အချိန်နှောင်းမှ နောင်တရတတ်တဲ့သင်ခန်းစာ ၇မျိုး

လူ့ဘဝမှာ အချိန်နှောင်းမှ နောင်တရတာထက်စာရင် အချိန်မလွန်ခင် ကြိုင်တင်ပြင်ဆင်ထားနိုင်တာပိုကောင်းပါတယ်။ အချိန်နှောင်းမှ နောင်တရတတ်တဲ့သင်ခန်းစာအချို့ရှိပါတယ်။ ကြိုသိထားတဲ့အခါ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


၁) ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကိုသာ အရမ်းအလေးထားနေခြင်း
ရုပ်ရည်ချောမောပြေပြစ်မှု၊ အသားအရေလှပမှု ၊ အရပ်အမောင်း စတာတွေက အောင်မြင်မှုအတွက် တစ်ရာခိုင်နှုန်းခန့်ပဲ ပံ့ပိုးပေးတာဖြစ်ပါတယ်။ ၉၉ရာခိုင်နှုန်းကတော့ သင့်ရဲ့ကြိုးစားအားထုတ်မှုပေါ်မှာပဲမူတည်တာပါ။ ဒါပေမယ့် အဲဒါကို တော်တော်များများက အာရုံမထားတတ်ကြပါဘူး။ ရုတ်တရက်မြင်လိုက်တဲ့တခဏအတွက်မှာ အာရုံထားနေတတ်ကြပါတယ်။ သင့်မှာရုပ်ရည်သွင်ပြင်ဖြစ်ဖြစ်၊ အသားအရေဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာသွင်ပြင်အားနည်းချက်ရှိလည်း အားငယ်စရာမလိုပါဘူး၊ သင့်ရဲ့ကြိုးစားအားထုတ်မှုကိုသာ ပိုကောင်းအောင် အာရုံစိုက်ပါ။ သင်အိုမင်းမစွမ်းချိန်မှာ သင့်ရုပ်ရည်ကို အားကိုးနေလို့မရတော့ပါဘူး။

၂) အချိန်ကို အလဟဿဖြုန်းတီးခြင်း
သင့်နာကျင်မှုမှန်သမျှကို အချိန်က အကောင်းဆုံးကုသပေးသွားမှာ အသေအချာပါပဲ။ ဒါပေမယ့် သင်သတိမထားမိတာက သင့်အချိန်ကိုသင်ကောင်းကောင်းအသုံးမချခဲ့ရင်တော့ သင့်ဘဝနေဝင်ချိန်မှာ သင့်ကို ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ အချိန်ကို အသုံးချတတ်ခြင်းဟာ သင့်အတွက် ရတနာသိုက်တစ်ခုတူးဖော်ရရှိသလို ချမ်းသာနိုင်စေပြီး အချိန်ကို အလကားကုန်ဆုံးပစ်ခြင်းကတော့ သင့်ကိုသင် အနုနည်းနဲ့ညှင်းဆဲနေတာနဲ့တူပါတယ်။ အဲဒါကြောင့် အချိန်လွန်မှ နောင်တမရခင် ခုလက်ရှိအချိန်မှာတည်းက ကိုယ့်ရဲ့စွမ်းရည်တိုးတက်ဖို့အတွက် အချိန်ကိုကောင်းကောင်းအသုံးချပါ။ အချိန်က အကောင်းဆုံးသမားဖြစ်သလို အဆိုးဆုံးလူသတ်သမားပါပဲဆိုတာ မမေ့ပါနဲ့။

