အချိန်ကုန်ပြီး ဘာကောင်းကျိုးမှ ဖြစ်မလာစေသောအကျင့်ဆိုးများ

တစ်နေ့တာမှာ မသိလိုက်မသိဘာသာနဲ့ အချိန်တွေကုန်သွားတာမျိုးဖြစ်ဖူးကြမယ်ထင်ပါတယ်။ ကိုယ့်အတွက်လည်း ဘာဆိုဘာမှ ထိရောက်အောင် မလုပ်လိုက်ရပေမယ့် အချိန်တွေကတော့ ကုန်ဆုံးသွားတာမျိုးပါ။ တစ်ခုခုဆို ဘာမှမလုပ်ဖြစ်လိုက်ပေမယ့် အချိန်ကိုကြည့်မိတော့ အမြဲနောက်ကျနေတတ်တာမျိုးဖြစ်နေပြီဆိုရင်တော့ ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်သင့်နေပါပြီ။


တကယ်တော့ လူတိုင်းမှာ တစ်နေ့ကို အချိန် ၂၄နာရီ အပြည့်ရထားကြတာပါပဲ။ ဒါပေမယ့် ကိုယ့်သတိမမူလိုက်မိတဲ့အကျင့်လေးတွေကပဲ ကိုယ့်ရဲ့အချိန်တွေကို ကုန်မှန်းမသိလောက်အောင် ခိုးယူသွားတတ်ကြပါတယ်။ အဲဒီ့အကျင့်လေးက ဘာအကျင့်လေးတွေဖြစ်မလဲ ဖတ်ကြည့်လိုက်ပါအုံး။

၁) ဂိမ်းဆော့ခြင်း
အထူးသဖြင့် ဂိမ်းဆော့ခြင်းက အချိန်ကုန်လို့ကုန်မှန်းမသိလိုက်အောင် အချိန်ဖြုန်းစေတဲ့အဓိက ဖြစ်ရပ်ပါပဲ။ ဂိမ်းတစ်ပွဲကနေ မနိုင်မချင်းဆက်ဆော့ချင်တာမျိုး၊ ဂိမ်းကစားတဲ့အပေါ်မှာသာ အာရုံရှိနေတဲ့အတွက် အချိန်ကုန်မှန်းမသိလိုက်ဘဲ အချိန်ကုန်စေပါတယ်။ အပျင်းပြေသဘောမျိုး ဂိမ်းဆော့တာမျိုးဆိုရင်တော့ တစ်နေ့ တစ်နာရီခန့် ဂိမ်းဆော့မယ်လို့သတ်မှတ်ထားတာမျိုးနဲ့ ကိုယ့်ရဲ့ဉာဏ်ရည်ကိုမြင့်တင်ပေးနိုင်မယ့် ဂိမ်းမျိုးကို ဆော့တာက ပိုအကျိုးရှိပြီး အချိန်ကုန်ရကျိုးနပ်စေမှာပါ။

၂) လူမှုကွန်ရက်အသုံးများခြင်း
ဒီနေ့ခေတ်မှာ ဖေ့ဘုတ်သုံးခြင်းက ခေတ်စားလာပါတယ်။ အထူးသဖြင့် အားလပ်ချိန်လေးအနည်းငယ်ရတာနဲ့ အာရုံက ဖေ့ဘုတ်ဖွင့်ကြည့်ဖို့လောက်သာ တွေးနေတတ်ပါတယ်။ တစ်ချို့လူငယ်တွေကျတော့ မက်ဆေ့ဂျာမှာအချိန်ကုန်နေတတ်ပြန်ပါတယ်။ မက်ဆေ့ဂျာမှာ ရင်းနှီးသူသာမက မရင်းနှီးတဲ့သူများနဲ့လည်း စကားပြောရင်း အချိန်ကုန်မှန်းမသိကုန်သွားတတ်ပါတယ်။ လူမှုကွန်ရက်တွေမှာ အမြဲအချိန်မဖြုန်းရဘူးလို့ မဆိုလိုပေမယ့် အချိန်ကုန်မှန်းမသိ၊ ကိုယ့်ဘဝအတွက် ဘယ်အရာမှ ထိရောက်စွာလုပ်ဆောင်နိုင်ခြင်းမရှိဘဲ လူမှုကွန်ရက်ပေါ်မှာချည်းအချိန်ဖြုန်းနေတာမျိုးကတော့ မဖြစ်သင့်ပါဘူး။

