အိမ်ထောင်ရေးသာယာတည်မြဲအောင် အိမ်ထောင်ရှင်တွေ လိုက်နာသင့်တဲ့အချက်များ

အိမ်ထောင်တစ်ခုတည်မြဲအောင် ထိန်းသိမ်းဖို့မှာ အိမ်ထောင်ရှင်မိန်းမဖြစ်သူကော၊ ယောကျာ်းဖြစ်သူကော နှစ်ဦးစလုံးမှာတာဝန်ရှိပါတယ်။ သားသမီးတွေရှိလာတဲ့အခါမှာ ပိုပြီး အိမ်ထောင်တည်မြဲအောင် ထိန်းသိမ်းဖို့လိုပါတယ်။ မကြာခဏ တကျက်ကျက်ရန်ဖြစ်တတ်တဲ့အိမ်ထောင်ရေးမှာ မြေဇာပင်ဖြစ်မယ့်သူက သားသမီးလေးတွေပဲဖြစ်မှာလေ။ အဲဒါကြောင့်မို့ အိမ်ထောင်ရေးသာယာတည်မြဲအောင် အိမ်ထောင်ရှင်အချင်းချင်းအပြန်အလှန်လိုက်နာသင့်တဲ့အချက်လေးတွေဖော်ပြပေးလိုက်ပါတယ်။


၁) ချစ်ခင်ကြင်နာပါ
အိမ်ထောင်ရှင်အချင်းချင်း စကားပြောတာကအစ အပြုအမူအဆုံး ရန်သူတစ်ယောက်ကို ပြောနေသလို ဆက်ဆံနေလို့မရသလို၊ အရင်ကထက် အလုပ်တွေပိုများ၊ ပိုရှု့ပ်၊ ပိုအာရုံများလာလို့ သမီးရည်းစားဘဝတုန်းကလို ချစ်စရာကောင်းတဲ့အမူအယာတွေနဲ့ အသံကအစ အိမ်ထောင်ရှင်ဖြစ်လာတဲ့အခါပြောင်းလဲသွားမှာပါ။ ဒါပေမယ့် ချစ်ခင်မှုကိုတော့ ပြဖို့ လိုအပ်ပါတယ်နော်။ အမျိုးသားဖြစ်သူကလည်း အမျိုးသမီးကို ချစ်ခင်သေးကြောင်းပြသဖို့လိုအပ်သလို၊ အမျိုးသမီးကလည်း အမျိုးသားကို ချစ်ခင်ကြောင်း ပြသဖို့ လိုကိုလိုအပ်ပါတယ်။ သမီးရည်းစားမဟုတ်လို့ “ချစ်တယ်….” ဆိုတဲ့စကားမျိုးကို ပြောဖို့မလိုတော့ဘူးဆိုတာ မှားပါတယ်နော်။ အိမ်ထောင်ရှင်အချင်းချင်း “ချစ်တယ်…” ဆိုတဲ့စကားကို အပြန်အလှန်ပြောဖို့ ပိုလို့တောင်လိုအပ်ပါသေးတယ်။ အမျိုးသားကလည်း အမျိူးသမီးဖြစ်သူကို ကြင်နာစွာ ပြုမူဆက်ဆံပါ၊ ဖေးမပေးပါ၊ ကူညီသင့်တာကူညီပေးပါ။ အဲဒါမှ အမျိုးသမီးလုပ်သူကလည်း “လက်ထပ်ပြီးပေမယ့် အချိန်တွေကြာနေတဲ့တိုင်အောင် ငါ့ကိုချစ်တုန်းပါပဲလား” ဆိုတဲ့အတွေးလေးနဲ့ ပြန်လည်နုပျိုသလိုခံစားလာရနိင်ပါတယ်။ စကားပြောရင်တောင် နင်ပဲငစပြောမယ့်အစား ချိုသာတဲ့စကားမျိုးရွေးပြောတာက သင်တို့ကြားမှာ ဆက်ဆံရေးပြေလည်စေတဲ့အတွက် အိမ်ထောင်ရေးလည်းသာယာလာမှာပါ။ သင်က စပြီး အိမ်ထောင်ဦးစီးမို့ မချေမငံပြောမယ်ဆိုရင် သင့်ဇနီးကလည်း သင့်ကိုမချေမငံပြန်ပြောမှာပါပဲ။ အဲဒါက သင့်သားသမီးတွေအတွက် သင်ယူစရာဖြစ်သွားမယ်ဆိုရင် မကောင်းပါဘူးနော်။ သင်တို့ဆီက အမူအကျင့်တွေက သင့်တို့ရဲ့ သားသမီးတွေဆီကနေ မြေးတွေမြစ်တွေအထိ ပါသွားမှာဆိုတော့ သင့်သားသမီးမြေးမြစ်တွေ အကျင့်ကောင်းရဖို့က သင်တို့ထံမှာ မူတည်နေတယ်ဆိုတာ သင်မမေ့ပါနဲ့နော်။
