အခြားသူနဲ့ နှိုင်းယှဥ်နေမိတဲ့အကျင့်ကို ဘယ်လိုဖျောက်မလဲ။

အခြားသူတွေနဲ့ နှိုင်းယှဥ်တတ်တဲ့အကျင့်ရှိလား။ အခြားသူတွေကို ကြည့်ပြီး အားကျနေတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်အားမရဖြစ်နေတာမျိုးဟာ အချိန်ကုန်စေတဲ့အပြင် အကျိုးမထူးဘဲ စိတ်ဖိစီးမှုကိုသာ တိုးလာစေတာဖြစ်ပါတယ်။ များသောအားဖြင့် ဒီနေ့ခေတ်လို လူမှုကွန်ရက်အသုံးများလာတဲ့အခါမျိုးမှာ လူတိုင်းဟာ ကိုယ့်ရဲ့အားသာချက်၊ ကောင်းကွက်နဲ့ ကိုယ့်ဘဝရဲ့ကောင်းတဲ့အချက်တွေကိုသာ အွန်လိုင်းမှာမျှဝေကြတာဖြစ်ပါတယ်။ အဲဒါတွေကို မြင်မိတိုင်း ကိုယ့်ဘဝကျမှ ဆိုးဝါးလှချည်လို့ တွေးပူနေလို့မဖြစ်ပါဘူး။ လူတိုင်းဟာ ကောင်းကွက်မကောင်းကွက်ရှိသလိုပဲ မိသားစုတိုင်း၊ ဘဝတိုင်းမှာလည်း ပျော်စရာရှိသလို၊ နာကျင်ကြေကွဲစရာတွေလည်းရှိကြတယ်ဆိုတာ နှလုံးသွင်းရင်း အောက်ပါအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ။


၁) အခြားလူကိုအာရုံစိုက်ခြင်းကနေ ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်ပါ။
ကိုယ့်ကိုယ်ကိုယ်သတိလေးကပ်ထားပါ။ ကိုယ်က အခြားသူရဲ့ဘဝကို အားကျလို့ရပါတယ်၊ ထိုသူတွေနဲ့ထပ်တူ ပျော်ရွှင်လို့ရပါတယ်၊ အခြားသူတွေရဲ့အဆင်ပြေမှု၊ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေကို မုဒိတာ ပွား မျှဝေပျော်ရွှင်ခံစားခြင်းက သင့်ကိုတောင် အပျော်ကူးစက်စေမှာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ်ဘဲ သင့်ဘဝနဲ့နှိုင်းယှဥ်မိလာပြီဆိုရင်တော့ သင့်မှာ ဆိုးကျိုးတွေရှိလာပါပြီ။ သင့်ဘဝကို သင်အားမရတာ၊ သင်ကိုယ်သင်အသုံးမကျဘူးလို့ထင်လာတာ၊ သင့်ဘဝသာ ဆိုးဝါးနေတယ်လို့ထင်လာတာကနေ စိတ်ဖိစီးပြိး စိတ်ဓာတ်ကျတာမျိုးထိဖြစ်လာနိုင်ပါတယ်။ အဲဒီလို အခြားသူတွေရဲ့ဘဝနဲ့သင့်ဘဝကိုနှိုင်းယှဥ်ပြီး ထိခိုက်ခံစားမိလာပြီဆိုရင်တော့ သင့်ကိုသင် သတိပေးပါ။ အခြားလူအပေါ်အရမ်းအာရုံစိုက်မိနေခြင်းကနေ လမ်းလွှဲလိုက်ပါ။ ကိုယ့်ကိုယ်ကိုယ်ပြန်အာရုံစိုက်ပါ။ ကိုယ့်အားသာချက်ကိုပြန်တွေးပါ။ ကိုယ့်မှာရှိတဲ့ကံကောင်းခြင်းကိုပြန်တွေးပါ။

