အခြားသူကိုထိခိုက်မှုမရှိစေဘဲ အမှန်တရားကို ပြောနိုင်မယ့်နည်းလမ်း ၇မျိုး

တခါတလေ ကိုယ်ကတော့ စေတနာနဲ့ပြောလိုက်တဲ့မှန်သောစကားဖြစ်ပေမယ့် တဖက်လူက မကြိုက်တာမျိုး၊ ကိုယ်ပြောလိုက်တဲ့စကားကို နာကျင်သွားတာမျိုး လူတိုင်းလို ကြုံဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့်လည်း မှန်လွန်းတဲ့လူ ရွာပြင်ထုတ်ခံရတယ် ဆိုတဲ့စကားဖြစ်လာပုံရပါတယ်။ တကယ်လည်း ကိုယ်ကအမှန်ပြောလိုက်ပေမယ့် တဖက်လူက မခံမရပ်နိုင်အောင် လက်မခံနိုင်ဖြစ်သွားတတ်ပါတယ်။ အဲဒါဆိုရင် မှန်တာကို မပြောရတော့ဘူးလား။ အဲလိုလည်း မဟုတ်ပါဘူး။ မှန်ရာကိုတော့ ပြောရဲရမှာပေါ့၊ ပြောခွင့်လည်းရှိရမှာပေါ့။ အဲဒါဆို မှန်တဲ့စကားကို တဖက်လူမနာကျင်အောင် ထိခိုက်မှုမရှိအောင် ဘယ်လိုပြောမလဲဆိုတာ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်ပါနော်။


၁) ဆက်ဆံရေးတစ်ခုတည်ဆောက်တဲ့အခါမှာ အမှန်အတိုင်းသာ စတင်ဆက်ဆံပါ။
မီဒီယာပေါ်မှာ ဒါမှမဟုတ် ကျဉ်းမြောင်းတဲ့အမြင်နဲ့ဆုံးဖြတ်တာမျိုးကို မလိုချင်တဲ့အတွက် တချို့လူတွေကလိမ်ညာပြီး ဆက်ဆံရေးတစ်ခုကိုစတင်တတ်ကြပါတယ်။ ဥပမာ၊ ပြိုကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခုကို ပျော်ရွှင်နေဟန်နဲ့ မီဒီယာပေါ်မှာ ပျော်ရွှင်နေတဲ့ပုံတွေတင်နေတာမျိုး အပြင်မှာတော့ အကြွေးလည်ပင်းနစ်နေပေမယ့် မီဒီယာပေါ်မှာတော့ အကောင်းစားတွေ ဝတ်ပြ၊ စားပြ၊ ဝယ်ပြနေတာမျိုး စသဖြင့်ပါ။ စပြီးဆက်ဆံရေးတစ်ခုကို စတင်လိုက်ကတည်းက အမှန်အတိုင်း အရှိကိုအရှိအတိုင်းပြထားတဲ့ဆက်ဆံရေးမှာ လိမ်ညာနေစရာမလိုတော့ပါဘူး။ ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းဆက်ဆံပြီး ဆက်ဆံတတ်တဲ့ဆက်ဆံရေးမျိုးကလည်း မြဲတတ်ပါတယ်။ ကိုယ်က အလယ်လတ်တန်းစားလူတန်းစာမို့ ဒီလောက်ပဲ ဝတ်နိုင်စားနိုင်နေနိုင်တယ် ၊ အမှန်အတိုင်းပြသတယ်၊ ထိုအခြေအနေကို လက်ခံနိုင်တဲ့သူတွေသာ ကိုယ်နဲ့အပေါင်းအသင်းဖြစ်ပါလိမ့်မယ်။ အဲလိုမဟုတ်ဘဲ တကယ်တော့ ကိုယ်က အရမ်းကိုချမ်းသာနေတဲ့ပုံစံဟန်ဆောင်လိမ်ညာခဲ့ရင် ကိုယ့်ရဲ့အခြေအနေအမှန်မဟုတ်တဲ့အတွက် အမြဲတမ်းထိုဆက်ဆံရေးမှာလိမ်ညာနေရမှာပါပဲ။ အဲဒါအပြင် ကိုယ်ဟန်ဆောင်ပြထားတဲ့အခြေအနေမျိုးကို တကယ်ထင်ပြီး ကိုယ့်ကိုလာရောက်ဆက်ဆံပတ်သက်သူတွေက ကိုယ့်ရဲ့မူရင်းအမှန်ကိုသိသွားတဲ့အခါ ကိုယ့်ဘေးမှာရှိနေနိုင်ပါ့ဦးမလား။ မဖြစ်နိုင်ပါဘူး…..ကိုယ့်က လူတိုင်းကို ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကိုပြသခြင်းနည်းနဲ့ ဆက်ဆံခြင်းကသာ ကိုယ်နဲ့type တူတဲ့သူတွေကို ဆက်လက်ရရှိစေနိုင်တာဖြစ်ပါတယ်။