၂) အသေးအဖွဲကအစ မလိမ်ပါနဲ့၊ ယုံကြည်ရပါစေ
အိမ်ထောင်ရေးမှာ လိမ်ညာခြင်းကလည်း ရန်သူပါပဲ။ ကြီးမားတဲ့ကိစ္စတွေမပြောနဲ့…….ကိစ္စအသေးအဖွဲလေးက စပြီး လိမ်တတ်တဲ့ အိမ်ထောင်ဖက်ဆိုရင် အမှန်တကယ်ပြောပေမယ့်လည်း ယုံကြည်စိတ်ကုန်ခမ်းသွားတတ်ပါတယ်။ ဥပမာ။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်သွားတဲ့ကိစလေးလောက်ကိုတောင် မိန်းမဖြစ်သူကို လိမ်တတ်တဲ့အိမ်ထောင်ဦးစီးကို မိန်းမလုပ်သူက တခြားကိစ္စကြီးကြီးမားမားတွေမှာ မလိမ်မညာဘဲ အမှန်အတိုင်းပြောတောင် ယုံကြည်တော့မှာမဟုတ်ပါဘူး။ အပြန်အလှန်မယုံကြည်ကြတော့တဲ့အခါ စပြီး သံသယဝင်လာတတ်ပါတယ်။ သံသယက အိမ်ထောင်ရေးကိုဖျက်ဆီးပစ်နိုင်ပါတယ်နော်။ အဲဒါကြောင့် ဘယ်အရာကိုမဆို နှစ်ဦးနှစ်ဖက်စလုံး မလိမ်မညာဘဲ အမှန်အတိုင်းကို အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောပြသင့်ပါတယ်။
၃) သစ္စာရှိပါ
အသေးအဖွဲကအစ မလိမ်ဖို့ အချင်းချင်းသဘောတူညီမှုယူထားပါ။ အဲဒါကြောင့် အပြန်အလှန်ယုံကြည်မှုရှိမယ့်အကြောင့် သဘောတူထားပါ။ အဲဒါမှလည်း သင့်စိတ်ထဲမှာကော သင့်အိမ်ထောင်ဘက်စိတ်ထဲမှာကော အချင်းချင်းအပြည့်အဝယုံကြည်နေမှာပါ။ အဲဒါက သင်တို့ကြားမှာ သံသယမဝင်နိုင်တော့ပါဘူး။ သံသယဖြစ်စေမယ့်ကိစ္စမျိုးဆို ကြိုတင်ပြီး အကျိုးအကြောင်းနဲ့ရှင်းပြထားပါ။ ကိုယ်တိုင်လည်း တကယ်သစ္စာရှိပါစေ။ အချင်းချင်းအပြန်အလှန်ယုံကြည်နေတဲ့အတွက် “ငါမသိအောင် တိတ်တိတ်လေး ဘာတွေလုပ်ထားပါလဲ….” ဆိုပြီး သံသယမဝင်တဲ့အခါ အချင်းချင်း ရန်ဖြစ်တာ၊ စိတ်ဝမ်းကွဲတာ၊ စကားများတာတွေမဖြစ်နိုင်တော့ပါဘူး။ “သူငါ့အပေါ် တကယ်သစ္စာရှိတာပါပဲ” ဆိုတဲ့စိတ်က သင်တို့အိမ်ထောင်ရေးကို သာယာပျော်ရွှင်စေနိုင်ပါတယ်။
၄) နားထောင်ပေးပါ
