အိမ်ထောင်ဦးစီးကောင်းတစ်ယောက်က မိသားစုဘဝမှာ ဘယ်လောက်အရေးပါသလဲ

အိမ်ထောင်ဦးစီးဆိုတဲ့စကားလုံးက လေးလုံးထဲပေမယ့် အဓိပ္ပါယ်ရော၊ တာဝန်ရော က တော်တော်လေးနက်ပြီး တော်တော်တာဝန်ကြီးပါတယ်။ အိမ်ထောင်တစ်ခုကို ဦးစီးရတယ်ဆိုကတည်းက ထိုဦးစီးမကောင်းရင်မကောင်းသလို ထိုအိမ်ထောင်ပျက်စီးနိုင်ပါသေးတယ်။ အဲဒါကြောင့် မိသားစုတစ်ခုလုံးရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်း အားလုံးဟာ အိမ်ထောင်ဦးစီးဖြစ်သူပေါ်မှာ အများကြီးမူတည်နေပါတယ်။


အိမ်ထောင်ကို တစ်စုတစ်စည်းထဲ တည်မြဲနေအောင်၊ တိုးတက်လာအောင်၊ ထိန်းသိမ်းအုပ်ချုပ်နိုင်မှသာ အိမ်ထောင်ဦးစီးရဲ့တာဝန်ကျေပွန်နိုင်သလို အိမ်ထောင်ဦးစီးကောင်းတစ်ဦးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှင်သန်ကြီးပြင်းရတဲ့ သားသမီးတွေကလည်း သူတို့တစ်ဘဝလုံး အောင်မြင်တိုးတက်နိုင်ကြတာပါ။
အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့တာဝန်တွေက ငွေရှာပေးနိုင်ရုံ၊ အိမ်ရဲ့ စီးပွားကို အထောက်အပံ့ပေးနိုင်ရုံနဲ့ မပြီးသေးပါဘူး။ မိသားစုမှာလည်း စံပြဖြစ်နိုင်ဖို့ လိုပါသေးတယ်။ စံပြဆိုတဲ့နေရာမှာ လူ့ကျင့်ဝတ်၊ အကျင့်စာရိတ္တ၊ တာဝန်၊ ငွေကြေး၊ အလုပ်ခွင်၊ အပေါင်းအသင်း၊ လူမှုဆက်ဆံရေး စသည်ဖြင့် အများကြီးပါပဲ။
မိသားစုအပေါ်မှာ အမြဲအလေးအနက်ထားတတ်တဲ့အိမ်ထောင်ဦးစီးကြောင့် ဇနီးမယား၊ သားသမီး တို့က ဘဝမှာ စိတ်ဓာတ်ကောင်းကောင်းနဲ့ အကျင့်စာရိတ္တကောင်းကောင်း ကြီးပြင်းလာနိုင်သလို၊ မကောင်းတဲ့အိမ်ထောင်ဦးစီးကြောင့် မိသားစုတွေရဲ့ဘဝတွေ အားလုံးကမောက်ကမ ကဗြောင်းကဗြန်ဖြစ်သွားစေနိုင်ပါတယ်။
ဥပမာ။ အိမ်ကိုတော့ ဝင်ငွေလုံလောက်စွာရှာဖွေကျွေးမွေးပေမယ့် အချိန်ပြည့်အိမ်ကမိသားစုနဲ့ နွေးထွေးစွာမနေဘဲ အပြင်ပတ်ဝန်းကျင်အပျော်အပါးမှာချည်း ပျော်မွေ့တတ်တဲ့အိမ်ထောင်ဦးစီးမျိုးဆိုရင် သူ့ရဲ့မိသားစု ဇနီးမယားနဲ့ သားသမီးတွေမှာ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိသလို ခံစားရမှာမဟုတ်ပါဘူး။ အဲဒါအပြင် အဖေလုပ်သူကို အတုခိုးမှားပြီး သားသမီးတွေကလည်း အမြဲအပြင်မှာပဲ အပျော်ရှာနေတာမျိုးကြောင့် မဖြစ်သင့်တာတွေဖြစ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အရက်တွေသောက်တိုင်း ဇနီးမယားကို ရန်ရှာ၊ အကြီးအကျယ် ရန်ဖြစ်တတ်တဲ့ အိမ်ထောင်ဦးစီးမျိုးဆိုရင်လည်း အဖေအရက်သောက်လာမလားရယ်လို့ တထိတ်ထိတ်စိုးရွံ့နေမယ့် သားသမီးနဲ့ ဇနီးမယားတွေ ဖြစ်လာရမှာပါပဲ။ အမြဲတကျက်ကျက် ရန်ဖြစ်တတ်တဲ့အိမ်ထောင်တစ်ခုဆိုရင်လည်း သားသမီးနဲ့ဇနီးမယားတွေရဲ့ စိတ်ပိုင်းဆိုင်ရာအရ အမြဲသိမ်ငယ်နေသလို ခံစားနေရမှာဖြစ်သလို၊ လူမှုပတ်ဝန်းကျင်မှာလည်း မျက်နှာငယ်နေရမှာပဲဖြစ်ပါတယ်။
သားသမီးတွေမှာလည်း အမြဲတစေ ထိုကဲ့သို့ တစ်ခုမဟုတ်တစ်ခု ပြဿနာရှာတတ်တဲ့အဖေမျိုးကို စိတ်နာကျည်းမှုတွေဖြစ်လာရင်မကောင်းပါဘူး။ အဲဒါအပြင် “အဖေတောင် အရက်သောက်သေးတာပဲ…..ငါတို့လည်း သောက်မှာပဲ” ဆိုတဲ့ သားသမီးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ မကောင်းတဲ့အိမ်ထောင်ဦးစီးကြောင့် ဇနီးမယားမှာ အမြဲပူပင်သောကရောက်နေရပြီး သားသမီးတွေကို သေချာမထိန်းကျောင်းနိုင်တာမျိုးလဲ ဖြစ်နိုင်ပါသေးတယ်။
