အကောင်းဘက်ကမြင်ကြည့်ပါ။

အခုကာလဟာ တစ်ကမ္ဘာလုံးကလူတွေအခက်ခဲဆုံး၊ အကြပ်အတည်းဆုံး၊ ကျန်းမာရေးအဆိုးဝါးဆုံး ကာလလို့ပြောရမယ်ထင်ပါတယ်နော်။ ကမ္ဘာနဲ့ချီပြီးတောင် ဖြစ်တဲ့ ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာပြည်မှာရှိတဲ့လူတိုင်းလိုလိုဟာလည်း နေ့စဉ် စိတ်ဆင်းရဲပြီး သံသယစိတ်၊ ကြောက်လန့်တကြား ထိတ်လန့်နေကြရတဲ့နေ့များပါပဲ။ အချို့တွေကတော့ စားဝတ်နေရေးအတွက်ကို မပူမပင်နဲ့ အိမ်ကနေ အလုပ်လုပ်ခွင့်ရကြပေမယ့် အချို့တွေကလည်း သမုဒ္ဒရာဝမ်းတထွာအတွက် အပြင်ကိုမဖြစ်မနေထွက်ပြီး သွားလာနေရတုန်းပါပဲ။


အချို့လုပ်ငန်းတွေကလည်း မလည်ပတ်နိုင်တော့တဲ့အထိဖြစ်ကာ ရပ်ဆိုင်းကုန်ပြီး အချို့တွေကလည်း ခက်ခဲစွာလည်ပတ်နေကြရတဲ့အခြေအနေပါ။ ဘယ်လိုဖြစ်ဖြစ် လူတန်းစားမရွေး ခုကာလအတွင်းမှာတော့ သူ့အခြေအနေအလိုက် ခက်ခဲနေကြတာမို့ လူတိုင်းနီးပါးဟာ ရောဂါပိုးကိုကြောက်တဲ့စိတ်ဖိစီးမှုကတမျိုး၊ စားဝတ်နေရေးအတွက်ပူပန်ရတာတမျိုး၊ အကြွေးရှိသူတွေကလည်း ပုံမှန်မလည်ပတ်နိုင်တဲ့ဝင်ငွေကြောင့် အကြွေးပူရတာတမျိုး၊ အမျိုးမျိုးသော စိတ်ဖိစီးမှုတွေနဲ့ အဆိုးတွေကိုသာ မြင်ရတွေ့ရကြားရပြီး စိတ်ဆင်းရဲကြတဲ့ကာလပါ။
သိပ္ပံပညာရှင်တွေလေ့လာချက်အရ လူတွေရဲ့သဘောကိုက အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းမှာ ဘယ်နေရာမှာမဆို အဆိုးကိုသာ အရင်ဆုံးမြင်တတ်ကြတာဖြစ်တယ်လို့ဆိုပါတယ်။ တနည်းအားဖြင့် အပြုသဘောဖြစ်ရပ်ထက် အဆိုးတွေပေါ်မှာပိုပြီး အာရုံစိုက်တတ်ကြတယ်လို့ဆိုတာပါ။