သင်က အိမ်ထောင်ဦးစီးမို့ အပြင်အလုပ်လုပ်တယ်ဆိုပါတော့ …..အိမ်မှာနေရလို့ သင့်မိန်းမက ထူးထူးထွေထွေပြောစရာရှိမှာမဟုတ်ဘူးလို့မထင်ပါနဲ့။ အိမ်မှာတစ်နေ့လုံးနေရပြီး သူရင်ဖွင့်ချင်တာ ရင်ဖွင့်တဲ့အခါ နားထောင်ပေးပါ။ အကြံပေးသင့်ပေးပါ။ သင့်ရဲ့တစ်နေ့တာမှာ တွေ့ကြုံလာသမျှကိုလည်း သင့်ဇနီးကို သင်ပြောပြရင်ဖွင့်ပါ။ အပြန်အလှန် ရင်ဖွင့်ခြင်း၊ အကြံပေးခြင်း၊ ရှေ့ရေးအတွက် စီမံကိန်းချမှတ်ခြင်း တွေကလည်း သင်တို့အိမ်ထောင်ရေးကို တည်မြဲစေနိုင်ပါတယ်။ အပြန်အလှန်ရင်ဖွင့်သမျှ နားထောင်ကြတဲ့အတွက် စိတ်ဖိစီးမှုလည်း ကင်းစေပါတယ်။ စိတ်ဖိစီးမှုကင်းတဲ့အခါ အိမ်ရောက်မှ စိတ်အလိုမကျဖြစ်ပြီး ဇနီးလုပ်သူကိုမဲမိတာမျိုး၊ သားသမီးကိုမဲမိတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။
၅) နားလည်ပေးပါ
သင်ဇနီးကလည်း လူတစ်ယောက်ဖြစ်သလို၊ သင်ကလည်း လူတစ်ယောက်ပါ။ တခါတလေ ဘဝမှာ ကျင်လည်နေထိုင်ရင်း အလုပ်တွေလုပ်ရင်း စက်ရုပ်တစ်ရုပ်လိုခံစားလာရတတ်ပါတယ်။ သင်တို့နှစ်ယောက်က ချစ်ခင်နှစ်သက်လို့ အိမ်ထောင်ပြုထားကြပေမယ့် သင့်ရဲ့ဆွေမျိုးအသိုင်းအဝန်းထဲကလူတွေကျတော့ သင်တို့ အပြန်အလှန်နှစ်သက်ချင်မှ နှစ်သက်ကြမှာပါ။ ဟုတ်ရဲ့လား…..သင်လက်ထပ်တုန်းကတော့ သင့်ချစ်သူကိုပဲသင်ချစ်လို့လက်ထပ်တာပဲလေ၊ သင်ချစ်သူကိုလက်ထပ်ပြီးနောက်မှာတော့ သူနဲ့ပတ်သက်သမျှ သင်လက်ခံရမှာပဲပေါ့။ အဲလိုပါပဲ…..သူ့ဘက်ကကြည့်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ပြောချင်တာက သင့်ကိုချစ်လို့နားလည်ပေးနိုင်ပေမယ့် သင့်နဲ့ပတ်သက်တဲ့သူတွေကိုတော့ သူနားလည်ပေးနိုင်ချင်မှ ပေးနိုင်မှာပါ။ အဲဒါကြောင့် သင်တို့အချင်းချင်းအပြန်အလှန်နားလည်ပေးဖို့လိုပါတယ်။ ဥပမာ။ သင့်ရဲ့ဆွေမျိုးထဲကတစ်ယောက်ယောက်က သင့်ဇနီးကို စိတ်အခန့်မသင့်အောင် ပြုမူသွားတယ်ဆိုပါတော့။ သင့်ဇနီးကလည်း ခံစားချက်ရှိတဲ့လူတစ်ယောက်ပဲလေ။ သူပေါက်ကွဲမှာပါပဲ…..သင်နားလည်ပေးလိုက်ပါ။ သူရင်ဖွင့်ချင်တယ်ဆိုရင်တောင် သင်က နားထောင်ပေးလိုက်။ သူကျေနပ်အောင် ပြောပေးလိုက်ပါ။ အချိန်တန် သင်တို့ကပြန်တည့်မှာဖြစ်ပေမယ့် သင့်မိသားစုအသိုင်းအဝန်းနဲ့ အဆင်ပြေအောင် လုပ်ပေးနိုင်တာကတော့ သင်တစ်ယောက်ပဲရှိတာပါ။ သူရင်ဖွင့်သမျှ၊ ပေါက်ကွဲသမျှ နားထောင်ပေးလိုက်ခြင်းက သူဟာ လူသားတစ်ယောက်မို့ခံစားရမှာပဲလို့ နားလည်ပေးခြင်းပါပဲ။ တစ်ချို့တွေဖြစ်တတ်ပါတယ်။ “ငါ့အမျိုးကိုနင်လာပြောစရာမလိုဘူး…..