လွယ်လွယ်လေး လီဆယ်တတ်တဲ့အိမ်ထောင်ဦးစီးကြောင့် လွယ်လွယ်လေးလိမ်ညာတတ်တဲ့သားသမီးတွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ငွေကြေးအလွဲသုံးစားလုပ်တတ်တဲ့အိမ်ထောင်ဦးစီးမျိုးဆိုရင်လည်း သားသမီးတွေအတုယူမှားယုံမက ဇနီးမယားဖြစ်သူပါ တွဲရက်ဒုက္ခရောက်နိုင်ပါသေးတယ်။ သားသမီးတွေလည်း နောက်ဆက်တွဲ ဒုက္ခရောက်နိုင်ပါတယ်။
ပြောရရင်တော့ အိမ်ထောင်ဦးစီးတစ်ယောက်ကြောင့် တိုးတက်အောင်မြင်ပြီး လိမ်မာသော သားကောင်းရတနာများ ပေါ်ထွက်လာနိုင်သလိုပဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးအလုပ်သမားဖြစ်သွားရတဲ့သားသမီးလေးတွေလည်း အများကြီးရှိပါတယ်။ အားလုံးသော အကျိုးဆက်ဟာ အိမ်ထောင်ဦးစီးပေါ်မှာ မူတည်နေတာပါ။
အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ဟာ ငွေရှာပြီး စီးပွားကိုဖြည့်တင်းပေးနိုင်ရုံနဲ့တင် တာဝန်မကျေနိုင်ပါဘူး။ တစ်မိသားစုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကလေးငယ်တွေရဲ့အနာဂတ်၊ ဇနီးမယားရဲ့အနာဂတ် စသည်ဖြင့် တာဝန်တွေအများကြီးကျေဖို့လိုသလို၊ တာဝန်သိတတ်ဖု့ိလည်း လိုပါတယ်။
အိမ်ထောင်တစ်ခုတည်ဆောက်ရတာလွယ်ပါတယ်။ ဒါပေမယ့် ထိုအိမ်ထောင်ရဲ့တာဝန်တွေကိုတော့ ကျေပွန်အောင်၊ တာဝန်သိတတ်တဲ့စိတ်နဲ့ ကြိုးစားရတာမလွယ်ပါဘူး။ တာဝန်မသိတတ်တဲ့သူက တာဝန်ပေါ့ပါတယ်။ မိသားစုကတော့ ပျက်စီးလွယ်ပါတယ်။ တာဝန်သိတတ်သူကျတော့ အင်မတန်လေးပင်ရှာပါတယ်။ မပြိုကွဲအောင်၊ မပျက်စီးအောင် ကျားကန်ထားရလို့ ပင်ပန်းနိုင်ပါတယ်။
ဘဝဆိုတာ ပင်လယ်ပြင်ကြီးနဲ့တူပါတယ်။ အိမ်ထောင်တစ်ခုကတော့ ပင်လယ်ပြင်ထဲရွက်လွင့်နေရတဲ့ လှေငယ်နဲ့တူပါတယ်။ အိမ်ထောင်ဦးစီးတာဝန်မကျေရင်လည်း အိမ်ရှင်မတစ်ဦးထည်း ဆက်လှော်လို့ ခရီးဆုံးမရောက်နိုင်ပါဘူး။ မရောက်ရောက်အောင် တာဝန်သိစွာ အိမ်ရှင်မတစ်ဦးတည်း ဆက်လှော်ရပြန်လည်း အတော်လေး အားစိုက်ရပါတယ်။ အိမ်ရှင်မမကောင်းပြန်လည်း ခရီးမတွင်နိုင်ပါဘူး။ အိမ်ထောင်ဦးစီးလုပ်သူကော၊ အိမ်ရှင်မလုပ်သူကော တက်ညီလက်ညီလှော်ပြီး ပင်လယ်ပြင်ရဲ့တစ်ဖက်ကမ်းကိုရောက်အောင် လှော်ခတ်ရမှာပါ။ တက်မညီလက်မညီရင်တော့ လှေတစ်စင်းလုံးမြှပ်မှာပါပဲ။ အိမ်ထောင်ဦးစီးတစ်ယောက်ကသာ ကောင်းကောင်းဦးဆောင်ပြီး လမ်းပြနိုင်မယ်၊ ကိုယ့်တာဝန်ကိုယ်သိတတ်စွာ တာဝန်ကျေပွန်မယ်ဆိုရင် ခရီးမြန်မြန်တွင်သလို သာယာလှပတဲ့အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်မှာပါ။ အဲဒါကြောင့် အိမ်ထောင်ဦးစီးတစ်ယောက်ကောင်းခြင်းဟာ မိသားစုဘဝအတွက် အင်မတန်အရေးပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
ယောကျာ်းကောင်း၊ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အနေဖြင့် လှပတဲ့မိသားစုဘဝလေးကို ဖန်တီးနိုင်သူတွေဖြစ်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။