၂) အမြဲတမ်းအမှန်အတိုင်းပြုမူနေထိုင်တတ်သူဖြစ်ပါစေ။
သင်ကအမြဲတမ်းလိုလို အသေးအဖွဲလေးတွေက အစ လိမ်ညာနေတတ်ခဲ့တာကို သင့်ပတ်ဝန်းကျင်က လူတွေက တစ်နေ့မဟုတ်တစ်နေ့တော့သိလာမှာပါပဲ။ အဲဒီလိုလိမ်ညာတတ်တဲ့သူရဲ့စကားကိုလည်း ဘယ်သူမှ အယုံအကြည်ရှိမှာမဟုတ်ပါဘူး။ အမြဲတမ်းလိုလို လေကြီးလေကျယ်ပြောမယ်၊ ဘာမှမဟုတ်တဲ့အသေးအဖွဲကအစ အထင်ကြီးအောင်လိမ်ညာမယ်ဆိုပါတော့ အဲဒီလိုလူတစ်ယောက်က “ဒီတခါတော့ ငါတကယ်အမှန်ပြောတာပါ” လို့ပြောရင် ယုံကြည်ကြမယ်ထင်ပါသလား။ သင်တကယ်ကြီး အမှန်ပြောရင်တောင် သင့်စကားကို ဘယ်သူကမှ အပြည့်အဝယုံကြည်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင်က အပြောနဲ့အလုပ်နဲ့ညီအောင် လုပ်တတ်သူဖြစ်ပါစေ၊ အမြဲတမ်း အမှန်ကို အမှန်အတိုင်းပြုမူတတ်သူဖြစ်ပါစေ။ အဲဒီလို အမြဲတမ်း ပြောတဲ့အတိုင်းလုပ်တတ်သူ၊ အမှန်ကိုသာ ပြောတတ်တဲ့သူတစ်ယောက်ရဲ့စကားကို လူတိုင်းက တလေးတစားနဲ့ နားထောင်ပြီး အရေးတယူပြုတတ်မှာဖြစ်ပါတယ်။ အဲဒါကြောင့် သင်က တဖက်လူရဲ့အမှားကို စေတနာနဲ့ထောက်ပြချင်တယ်ဆိုရင် သင်ကိုယ်တိုင်ကလည်း အမြဲတမ်းအမှန်ကို အမှန်အတိုင်းပြောဆို၊ ပြုမူ၊ နေထိုင်သူဖြစ်ဖို့လိုပါတယ်။ အဲဒါမှ သင်ပြောလိုက်တဲ့စကားကို တဖက်လူက နာကျင်နေရင်တောင် “သူက မဟုတ်တာမပြောတတ်ဘူး။ ငါတကယ်များ ပြုပြင်သင့်သလား” လို့ရယ် နားထဲဝင်စဉ်းစားမှာဖြစ်ပါတယ်။

၃) သွယ်ဝှိုက်သောနည်းလမ်းနဲ့ပြောဖို့စဉ်းစားကြည့်ပါ။
ဟုတ်ပြီ သင်က အမှန်ကိုထောက်ပြချင်တယ်၊ အမုန်းလဲမခံချင်ဘူး၊ မထောက်ပြလို့လည်း မဖြစ်ဘူး….သင့်မိတ်ဆွေ လမ်းမှားတော့မှာမို့လို့ တွေးမိတယ်ဆိုရင် ဘယ်လိုသွယ်ဝှိုက်သောနည်းလမ်းနဲ့ နားဝင်အောင် ထောက်ပြနိုင်မလဲဆိုတာကို သင်စဉ်းစားသင့်ပါတယ်။