နင်ကဘာမို့လို့လဲ။” ဆိုပြီးပြောတတ်တာမျိုးပါ။ အဲလိုမျိုးလုံးဝမပြောမိပါစေနဲ့။ သင့်အမျိုးလည်း လူပဲလေ….ခံစားချက်အမျိုးမျိုးရှိမှာပဲ။ သူ့အမျိုးလည်း ထိုနည်းလည်းကောင်းပါပဲ။ အဓိကက အဲဒါကို သင်ကော သင့်ဇနီးကောနားလည်ဖို့ပါပဲ။ အဲဒါကို နားလည်ပါ၊ အချင်းချင်းလည်း နားလည်ပေးလိုက်ပါ။ သူ့နေရာက ဝင်ခံစားပေးလိုက်ပါ။ သင့်ညီအကိုမောင်နှမလုပ်ရပ်ကို သင့်အိမ်ထောင်ဖက်နေရာကနေ သင်ခံစားပေးကြည့်ပါ။ “ဟုတ်တာပဲလေ….ငါသာဆို သူနေရာမှာ ဘယ်လိုခံစားရမလဲ” ဒါမျိုးတွေးပေးပါ။ အဲဒါက သင့်အသိုင်းအဝန်းနဲ့ သင့်အိမ်ထောင်ဖက်ကို ရန်တိုက်ပေးနေတာမဟုတ်ပါဘူးနော်။ နားလည်ပေးပြီး သင့်အိမ်ထောင်ဖက်က ပေါက်ကွဲလာခဲ့ရင် သင်က ကိုယ်ချင်းစာပေးဖို့ပြောတာပါ။ အဲဒါအပြင် အခြားသောကိစ္စတော်တော်များများမှာလည်း သင့်အိမ်ထောင်ဖက်နေရာကို နားလည်ပေးပါ။ သင်က သူ့ဘက်ကနေနားလည်ပေးတဲ့အခါ သင့်အသိုင်းအဝန်းနဲ့သူမတည့်ရင်တောင် သူကြိုးစားပြီး အဆင်ပြေအောင်နေပါလိမ့်မယ်။ သင်ကိုယ်တိုင်ကပါ သင့်အသိုင်းအဝန်းကိုထိ ဆတ်ဆတ်ထိမခံဘူးဆိုတာမျိုးဖြစ်လာရင်တော့ သင်တို့အိမ်ထောင်ရေးက အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။
၆) ကိုယ်ချင်းစာတတ်ပါစေ
အိမ်ထောင်ရေးမှာ တစ်ကိုယ်ကောင်းဆန်လို့မရပါဘူး။ အခြားသူများအပေါ်မှာတောင် သင်ကိုယ်ချင်းစာတတ်မယ်ဆိုရင် သင်ချစ်လို့လက်ထပ်ထားတဲ့အိမ်ထောင်ဖက်အပေါ်မှာပိုပြီးတောင် ကိုယ်ချင်းစာသင့်ပါတယ်။ “ငါကတော့ ဝင်ငွေရှာနေတာပိုပင်ပန်းတယ်…..အိမ်ရောက်တာနဲ့ ငါဘာမှလုပ်စရာမလိုဘူး…” လို့ထင်နေရင် သင်မှားပါတယ်။ အိမ်အလုပ်က ပိုလို့တောင် နားချိန်မရှိတတ်ပါဘူးဆိုတာကို သတိရပါ။ အဲဒီ့တော့ သင့်အလုပ်ပိတ်ရက်မျိုးမှာ သင့်အိမ်ထောင်ဖက်ကို ဘယ်လိုကူညီပေးမလဲဆိုတာမျိုးနဲ့ ကိုယ်ချင်းစာပေးပါ။ တစ်ခုခုဆို “ငါလုပ်တာ သူသိမ်းမှာပဲ….” ဆိုတာထက် “အော်….ငါက ဝင်ငွေရှာသလို သူလဲအိမ်အလုပ်တွေနဲ့မနားရပါဘူး။ ငါကူညီလိုက်မှ…..” လို့တွေးပေးပါ။ အဲဒါဆို သင့်အိမ်ထောင်ဖက်ကလည်း သင့်အပေါ်သင်တွေးသလိုပြန်တွေးလာပါလိမ့်မယ်။ အချင်းချင်း ကိုယ်ချင်းစာစိတ်လေးနဲ့ အပြန်အလှန်ကူညီပေးတဲ့အခါ သင့်တို့အိမ်ထောင်ရေးက ပိုပြီး သာယာတည်မြဲနိုင်မှာပါ။