အဲဒါကြောင့် လူတိုင်းလိုလိုက ဖြစ်ရပ်တစ်ခုခုမှာဆိုရင် အဆိုးကိုသာ အရင်ဆုံးကြိုတွေးထားတတ်ကြပြီး ထိုဖြစ်ရပ်နဲ့ပတ်သက်တဲ့အဆိုးတွေကို ပိုပြီးခံစား၊ ထိခိုက်နာကျင်လွယ်တတ်ကြပါတယ်။ တနည်းအားဖြင့် အဆိုးတွေအပေါ်မှာ အာရုံစိုက်မှုပိုများတတ်ပြီး အဆိုးတွေအပေါ် အာရုံစိုက်မှုပိုများလေလေ အဆိုးတွေထဲမှာပဲ တဝဲလည်လည်နဲ့ ဖြစ်နေလေလေ စိတ်ဓာတ်ကျ၊ စိတ်ဖိစီးမှုများလေလေပါပဲ။
အခုဖြစ်ရပ်မှာဆိုရင်လည်း ညဘက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်မယ့် ကိုဗစ်ကူးစက်သူစာရင်းကိုသာ လူတိုင်းလိုလို အာရုံစိုက်ရာကနေ ပိုးရှိသူလူနာရဲ့နောက်ဆက်တွဲဖြစ်ရပ်တွေအပေါ် အာရုံသက်ရောက်မှုဖြစ်လာပြန်ပါတယ်။ သတင်းအမှန်ရယ် ၊ သတင်းအမှားရယ်လို့ သေချာခွဲခြမ်းစိတ်ဖြာတာမျိုး မလုပ်နိုင်တော့ဘဲ သတင်းဆိုးကိုကြားတာနဲ့ တပြိုင်တည်း အဆိုးကိုအာရုံစိုက်တဲ့အတွက် စိတ်ညစ်မှုက လွှမ်းမိုးသွားပြီး မဟုတ်မမှန်တဲ့သတင်းတွေအပေါ်မှာလည်း ခံစားချက်တွေဖြစ်လာပါတော့တယ်။ ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့သတင်းကို အာရုံမထားပါနဲ့လို့ ပြောချင်တာမျိုးမဟုတ်ပါဘူးနော်။ သတင်းအမှန်ကို မျက်ခြေမပြတ်နားထောင်ပြီး ကျန်းမာရေးဌာနက ညွှန်ကြားချက်ကို လိုက်နာဖို့လိုပါတယ်။ ဒါပေမယ့် ကျန်တဲ့အချိန် ကိုယ့်ရဲ့အာရုံတွေကို ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေအပေါ်မှာ အာရုံမထားနိုင်လောက်အောင် ကိုဗစ်အပေါ်အာရုံလွှမ်းမိုးတာမျိုးကိုလည်း အဖြစ်မခံပါနဲ့လို့ ဆိုလိုချင်တာဖြစ်ပါတယ်။
ခုရက်ပိုင်းမှာလူတိုင်းလိုလို ကိုဗစ်ကြောင့် စိတ်ဆင်းရဲနေကြမှာအမှန်ပဲမို့ စိတ်ထွက်ပေါက်လေးပေးတဲ့အနေနဲ့ ကိုယ့်စိတ်ကို ကိုယ်သတိထားပြီး စိတ်ဖိစီးမှုအဖြစ်မခံစေချင်တာဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ လူရဲ့ကိုယ်ခံအားကို ထိခိုက်လာနိုင်ပါတယ်။ အဲဒါကြောင့် ကိုဗစ်ရဲ့သတင်းအမှန်ကိုသာ နားစွင့်ပါ။
ကျန်တဲ့အချိန်တွေမှာ ကိုယ့်ရဲ့အာရုံကို အဆိုးတွေထဲက ကယ်ဆယ်ပြီး အကောင်းမြင်ဖို့ ကြိုးစားပေးသင့်ပါတယ်။ အဆိုးမြင်စိတ်ဟာ မုန်တိုင်းလိုပဲ သင့်စိတ်ထဲက အကောင်းမြင်စိတ်တွေကိုပါ ခပ်ဝေးဝေးရောက်အောင် ဖယ်ရှားပစ်လိုက်နိုင်ပါတယ်။ အခုလို တကမ္ဘာလုံးကြပ်တည်းနေတဲ့အချိန် ဘယ်လိုအကောင်းဘက်ကမြင်နိုင်ပါ့မလဲလို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်….အဲဒါကြောင့်ပဲ ပိုပြီးအဆိုးမြင်စိတ်ကို ဖျောက်၊ အကောင်းမြင်တတ်အောင် ကျင့်ယူရမှာဖြစ်ပါတယ်။ သင့်ရဲ့အာရုံတွေကို သတိထားပါ။ သင့်ရဲ့အာရုံတွေက အဆိုးတွေချည်းမှာသာ အာရုံရှိနေတယ်ဆိုရင် သင့်ကိုသင်သတိပေးဖို့အချိန်တန်ပါပြီ။ အဆိုးမြင်စိတ်က သင့်ကို စိတ်ဓာတ်ကျစေပြီး လက်ရှိအချိန်ကိုပါ အလကားကုန်ဆုံးသွားစေနိုင်ပါတယ်။ စိတ်ညစ်တာနဲ့တင်အခြားဘာမှမလုပ်ရဘဲ အချိန်ကုန်သွားစေတာမျိုးပေါ့။
အခုလိုအချိန်မျိုးမှာ သင်ရဲ့ကံကောင်းနေတဲ့အချက်လေးတွေ ချရေးကြည့်ပါ။ ဥပမာ။ သင်က အခုချိန်ထိ Work from Home နဲ့ အလုပ်လုပ်နေနိုင်သေးတယ်ဆိုရင် အလုပ်ထုတ်ခံလိုက်ရတဲ့လူထက်စာရင် ကံကောင်းနေသေးတယ်လို့ တွေးနိုင်တယ်မဟုတ်လား။ သင်ကအလုပ်ထုတ်ခံထားရတယ်ဆိုရင်လည်း အခုချိန်မှာ အပြည့်အဝအနားယူနိုင်တာပေါ့လို့ ပြန်တွေးနိုင်ပါသေးတယ်။ သင်က အခုချိန်ထိ ကျန်းမာနေသေးရင်လည်း သင့်အတွက်ကံကောင်းတာပေါ့လို့တွေးနိုင်ပါသေးတယ်။ သင့်မှာအခုထိ မိဘနှစ်ပါးရှိနေသေးတယ်ဆိုရင်လည်း မိဘမရှိတာထက်စာရင် တော်သေးတာပေါ့လို့ တွေးနိုင်ပါတယ်။

