အကြွေးတွေ လည်ပင်းထိရောက်နေတဲ့အခါ ဘယ်လိုဖြေရှင်းမလဲ။

အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြ ဿ နာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်နည်းလမ်းတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ၁) အလုပ်ပိုလုပ်ပါ။ ရိုးရိုးလေးပါ၊ အကြွေးတွေများလာရင် အလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ၊ အိမ်လိုက်ပြီး အခြေခံကွန်ပျူတာ သင်ပေးမလား၊ တစ်လဘယ်လောက်ဆိုတာမျိုး ဖေ့ဘုတ်ကနေ ကြေငြာတင်လိုက်ပါ။ သင့်အလုပ်ချိန်ပြီးတာနဲ့ သွားသင်ပေးလို့ရပါတယ်။ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခု city mart လို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။ ၂) ငွေတွေ ပိုလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။ တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ အကြွေးမြန်မြန်ကြေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကြေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။ ၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။ ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ ၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။ တစ်လလုံး ခြိုးခြံပြီး စားလိုက်ရတာက ကိစ္စမရှိပါဘူး၊ အချိန်တန်ရင် ငွေတွေပြန်ပေါ်လာမှာပါပဲ။ အကြွေးတွေ မဆပ်နိုင်ခြင်းကသာ ဝန်ပိစေတာပါ။ စားစရိတ်၊ အသုံးစရိတ်တစ်ချို့ကို လျှော့သုံးဖို့ကြိုးစားကြည့်ပါ။ အတိုးသမားကို အတိုးနဲ့အရင်းတွဲဆပ်ဖို့ ကြိုးစားကြည့်လိုက်ပါ။ အတိုးချည်းဆပ်တာထက်စာရင် အတိုးနဲ့အရင်းမျှဆပ်တာက အချိန်တိုအတွင်းမှာ အကြွေးတွေမြန်မြန်ကြေစေပါတယ်။ သင့်လည်း မြန်မြန်စိတ်ချမ်းသာရမှာပါ။ ၅) ခပ်ပေါ့ပေါ့မတွေးပါနဲ့။ အကြွေးမကျေခြင်းရဲ့ အဓိက တရားခံက “ငါအတိုးမှန်မှန်ပေးနေတာပဲ……အတိုးဆပ်နိုင်ရင်တော်ပြီပေါ့၊ ငွေပိုထွက်လာမှ အရင်းကို လုံးခနဲဆပ်လိုက်မယ်” ထိုကဲ့သို့တွေးခြင်းပါပဲ။ တစ်ချို့က အဲလိုတွေးပြီး ကိုယ့်ရဲ့ပုံမှန်နေ့စဉ်အသုံးစရိတ်ကို လုံးဝမလျှော့ချပါဘူး။ ဒါ့အပြင် စိတ်ရှိတိုင်း သုံးပစ်တတ်ကြပါသေးတယ်။ အဲဒါက သင့်ကို အတိုးပေါ်အတိုးဆင့်လာစေသလို၊ နောက်ထပ် အကြွေးတွေထပ်တင်ဖို့လည်း လွယ်ကူသွားစေပါတယ်။ ၆) အကြွေးဝယ်ကဒ်တွေကို မေ့ထားပါ။ တစ်ခါတစ်လေကျတော့ စိတ်အလိုလိုက်ဝယ်မိချင်စိတ်ကို အကြွေးဝယ်ကဒ်တွေက ပိုဆိုးစေတတ်ပါတယ်။ အကြွေးဝယ်ကဒ်ရှိနေရင်တောင် မေ့ထားလိုက်ပါ။ ၇) ကိုယ့်ကိုကိုယ်ဆန်းစစ်ပါ။ တစ်ခါတစ်လေ သုံးချင်တာပေါ်လာရင် ကိုယ့်ကိုကိုယ် ပြန်ဆန်းစစ်လိုက်ပါ။ “ငါ့မှာ အကြွေးဘယ်လောက်ရှိနေသလဲ………ခုဝယ်မယ့်ပစ္စည်းက လိုအပ်လား၊ မလိုအပ်ဘူးလား၊ လိုချင်နေတာလား” အဲလိုပြန်တွေးကြည့်ပါ။ လိုချင်နေတာမျိုးဆိုရင်တော့ ခုချိန်မျိုးမှာ မဝယ်သင့်သေးပါဘူး။ ငွေအလကားကုန်ပါတယ်။ အကြွေးတွေကို အမြဲသတိရနေဖို့မလိုပေမယ့် အမြဲလည်း မေ့ထားလို့မဖြစ်ပါဘူး။ အလဟဿ သုံးမိတော့မယ်ဆိုရင် အကြွေးရှိနေတာကို သတိရပါ။ သင့်လက်ထဲ ပိုက်ဆံရလာတဲ့အခါ သတိရပါ။ အဲဒါက သင့်ကိုအကြွေးဆပ်ဖို့ သတိရစေမှာပါ။ အကြွေးကို စိတ်ညစ်လို့ အမြဲတစေမေ့ထားပြန်ရင်တော့ သင့်လက်ထဲငွေတွေရလာတဲ့အခါ သင်သုံးချင်တာသုံးမိပြီး အကြွေးတွေက မလျော့တဲ့အပြင် ထပ်တောင်တိုးလာနိုင်ပါတယ်။ ဖော်ပြထားတဲ့အချက်လေးတွေကို လိုက်နာကြည့်ပြီးတော့ ဖြေးဖြေးချင်းဆပ်သွားနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။