၄) နှိမ့်ချပြီးပြောဆိုပါ။
အမှန်ကိုပဲ ပြောတတ်တယ်၊ အမှန်တရားကိုပဲ သိချင်တယ်၊ ကြားချင်တယ်ဆိုပေမယ့် သင်ပြောလိုက်တဲ့အမှန်တရားက သင့်ကိုသင်ဂုဏ်ဖော်ပြီး တဖက်လူရဲ့အမှားကိုထောက်ပြနေသလိုဖြစ်နေရင်လည်း သင့်စကားကို တဖက်လူနာကျင်သွားနိုင်ပါတယ်။ အဲဒါကြောင့် အမှန်ကိုထောက်ပြတဲ့အခါ သတိထားရမှာက သင့်ကိုသင်နှီမ့်ချပြီးပြောပါ။ သင့်ကိုသင်နှိမ်ချပြီး ပြောဆိုပြီးမှ အမှန်ကိုပြောတဲ့အခါ တဖက်လူရဲ့စိတ်ထဲမှာလည်း “အော်…..သူကငါ့ကိုစေတနာနဲ့ထောက်ပြတာပဲ” ဆိုတဲ့စိတ်လေးဖြစ်သွားစေပါတယ်။ ကိုယ်မှားခဲ့ဖူးတဲ့အမှားကိုပြန်ပြောပြီး “ငါတုန်းကဆိုဘယ်လိုမှားခဲ့ဖူးတယ် သူငယ်ချင်းရာ၊ မင်းကိုတော့ မဖြစ်စေချင်ဘူးကွာ” ဆိုတာမျိုးက တဖက်လူလည်း နားထောင်ကောင်းစေပါတယ်။

၅) ပုံပြင်တိုလေးတွေ၊ အလားတူရာလေးတွေပြောပြပါ။
“ဘယ်ပုံပြင်ထဲမှာ ဒါမှမဟုတ် ဘယ်တုန်းကတော့ ဘယ်လိုဖြစ်သွားတယ်လေ။ ခုလည်း စဉ်းစားကြည့်တာ ပိုကောင်းမယ်ထင်တယ်နော်” ဆိုတာမျိုးပေါ့။

၆) သင့်ရဲ့မျက်နှာထားက ချိုသာပါစေ။
လူတော်တော်များများကိုမြင်ဖူးကြမယ်ထင်ပါတယ်။ သူတို့ရဲ့အတွင်းစိတ်ထဲမှာ တကယ်တမ်းခံစားနေရတဲ့ခံစားချက်နဲ့ သူတို့ရဲ့မျက်နှာထားက တခြားစီဖြစ်နေတဲ့သူမျိုးပါ။ အမှန်တရားကိုသင်ပြောမှဖြစ်မယ်ဆိုရင် တဖက်လူတွေထိခိုက်တာ၊ နာကျင်တာ၊ ဒေါသထွက်တာမျိုးမဖြစ်စေဖို့ သင့်မျက်နှာထားအမူအရာလည်းလိုအပ်ပါသေးတယ်။ သင့်မျက်နှာထားက နှစ်လိုဖွယ်ဖြစ်နေပြီး သင့်နှုတ်က ထွက်တဲ့စကားလုံးတွေက ချိုသာပြီး သင့်ကိုသင်နှိမ်ချတဲ့စကားမျိုးကနေ အမှန်ကိုမသိမသာထောက်ပြတာမျိုးပေါ့။

၇) ပျော်ရွှင်နေတဲ့အချိန်မျိုးနဲ့ အစာစားနေတဲ့အချိန်မျိုးမှာ ပြောပါ။
အစားအစာနဲ့ ပျော်ရွှင်ခြင်းက အမှန်တရားကိုပိုပြီးလွယ်ကူစွာပြောနိုင်စေပါတယ်။ ပျော်စရာကောင်းတဲ့စိတ်ဖြစ်ပေါ်နေတဲ့အခါမှာ သင့်ရဲ့ဂရုစိုက်မှုကိုဖော်ပြပြီး အမှန်တရားကိုထောက်ပြပါ။ စေတနာနဲ့ပြောတယ်ဆိုတာ ပေါ်လွင်ပါစေ။ ပျော်ရွှင်နေတဲ့အချိန်နဲ့ အစားစားနေတဲ့အချိန်မှာ တင်းမာမှုတွေပြေလျော့နေတတ်တာမို့ ထိုအချိန်မျိုးမှာ ဘယ်ဟာကတော့ မလုပ်သင့်ဘူးလို့ထင်တယ်လို့ ပြောပြသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။