၇) အထိမ်းအမှတ်နေ့လေးတွေကို သတိတရရှိပါစေ
ကိုယ်တွေ လက်မှတ်ထိုးတဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့၊ အိမ်ထောင်ဖက်ရဲ့မွေးနေ့ စသည်ဖြင့် အသေးအဖွဲအမှတ်တရနေ့လေးတွေကို မေ့တတ်တယ်ဆိုရင်တောင် မှတ်စုထဲမှာ မှတ်ထားတာမျိုးလုပ်ထားပါ။ မတိုင်မီ ဘာလုပ်ပေးနိုင်မလဲတွေးထားပါ။ ငွေပေါပေါသုံးစရာမလိုပါဘူး။ သင့်ရဲ့ အမှတ်တရ အသေးအဖွဲသေးသေးလေးကတောင် သင့်အိမ်ထောင်ဖက်ကို အံ့အားသင့်သွားစေနိုင်ပါတယ်။ ဥပမာ။ သင့်လက်ထဲငွေအများကြီးမရှိရင်တောင် “မိန်းမရေ ဒီနေ့…..ကိုတို့လက်မှတ်ထိုးတဲ့နေ့မို့ လုံချည်အသစ်တစ်ထည် လက်ဆောင်ဝယ်လာတယ်” ဆိုတာမျိုးပေါ့။ သင့်ဇနီးက နောက်ဆုံးပေါ်အဆင်ဖြစ်ရဲ့လား၊ ဈေးကြီးရဲ့လား၊ အပေါစားကြီးလား….ဘာမှအတွန့်တက်မှာမဟုတ်ပါဘူး။ သင့်ဆီက မှတ်မှတ်ရရရှိတာနဲ့တင် သူ့မှာ အံအားသင့်နေမိမှာပါ။
၈) အားလပ်ချိန်ရှိပါစေ
သင့်မှာလည်း သင့်အလုပ်နဲ့သင်၊ သင့်အိမ်ထောင်ဖက်ကလည်း သူ့အလုပ်နဲ့သူမို့ မအား၊ မအားတဲ့အချိန်တွေများလာတဲ့အခါ စိတ်ဖိစီးလာမှာပါ၊ အဲဒီ့အခါ အချင်းချင်းပေါက်ကွဲလာတတ်ပါတယ်။ သင့်ဇနီးက သူငယ်ချင်းတွေနဲ့ဈေးဝယ်ထွက်ဖို့ သွားချင်ရင် သွားပါစေ။ “အော် ….တပတ်လုံး အလုပ်တွေများလွန်းလို့ သွားပါစေလေ” လို့တွေးပေးပါ။ ခွင့်ပြုပါ။ သင့်အတွက်လည်း သင့်အိမ်ထောင်ဖက်က နားလည်ပေးပါစေ။ သားသမီးရှိလို့ဆိုရင်တော့ ပိုလို့တောင်အားလပ်ချိန်လိုအပ်ပါသေးတယ်။ သင့်ဇနီးမှာ နားချိန်တောင်ရှိပါ့မလား တွေးပေးပါ။ သားသမီးရယ် ၊ သင်ရယ်၊ သင့်အိမ်ထောင်ဖက်ရယ် အားလပ်ချိန်တစ်ခုဖန်တီးပြီး ပျော်စရာဖြစ်ပါစေ။ ပန်းခြံလျှောက်လည်တာမျိုး၊ ဈေးအတူသွားဝယ်တာမျိုးတွေပေါ့။ အဲဒါက သင့်ကလေးကိုအချိန်ပေးတာဖြစ်သလို သင့်အိမ်ထောင်ဖက်ကိုလည်း အချိန်ပေးပြီးဖြစ်စေပါတယ်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပါပဲ။