၃) အတင်းပြောခြင်း
လူတစ်ယောက်ကို အပြစ်မြင်ရတာ အလွန်လွယ်ကူသောအလုပ်ပါပဲ။ လူတစ်ယောက်ရဲ့မကောင်းကြောင်းကို တစ်ယောက်ကနေ အခြားတစ်ယောက်သိအောင် ပြောနေရတာက ပိုလွယ်ပါတယ်။ အတင်းပြောတတ်တဲ့လူအများစုက အလုပ်မယ်မယ်ရရမရှိဘဲ တစ်နေ့တာလုံး အချိန်တွေကို အတင်းပြောခြင်းနဲ့သာ ကုန်ဆုံးတတ်ကြပါတယ်။ လူတစ်ယောက်ရဲ့အပြစ်တွေကိုသာ မြင်ပြီး ထိုအပြစ်တွေကို အခြားသူတစ်ယောက်သိအောင် ပြောခြင်းက အချိန်ကုန်မှန်းမသိကုန်စေပါတယ်။ ဘဝမှာ အောင်မြင်တိုးတက်ဖို့ကြိုးစားနေသူတိုင်းက အတင်းပြောခြင်းနဲ့ အချိန်ကုန်မယ့်အစား ကိုယ့်ဘဝတိုးတက်စေမယ့်အရာတစ်ခုခုကို လုပ်ရင်းနဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြပါတယ်။

၄) အခြားသူများအကြိုက်လိုက်နေခြင်း
ကိုယ့်ဘဝအတွက် ကိုယ်လုပ်စရာရှိတာမျိုးတွေကို မလုပ်ရဘဲ အခြားသူများအကြိုက်လိုက်နေရခြင်းကလည်း အချိန်ကုန်စေတဲ့အကြောင်းရင်းထဲမှာ ပါနေတတ်ပါတယ်။ ရုံးပိတ်ရက် စာလုပ်မယ်လို့ စီစဉ်ထားပေမယ့် သူငယ်ချင်းတွေက အပြင်ထွက်ဖို့အတင်းခေါ်နေလို့ မတတ်သာဘဲ လိုက်သွားရတာမျိုး။ လိုက်သွားရပေမယ့်လည်း စာမပြီးလို့ မပျော်နိုင်တာမျိုးပေါ့။ အရေးကြီးတဲ့အလုပ်တွေမပြီးလို့ အိမ်မှာလုပ်ဖို့သယ်လာပြီးမှ ယောက္ခမတွေက ဘုရားလိုက်ပို့ခိုင်းတာမျိုး။ ပြတ်သားစွာငြင်းဆန်လိုက်ရင် ရပေမယ့် မငြင်းဆန်ဘဲ လိုက်ပို့ပေးလိုက်တာမျိုးပေါ့။ တစ်ခါတစ်လေမှာ ပြတ်သားစွာ ငြင်းဆန်သင့်ပေမယ့် မငြင်းဆန်ဘဲ အခြားသူများအကြိုက်လိုက်နေခြင်းက ကိုယ့်အတွက် ဘာတစ်ခုမှလည်း မဖြစ်မြောက်နိုင်၊ ကိုယ်တိုင်လည်း နောက်ဆံတငင်ငင်နဲ့ အချိန်ကုန်ဆုံးတတ်ပါတယ်။ အဲဒါကြောင့် ပြတ်သားစွာ ငြင်းဆန်သင့်တာမျိုးကို ငြင်းဆန်တတ်ခြင်းက အချိန်ကုန်မှန်းမသိကုန်ဆုံးသွားတာကို သက်သာစေပါလိမ့်မယ်။

၅) ဆင်ခြေပေးလွန်းခြင်း
ကိုယ့်ကိုကိုယ်ဆင်ခြေပေးခြင်းကလည်း အလွယ်ကူဆုံးအလုပ်ထဲမှာ ပါပါတယ်။ ဒီနေ့လုပ်ရင်ရတဲ့အလုပ်ကို မနက်ဖြန်မှလုပ်မယ်၊ နေပူလို့ ၊ မိုးရွာလို့ ဆိုပြီး ဆင်ခြေအမျိုးမျိုးပေးခြင်းက အချိန်ကုန်မှန်းမသိကုန်စေနိုင်ပါတယ်။ လုပ်သင့်တာကို မလုပ်ဘဲ ကိုယ့်ကိုကိုယ်ဆင်ခြေပေးနေပြီး အခြားတန်ဖိုးမရှိတာတွေနဲ့ အချိန်ဖြုန်းနေခြင်းက အချိန်ကုန်စေပါတယ်။ ဒီနေ့လုပ်နိုင်တာ ဒီနေ့လုပ်၊ ဆင်ခြေပေးနေမိတဲ့ ကိုယ့်ကိုကိုယ် ပြုပြင်လိုက်ပါ။ ဘဝမှာ အောင်မြင်တိုးတက်သူတိုင်းက ကိုယ့်ကိုကိုယ်ဆင်ခြေပေးဖို့ ခွင့်မပြုတတ်ကြပါဘူး။

အထက်ပါအချက်တွေက သင့်ရဲ့တစ်နေ့တာ အချိန်တွေကို အလွယ်ဆုံးခိုးယူသွားတတ်တဲ့အကျင့်တွေပါပဲ။ ဘဝမှာ အောင်မြင်သူတိုင်းက အချိန်ကို သေချာ စီမံခန့်ခွဲနိုင်လို့ အောင်မြင်သူတွေဖြစ်လာကြတာပါ။ သင့်မှာလည်း အချိန်ဖြုန်းတတ်တဲ့အကျင့်ဆိုးကြီး ရှိရင် ခုပဲ ပြုပြင်လိုက်ပါတော့လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။