၃) ငွေရဖို့အတွက်အလုပ်လုပ်ခြင်း
ငွေဆိုတာ သင်သုံးရင် သုံးသလောက် ကုန်သွားနိုင်တာချည်းပါပဲ။ အဲဒီ့ငွေကို သင့်ရဲ့ရည်မှန်းချက်အတွက် အသုံးချဖို့အလုပ်လုပ်ပါ။ သင့်ရဲ့ရည်မှန်းချက်တွေပြည့်ဝလာလေလေ သင့်ရဲ့ ဘဝကပိုပြီး ပျော်စရာကောင်းလာလေလေဖြစ်လာပါလိမ့်မယ်။ ရည်မှန်းချက်ဆိုတာနဲ့ “အိမ်တွေခြံတွေကားတွေအများကြီးပိုင်တဲ့သူဌေးကြီးဖြစ်ဖို့” ဆိုတဲ့ ရည်မှန်းတာမျိုးကိုပြောချင်တာမဟုတ်ပါဘူး။ သေးသေးလေးတွေကနေ စလို့ရပါတယ်။ ဥပမာ။ အွန်လိုင်းရှော့တစ်ခုလုပ်နိုင်ဖို့ ငွေပမာဏဘယ်လောက်ရအောင်စုမယ် ၊ ကိုယ့်ပုံမှန်ဝင်ငွေထဲကနေ ပမာဏဘယ်လောက်ဖဲ့စုမယ်၊ စုထားတဲ့ငွေကနေ ဘယ်လိုစီးပွားရေးတစ်ပိုင်တစ်နိုင်လုပ်မလဲ ဒါမှမဟုတ် သင်တန်းတစ်ခုဆက်တက်နိုင်ဖို့ ငွေဘယ်လောက်စုမယ် စသဖြင့်ပေါ့။
ငွေရဖို့အတွက်ထက် သင့်ရဲ့ရည်မှန်းချက်တွေအတွက်အလုပ်လုပ်ပါ။

၄) ပြဿနာတိုင်းကို ဆင်ခြေပေးခြင်း
နောင်တရတတ်တာ ပြဿနာတိုင်းကို "“ငါမလုပ်နိုင်ဘူး.…"”ဘာတွေလဲမသိချင်ဘူး၊ မလုပ်ချင်ဘူး၊ မဖြေရှင်းချင်ဘူး"” စတဲ့ အဖျက်အတွေးမျိုးစဉ်းစားခြင်းကလည်း ပြဿနာကိုမဖြေရှင်းနိုင်ပါဘူး။ ပြဿနာတိုင်းကို ဆင်ခြေပေးတာထက် လက်တွေ့ကျကျဖြေရှင်းမယ့်နည်းလမ်းကိုစဉ်းစားပါ။

၅) ကိုယ့်အတွက်ကောင်းစေချင်တဲ့လူတွေရဲ့အကြံပေးချက်ကိုနားမထောင်ခြင်း
လူတိုင်းရဲ့စကားကိုနားထောင်စရာမလိုပေမယ့် အထူးသဖြင့် ကိုယ့်ကိုကောင်းစေချင်လို့ပြောတဲ့လူတွေရဲ့စကားကိုတော့ ကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ယှဉ်ပြီး နားထောင်သုံးသပ်ဆင်ခြင်သင့်ပါတယ်။ နားထောင်ပြီး ကိုယ့်အတွက် အသုံးကျမယ့်ကိစ္စ၊ ကိုယ့်နားထောင်သင့်တဲ့ကိစ္စမျိုးကိုတော့ နားထောင်သင့်ပါတယ်။