၉) ကောင်းခြင်းဆိုးခြင်းကို အတူတကွကျော်ဖြတ်ပေးပါ
တစ်ချို့အိမ်ထောင်ရှင်တွေမြင်ဖူးပါတယ်။ မကောင်းတာတွေဖြေရှင်းရမယ်ဆိုရင် “ငါအိမ်ထောင်ဦးစီး” ဆိုတဲ့စိတ်နဲ့ အနိုင်ကျင့်ပြီး အမျိုးသမီးကပဲဖြေရှင်းရတာပါ။ အိမ်ထောင်ဦးစီးက ရှေ့ကမားမားမတ်မတ်မဖြေရှင်းရင်တောင် အတူတကွဖြေရှင်းပေးသင့်တာပါ။ အဲလိုမဟုတ်ဘဲ အိမ်ထောင်ရှင်မကိုပဲ လွှဲချပါများလာတဲ့အခါ အိမ်ထောင်ရှင်မခမြာ ဖိစီးမှုဒဏ်ကိုမခံနိုင်တော့ပါဘူး။ တစ်ချို့ဆို အခြားယောကျာ်းတစ်ယောက်ရဲ့ ဝင်ကူညီပေးမှုကို လက်ခံရင်း ထိုယောကျာ်းအပေါ်သာယာသွားမိတာမျိုး၊ အားကိုးသွားမိတာမျိုးကနေမှစပြီး အိမ်ထောင်ရေးဖောက်ပြန်မှုတွေအထိဖြစ်သွားနိုင်ပါတယ်။ အိမ်ထောင်ရှင်အမျိုးသားကိုပဲ အပူအပင်တွေ၊ ပြဿနာတွေပုံချခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ (တရားသေမဟုတ်ပေမယ့် အဖြစ်များတတ်တာကိုပြောပြခြင်းဖြစ်ပါတယ်) လက်ထပ်တယ်ဆိုတာ ဘဝကို အတူတကွ ရင်ဆိုင်ဖြတ်သန်းကြမယ်လို့ ကတိထားတာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဘဝကိုအတူရင်ဆိုင်ဖြတ်သန်းဖို့ နှစ်ဦးစလုံးကောင်းဖို့လိုပါတယ်၊ နှစ်ဦးစလုံး အသိပညာ၊ ဉာဏ်အမြော်အမြင်ရှိမှ၊ အခက်အခဲမှန်သမျှ အတူရင်ဆိုင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ဘယ်သူ့တာဝန်၊ ဘယ်သူကိစ္စလို့ ခွဲဝေလို့မရပါဘူးနော်။
၁၀) ခွင့်လွှတ်တတ်ပါစေ
လူတိုင်းအမှားမရှိဘူးဆိုတာမရှိပါဘူး။ အမှားကို သိပြီး အမှန်ပြင်နိုင်ရင်၊ အမှန်ပြင်ချင်စိတ်ရှိတယ်ဆိုရင်ပဲ လူကောင်းဖြစ်နေပါပြီ။ အဲဒါကြောင့် သင့်အိမ်ထောင်ဖက်က သူ့အမှားကို ဝန်ခံပြီး ပြုပြင်ပေးတဲ့အခါ သူ့အမှားတွေကို ဗွေမယူပါနဲ့။ ခွင့်လွှတ်ပေးတတ်ပါစေ။ ခွင့်လွှတ်ပေးတတ်ခြင်းကလည်း အိမ်ထောင်ရေးမှာအရေးကြီးပါတယ်။
အိမ်ထောင်ရေးသာယာဖို့ အဓိကလိုအပ်တဲ့အချက်လေးတွေကို ပြောပြပေးထားတာဖြစ်ပါတယ်။ အတတ်နိုင်ဆုံး အမျိုးသား၊အမျိုးသမီးမရွေးဘဲ လိုက်နာခြင်းဖြင့် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတည်ဆောက်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။