၂) ကိုယ့်ရဲ့တွေးထင်ခြင်းကို ရပ်တန့်ပါ။
ကိုယ့်ကိုယ်ကိုယ်မှဆိုးတယ်ထင်ပြီး အခြားသူအားလုံးကိုယ့်ထက်အဆင်ပြေနေတယ်ထင်တဲ့စိတ်ကို ဖျောက်ပစ်ပါ။ အဲဒါက သင့်ရဲ့တွေးထင်ခြင်းသက်သက်သာဖြစ်ပါတယ်။ တကယ်တော့လူတိုင်းမှာ အခက်အခဲရှိသလို၊ ပျော်ရွှင်ချိန်၊ ဝမ်းနည်းချိန်, ကြည်နူးချိန်ရယ်လို့ရှိတာချည်းပါပဲ။ ဘယ်သူဘဝမှ ပြီးပြည့်စုံနေတယ်ဆိုတာမရှိပါဘူး။ အဲဒါကြောင့် သင့်ရဲ့အတွေးတွေကို ၇ပ်ပစ်လိုက်ပါ။

၃) ကိုယ့်လုပ်စရာရှိတာကိုအာရုံစိုက်ပါ။
လက်ရှိ ကိုယ်တကယ်လုပ်သင့်တာကိုသာ အာရုံစိုက်လိုက်ပါ။ အဲဒါက သင်တွေးထင်နေတာတွေကို ရပ်တန့်သွားစေပါတယ်။ အတွေးလွန်ပြီး ထင်ချင်ရာထင်နေတာကို အာရုံပြောင်းတဲ့သဘောပါပဲ။ ကိုယ်တကယ်လုပ်သင့်တဲ့အရာကိုအာရုံစိုက်လိုက်ခြင်းက သင့်ဘဝကို တစ်နည်းနည်းနဲ့အကျိုးရှိစေမှာပါ။ အဲဒါအပြင် အချိန်ကုန်သက်သာ၊ အကျိုးရှိ၊ စိတ်ဖိစီးမှုနည်းစေပါတယ်။

၄) ကိုယ့်တိုးတက်လာခြင်း၊ ကံကောင်းခြင်း၊ လုပ်ဆေင်နိုင်ခြင်းတွေကို ရှာဖွေပါ။
အဲဒါအပြင် သင့်ဘဝမှာ ခုချိန် ဆိုးတာတွေရှိခဲ့တယ်ဆိုရင်တောင် အဲဒီ့အဆိုးတွေကြားထဲကနေ ခုထိရှင်သန်နိုင်ခြင်းရဲ့ကံကောင်းခြင်းတွေကို ရှာတွေးကြည့်ပါ။ တခုချင်း တွေးကြည့်တဲ့အကျင့်လုပ်ကြည့်ပါ။ သင်မထင်ထားတာတွေမှာပါ သင်ကံကောင်းနေတယ်ဆိုတာ သင်ပြန်မြင်ယောင်လာပါလိမ့်မယ်၊ ဥပမာ၊ ခုချိန်ထိ သင်ကျန်းမာနေသေးတာမျိုး၊ ခုချိန်ထိ ပုံမှန်လစာရပြီး ဝင်ငွေမှန်နေတာမျိုး ခုချိန်ထိ မိဘအစုံအလင်ရှိနေတာမျိုး၊ ခုချိန်ထိ သင်လုပ်ချင်တာတွေလုပ်နေနိုင်တာမျိုးပေါ့။ အဲဒီလို ကံကောင်းသွားတဲ့အချက်လေးတွေပြန်တွေးကြည့်တဲ့အကျင့်လုပ်ထားပါ။ အဲဒါဆို တကယ်အခက်အခဲကြားကနေတောင်မှ သင့်ကံကောင်းတာလေးတွေကိုပါ မြင်တတ်လာပြီး ကြံဖန်ပျော်ရှင်တတ်လာပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။