၆) ကိုယ့်ကိုယ်ကိုယ်စည်းကမ်းမသတ်မှတ်ထားခြင်း
အများက လိုက်နာရတဲ့စည်းကမ်းမျိုးဆိုတာ တစ်ယောက်လိုက်နာရာကနေ အများစုလိုက်နာတဲ့အခါ တိုးတက်တဲ့အသိုင်းအဝန်းတစ်ခုဖြစ်လာနိုင်ပါတယ်။ အဲဒါက အများနဲ့မို့ ကိုယ်လည်းလိုက်နာသင့်တာလိုက်နာရပါမယ်။ ဖြစ်သလို နေထိုင်ပြုမလို့မရပါဘူး။ ကိုယ့်ရဲ့ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ စည်းကမ်းမဲ့နေထိုင်ခြင်းဟာ ကိုယ့်ကြောင့် အခြားသူကိုထိခိုက်သွားနိုင်ပါတယ်။ အဲဒါထက်ပိုအရေးကြီးတာက ကိုယ့်ကိုယ်ကိုယ်စည်းကမ်းမသတ်ထားတာပါ။ နေချင်သလိုနေ၊ ရှင်သန်ချင်သလိုရှင်သန်မယ်၊ ဘဝက ပုံသေနည်းမလိုဘူးလို့ လက်ခံထားတဲ့လူတော်တော်များများဟာ ဘယ်တော့မှအောင်မြင်တဲ့စာရင်းထဲမပါသလို၊ တိုးတက်ပြီး အသိဉာဏ်ပြည့်ဝတဲ့လူမျိုးဖြစ်မလာပါဘူး။ အဲဒါကြောင့် သင့်ကိုယ်သင် လူသားတစ်ယောက်အနေနဲ့ လုပ်သင့်တာကို လုပ်ရမှာဖြစ်ပါတယ်။ လိုက်နာသင့်တာ၊ စောင့်ထိန်းသင့်တာစောင့်ထိန်းရပါလိမ့်မယ်။ ဥပမာ။ ဘာတွေတိုးတက်အောင်လုပ်မယ်၊ အကျင့်ဆိုးတွေပြုပြင်မယ်၊ အလုပ်မှာ ဒီထက်အဆင်ပြေအောင်ကြိုးစားမယ်၊ အင်္ဂလိပ်စာပိုကျွမ်းကျင်အောင်လေ့လာမယ် စသဖြင့်ပေါ့။ ကိုယ့်ကိုယ့်ကိုယ်စည်းကမ်းသတ်မှတ်နိုင်ပြီး လိုက်နာနိုင်လေလေ ကိုယ့်ဘဝလည်း တဆထက်တဆ ပိုတိုးတက်လာလေလေပါပဲ။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းမသတ်မှတ်ခဲ့တာကို ဘဝနေဝင်ချိန်ကျမှ နောင်တရမိပါလိမ့်မယ်။

၇) လူငယ်ဘဝကို အကျိုးမဲ့ဖြုန်းတီးပစ်ခြင်း
လူငယ်ဘဝဆိုတာ တက်ကြွပြီး လေ့လာသင်ယူမှုအကောင်းဆုံးအချိန်ပါပဲ။ အဲဒီ့အချိန်မှာ ဘာကိုမှ ပင်ပန်းခံပြီး ကြိုးစားအားထုတ်မှုမလုပ်ခဲ့ဘဲ ဘဝကိုပေါ့ပျက်ပျက်ဖြတ်သန်းလိုက်မယ်ဆိုရင် အချိန်တန် အိုမင်းလာမှ၊ မေ့တတ်လာမှ၊ မသန်စွမ်းတော့မှ စိတ်သွားတိုင်းကိုယ်မပါတဲ့အချိန်ကျမှ အကျိုးရှိတဲ့အရာတွေကိုတော့ ငယ်ရွယ်တုန်းကမသင်ခဲ့လေခြင်းဆိုတဲ့နောင်တတွေရလာပါမှာဖြစ်ပါတယ်။
အခုဖော်ပြလိုက်တဲ့သင်ခန်းစာ ၇ချက်ထဲက ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ပြီး တိုက်ဆိုင်နေတာရှိရင် ကိုယ့်ကိုယ်ပြန်လည်ပြင်ဆင်ဖို့ အချိန်ရနိုင်ပါသေးတယ်။ အဲဒါကြောင့် အခုပဲ သင့်ကိုသင်ပြန်ဆန်းစစ်ပါ၊ ပြုပြင်ဖို့ နောက်မတွန့်နေပါနဲ့လို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။