်ပါတယ်။ အဲဒီ့အခါ အလုပ်မပြီးဘဲ အရေးပေါ်အလုပ်တွေ အိမ်မှာဆက်လုပ်ရတာမျိုးဖြစ်လာနိုင်လို့ပါ။
အဲဒါကြောင့် တစ်နေ့တာလုံးမှာ လုပ်ရမယ့်အလုပ်တွေကို အရေးကြီးတာ ၊ မကြီးတာ အစဉ်လိုက်တန်းစီရေးချထားလိုက်ပါ။
အလုပ်တစ်ခုလုပ်မယ်စဉ်းစားရင် ထိုအလုပ်ပြီးဆုံးရမယ့်အချိန်ကို အကြမ်းဖျင်းသတ်မှတ်လိုက်ပါ။ ထိုသတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးအောင် အာရုံစိုက်ပါ။ အဲဒါဆိုရင် ထိုအလုပ်က သင်သတ်မှတ်ထားတဲ့အချိန်နဲ့ မတိမ်းမယိမ်းမှာ ပြီးသွားတာကို သင်အံအားသင့်ဖွယ်တွေ့ရပါလိမ့်မယ်။
နောက်တစ်ခုကတော့ သင်လုပ်ရမယ့်အလုပ်ကို စိတ်အားထက်သန်မှုရှိဖို့လိုပါတယ်။ သင့်အချိန်ကို သေချာစီမံခန့်ခွဲခြင်းက သင့်ရဲ့အလုပ်နဲ့ဘဝမျှတဖို့ပါ။ ဒါပေမယ့် ဒီထက်အရေးကြီးတာကတော့ သင်ချစ်တဲ့အလုပ်ကို သင်လုပ်နေရဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေက ကိုယ်တကယ်ချစ်တဲ့အလုပ်ကို လုပ်နေရတဲ့အခါ အလုပ်က သိသာစွာ ထိရောက်မှုရှိတာကိုတွေ့ရလို့ပါ။ အလုပ်ကိုတော့ လစာအဖြတ်ခံရမှာစိုးလို့ နေ့တိုင်းသွားနေပါတယ်။ အလုပ်လုပ်ရတာစိတ်မပါ၊ အလုပ်ကို ထမင်းစားဖို့သက်သက်လုပ်နေတယ်၊ လုံး၀ ကိုယ်ကြိုက်တဲ့အလုပ်မဟုတ်ပါဘူးဆိုရင် အလုပ်က ပြီးမြောက်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့တစ်ဘဝလုံးအတွက် ရည်မှန်းချက်ကဘာလဲဆိုတာ သိဖို့လိုပါတယ်။ ထိုရည်မှန်းချက်နဲ့ကိုက်တဲ့အလုပ်ဖြစ်နေမှ သင်တကယ် မပျင်းမရိဘဲ အလုပ်လုပ်ချင်စိတ်ဖြစ်မယ်၊ အလုပ်မှာ ပျော်မှာဖြစ်ပါတယ်။
တော်တော်များများကတော့ ကိုယ်ချစ်တဲ့အလုပ်ကိုပဲ လုပ်ရလောက်အောင် ကံကောင်းကြမယ်မထင်ပါဘူးနော်။ အဲဒါဆိုရင်တော့ သင်လက်ရှိလုပ်နေရတဲ့အလုပ်မှာ ပိုအဆင့်မြင်တဲ့နေရာ၊ ဒါမှမဟုတ် ပိုပြီးရာထူးကြီးတဲ့နေရာတစ်နေရာကို ရောက်အောင်ကြိုးစားပါ။ အဲဒါအတွက်ပြင်ဆင်ကြည့်ပါ။ သင်က သာမန်ရုံးစာရေးဆိုပါတော့ ၊ အဲဒါဆိုရင် ကြီးကြပ်ရေးမှုးအဆင့်လောက်ရအောင် အလုပ်တစ်ဖက်နဲ့သင်တန်းထပ်တက်ပြီး သင့်ကိုသင် လေ့ကျင့်ပါ။ ဒီရာထူးနေရာသာရောက်ရင် ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိလာနိုင်မလား တွေးကြည့်ပါ။ ဘယ်သူမဆို မိမိရောက်နေတဲ့နေရာထက်သာတဲ့နေရာတစ်နေရာကို ရောက်ရင်တော့ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိသွားကြတာပေါ့။ အဲဒီ့ခံစားချက်ကို ကြိုတင်ခံစားကြည့်ပြီး သင့်အလုပ်မှာ ပိုထိရောက်အောင်လုပ်ပါ။ သင်တန်းတွေထပ်တက်ပါ။
နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ သင်ပျော်နေတဲ့အလုပ် သင့်ကိုပျော်ရွှင်မှုပေးတဲ့အရာကဘာလဲဆိုတာ သင်သိဖို့ကြိုးစားပါ။ ဥပမာ သင်ကအရောင်းဝန်ထမ်းဆိုပါတော့။ သင်က ပစ္စည်းတစ်ခုရောင်းလိုက်တိုင်း သင့်အတွက် ရာခိုင်နှုန်းပမာဏတစ်ခုရမယ်ဆိုရင် သင်ရောင်းနေတဲ့ပစ္စည်းများများရောင်းထွက်လေ သင်ပျော်လေပဲမဟုတ်လား။ အဲဒါဆိုရင် အဲဒီလို များများရောင်းထွက်ဖို့ကို အာရုံစိုက်လိုက်ပါ။
အလုပ်ခွင်ထဲမှာ ပျော်ရွှင်နေတဲ့အခါ အလုပ်သွားရမှာကို ကြောက်စရာ၊ စိတ်ညစ်စရာလို့မထင်တတ်တော့ပါဘူး။ အဲဒီ့အခါ အလုပ်တွေပိုပြီး ပြီးမြောက်ဖို့လွယ်လာပါတယ်။ အလုပ်ပြီးမြောက်တဲ့အခါ သင့်မှာ စိတ်ဖိစီးမှု တစ်ဝက်နည်းလာတာနဲ့တူပါတယ်။ ကျန်တဲ့မိသားစုစားဝတ်နေရေးအတွက် ဖိစီးမှုတော့ရှိပေမယ့် အလုပ်နဲ့ပတ်သက်ပြီး စိတ်စိဖီးမှုသက်သာသွားတာပေါ့။ အလုပ်မှာပေါ့ပါးနေတဲ့အခါ အလုပ်ကနေ အိမ်အပြန်မှာ စိတ်လက်ကြည်လင်နေပါလိမ့်မယ်။ အဲဒီ့အခါ အိမ်ရဲ့ကိစ္စအချို့ကို သင်အာရုံစိုက်ဖြေရှင်းနိုင်ပါလိမ့်မယ်။ သင့်သားသမီးကိုလည်း အချိန်ပေးနိုင်လာပါလိမ့်မယ်။ သင့်အိမ်ထောင်ဖက်ကိုလည်း ကူညီနိုင်လာပါမယ်၊ သင့်မိသားစုပိုပြီးနွေးထွေးလာနိုင်ပါတယ်။

အဲဒါကြောင့် အလုပ်နဲ့ဘ၀ မျှတနေခြင်းက သင့်ဘဝကို ပိုပြီး နေပျော်စေမှာပါ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။