အလုပ်ခွင်ထဲမှာ ကြုံရတဲ့ အနိုင်ကျင့်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ။

အလုပ်ခွင်ထဲမှာ အမျိုးမျိုးသော အနိုင်ကျင့်မှုတွေကို ကြုံဖူးကြလား။ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တာဖြစ်ဖြစ်၊ နှုတ်အားဖြင့် ထိခိုက်အောင်ပြောဆိုတာဖြစ်ဖြစ်၊ ကိုယ်မတတ်မသိသေးတဲ့အလုပ်ခွင်အတွက်သင်ယူနေတဲ့အခါမျိုးမှာ ကိုယ့်ကိုတမင်ချန်ထားတာမျိုး၊ အဖက်မလုပ်တာမျိုး၊ ကိုယ့်ကိုဘာမှမတတ်တဲ့ငတုံးတစ်ယောက်လို ဆက်ဆံသွားတာမျိုး၊ တချို့ကျပြန်တော့လည်း ကိုယ့်ကို နှိမ်ခံဖက်လို့ ပြုမူသွားတာမျိုးတွေပေါ့။ အဲဒီလိုအပြုအမူတွေနဲ့ အနိုင်ကျင့်တာဖြစ်ဖြစ်၊ နှုတ်ဖြင့်အနိုင်ကျင့်တာဖြစ်ဖြစ်၊ လုပ်ငန်းခွင်အတွင်းတနည်းနည်းနဲ့အနိုင်ကျင့်တတ်သူမျိုးကြုံလာခဲ့ရင် လုပ်သင့်တဲ့အချက်လေးတွေဖော်ပြလိုက်ပါတယ်။


၁) အတတ်နိုင်ဆုံး ကိုယ်ပေါင်းစိတ်ခွာနေပါ။
အနိုင်ကျင့်တတ်သူက ကြာကြာဟန်ဆောင်ထားလို့မရပါဘူး။ တနည်းနည်းနဲ့ သင့်အပေါ်အနိုင်ကျင့်မှာမို့ သိသာပါတယ်။ အနိုင်ကျင့်တတ်သူမှန်းသိလာတဲ့အခါ ထိုလူမျိုးကို အပေါ်ယံလောက်သာ ပေါင်းသင်းဆက်ဆံမပျက်ရအောင် ပေါင်းသင်းပါ။ ခပ်တန်းတန်းနေတာ၊ ထမင်းစား၊ရေသောက် စကားပြောတာလောက်ကလွဲပြီး အဲဒီလိုလူမျိုးကို ထဲထဲဝင်ဝင်ပေါင်းသင်းပတ်သက်တာမျိုးမလုပ်ပါနဲ့။

၂) မဖြစ်မနေပတ်သက်ရတဲ့အခါ ကိုယ့်ဘက်က အမှားမဖြစ်အောင် ထိန်းပါ။
အဲဒီလိုအနိုင်ကျင့်တတ်သူကို အလုပ်သဘောအရ အလုပ်ကိစ္စရောနှောပြီးအလုပ်လုပ်ရတာမျိုး၊ ကိုယ့်အလုပ်တွေ သူ့ကိုတာဝန်ယူခိုင်းရတာမျိုး စသဖြင့် တခုခုကြောင့် ပတ်သက်ရတော့မယ်ဆိုရင် ကိုယ့်ဘက်က အသေချာဆုံးဖြစ်အောင် တိတိကျကျ စီစဥ်ထားတာအကောင်းဆုံးပါပဲ။ အဲဒီလိုလူမျိုးတွေနဲ့ အလုပ်အတူလုပ်တဲ့အခါ သူ့အမှားကို ကိုယ့်အမှားလိုလုပ်တတ်သူတွေလည်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ဘက်က တိကျအောင်၊ စီစဥ်၊ မှတ်သားသမှုလုပ်ထားတာ အကောင်းဆုံးပါပဲ။

၃)ကိုယ့်ဘက်ကအမှန်ဖြစ်ကြောင်း သက်သေယူထားပါ။
ကိုယ့်အမှားလို့ ထောက်ပြလာနိုင်ချေရှိတာတွေကို ထောင့်စေ့အောင် စဥ်းစားပြီး ပြင်ဆင်ပါ။ ကိုယ့်ဘက်က မှန်ကန်ကြောင်း သက်သေပြနိုင်အောင် ကြိုတင်တွေးတောထားပါ။ အချက်အလက်နဲ့ ထောက်ပြနိုင်တာပိုကောာင်းပါတယ်။
၄)ကိုယ့်ထက်ရာထူးကြီးအာဏာရှိသူဖြစ်နေခဲ့ရင်လည်း အလိမ္မာနည်းသုံးပြီး ရှောင်ထွက်ပါ။
ကိုယ်နဲ့အကြီးအကျယ်ပြဿနာတက်နိုင်တာမျိုး၊ ကိုယ့်ကိုအများကြီးထိခိုက်နိုင်တယ်ဆိုရင် အလုပ်အတူလုပ်ရကတည်းက သက်သေယူထားပါ၊ ဒါမှမဟုတ် သူက ကိုယ့်အပေါ် တနည်းနည်းနဲ့အနိုင်ကျင့်တတ်ကြောင်း သက်သေလုပ်ထားပါ။ ကိုယ့်ဘက်က မှန်ကန်ကြောင်းသက်သေပြနိုင်ပြီး ထိတိုက်ရင်ဆိုင်မရရင် ပညာရှိနည်းသုံးပြီးရှောင်ထွက်တာအကောင်းဆုံးပါပဲ။

၅) ပြတ်သားသင့်တဲ့နေရာပြတ်သားပါ။
ကြောက်လန့်နေတဲ့ပုံစံမျိုးနဲ့ ပြယာခတ်နေတာမျိုးကို အဲဒီလိုလူတွေက ပိုပြီး အနိုင်ကျင့်ဖို့လွယ်တယ်လို့ တွေးတတ်ပါတယ်။ ဘယ်လိုနည်းနဲ့အနိုင်ကျင့်တာဖြစ်ဖြစ်၊ အရင်ဆုံး ယဥ်ကျေးစွာနဲ့ ပြတ်သားစွာ မနှစ်သက်တဲ့အကြောင်းပြောပြနိုင်ပါတယ်။ မှန်မှန်ကန်ကန်နဲ့ ပြတ်သားကြောင်း ရဲဝင့်တဲ့ပုံစံမျိုးဆိုရင် အနိုင်ကျင့်တတ်သူတွေက အနိုင်ကျင့်လို့မလွယ်မှန်းသိပြီး မလုပ်ရဲတော့ပါဘူး။

၆) သက်ဆိုင်ရာအဖွဲ့အစည်းဌာနတွေကို လေ့လာထားပါ။
တခုခုဆိုရင် ဘယ်ဥပဒေနဲ့ ဘယ်လမ်းကြောင်းက ဘယ်ဌာနကို သွားနိုင်ကြောင်းဆိုတာ မသိမရှိရအောင် လေ့လာထားပါ။ အမြင်ကျယ်ပြီး ဗဟုသုတ တီးခေါက်မိသူဖြစ်ကြောင်းသိထားရင်လည်း အနိုင်ကျင့်တတ်သူတွေက ရှောင်တတ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။