အဲဒီလိုပဲ သင့်ဆီမှာ ဘာတွေကောင်းကွက်ရှိနေသလဲဆိုတာကို သင်မြင်အောင်ကြည့်နိုင်ဖို့လည်း လိုပါသေးတယ်။ “You’ll never find a rainbow if you’re looking down.– Charlie Chaplin ပြောတဲ့စကားလိုပါပဲ သင်က အောက်ကိုပဲငုံကြည့်နေမယ်ဆိုရင်တော့ သက်တံ့ကိုဘယ်မြင်နိုင်ပါ့မလဲတဲ့။ အဲဒီလိုပါပဲ။ သင်ကိုယ်တိုင်က ကောင်းကွက်ကိုမရှာဘဲ အဆိုးကိုပဲမြင်အောင်ကြည့်မယ်ဆိုရင် ကောင်းကွက်ကိုဘယ်မြင်ပါ့တော့မလဲ။ သင့်ရဲ့ အခုလိုအချိန်မျိုးမှာဆိုရင် ပိုပြီး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့အချိန်ဖြစ်တဲ့အတွက် ပိုပြီးတော့တောင် စိတ်ဆင်းရဲမှုထဲက ရုန်းထွက်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ အဲဒါကြောင့်ကိုပဲ အဆိုးဆိုတာထက် အကောင်းဆိုတာကိုပဲ မြင်အောင်ရွေးကြည့်ရင်း သင့်စိတ်ဖိစီးမှုကို ပြေလျော့ဖို့ သင်ကိုယ်တိုင်ပဲကြိုးစားရမှာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာ သင့်ဘဝရဲ့အဆိုးဆုံးဖြစ်ရပ်တွေကြုံနေရတယ်ဆိုရင်လည်း ဘယ်လိုအကောင်းဆုံးကြိုးစားမလဲဆိုတာကို သင်ပြန်တွေးရမှာဖြစ်ပါတယ်။ အဲဒီ့စိတ်ကလည်း အကောင်းမြင်တဲ့စိတ်ပါပဲ။

“Positive mindset give positive life” ဆိုတာ အမှန်ပါပဲ။ အကောင်းမြင်စိတ်က ပိုကောင်းတဲ့ဘဝကိုသာ ပေးတယ်ဆိုတာ တကယ်ပါ။ သင့်ဘဝကို လုံးဝသုံးစားမရတဲ့ဘဝလို့ စိတ်ညစ်စရာကောင်းတဲ့ဘဝလိုခံယူထားတယ်ဆိုရင် သင့်ဘဝကို သင်ကိုယ်တိုင်တောင် လိုချင်တော့မှာမဟုတ်ဘဲ သင့်ကိုယ်သင်တောင်ချစ်ခင်တဲ့စိတ်ရှိတော့မှာမဟုတ်ပါဘူး။ အဲဒီလိုပဲပေါ့….သင့်ဘဝက ဘယ်လောက်ဆိုးဆိုး သင်လိုချင်တဲ့ဘဝပုံစံဖြစ်အောင် သင်ကိုယ်တိုင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိရင် သင့်ဘဝက လက်ရှိဘဝထက်ပိုကောင်းလာမှာအမှန်ပါပဲ။ အဲဒီလိုကြိုးစားချင်စိတ်ရှိဖို့က သင့်ဘဝမှာ အကောင်းမြင်တဲ့စိတ်ရှိဖို့သာ လိုတာပါ။ အဲဒါကြောင့် သင့်ဘဝအတွက် အကောင်းမြင်တဲ့စိတ်က ပိုအရေးကြီးပါတယ်။ အခုလို အကြပ်အတည်းဖြစ်နေတဲ့ကာလမှာလည်း ပိုတောင်အရေးကြီးလိုအပ်ပါသေးတယ်။ ဒီစိတ်ဆင်းရဲမှုတွေကနေ ရုန်းထွက်နိုင်ဖို့ ပိုပြီးအကောင်းမြင်စိတ်လိုအပ်ပါတယ်။ အဲဒါကြောင့် ပိုကောင်းတဲ့ဘဝရဖို့ ပိုပြီးအကောင်းမြင်တတ်တဲ့စိတ်လိုပါတယ်။

အဆိုးထဲက ကောင်းကွက်ကို ရှာကြည့်တတ်ဖို့လည်း လိုပါတယ်။ အဆိုးကိုကျော်ဖြတ်နိုင်ဖို့လည်း “ငါ ဒီဒုက္ခတွေကို ကျော်ဖြတ်နိုင်တာပေါ့” ဆိုတဲ့ အကောင်းမြင်စိတ်လည်းလိုတယ်ဆိုတာ မမေ့ပါနဲ့နော်။ ဒီနေ့ဘယ်လောက်ခက်ခက် မနက်ဖြန်မှာ ကျွန်တော်တို့အဆင်ပြေဖို့ ဒီနေ့ကိုအကောင်းမြင်စိတ်မွေးရအောင်ပါ။ “ညဘယ်လောက်နက်နက် နေထွက်လာရင်အဆုံးသတ်ရတာပါပဲ” ဆိုတဲ့စိတ်လေးမွေးပြီး ရှေ့ဆက်ပါ။ သင့်ဘဝအတွက် အားတင်းဖို့ အကောင်းမြင်စိတ်တွေရလာပါလိ့မ်မယ်လို အားပေးလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။