အိပ်မပျော်တဲ့သူတွေအတွက် အိမ်တွင်းနည်းလမ်းများ

အမြဲအိပ်မပျော်တဲ့အခါ ကိုယ့်ရဲ့ကျန်းမာရေးကို အများကြီးထိခိုက်စေတာကို သိပြီးကြပြီးဖြစ်မှာပါ။ တချို့တွေက ဘယ်လိုပဲအိပ်ပျော်အောင် အိပ်ပါစေ ၊ အိပ်မရဘူးဆိုတာမျိုးတွေ ကြုံဖူးကြမှာပါ။ အဲဒီ့အတွက် အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းတွေ ရှိပါတယ်။ အိပ်ခါနီးကျမှ ကဖင်းပါတဲ့အချိုရည်၊ ကော်ဖီစတဲ့သောက်စရာတစ်မျိုးမျိုးသောက်မိတာမျိုး၊ ဒါမှမဟုတ် တခုခုကြောင့် စိတ်ဖိစီးမှုကို တွေးတောမိနေတာမျိုးကနေလည်း အိပ်မရတာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အောက်ပါအချက်လေးတွေကို လုပ်ကြည့်ပေးပါ။


၁) ပုံမှန်အိပ်ချိန်သတ်မှတ်အိပ်ပါ။
ည၁၁နာရီအိပ်တယ်ဆိုရင် အချိန်မှန် အဲဒီ့အချိန်ပဲအိပ်ပါ။ အလေ့အကျင့်အနေနဲ့ အိပ်ချိန်မှန်အောင်လုပ်ထားခြင်းက သင့်ကို ပုံမှန်အိပ်ချိန်ရောက်တာနဲ့ အိပ်ချင်စိတ်ဖြစ်လာစေပါတယ်။ အဲဒါကြောင့် ပုံမှန်အိပ်ချိန်ဖြစ်အောင် လေ့ကျင့်ပါ။ အိပ်ချိန်မတိုင်မီ ၂နာရီအလိုမှာ လုံးဝ ဖုန်း၊ ကွန်ပျူတာ ၊ တီဗွီမကြည့်ဘဲနေပါ။

၂) သက်တောင့်သက်သာအိပ်ရာဖန်တီးပါ။
ကိုယ်က အိပ်ပျော်ဖို့ ခက်ခဲတဲ့လူဆိုရင် ကိုယ့်အတွက် အိပ်ရာကို သေချာပြင်ဆင်ပါ။ သက်တောင့်သက်သာရှိပြီး အိပ်လိုက်တာနဲ့ အိပ်ပျော်သွားစေတာမျိုးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်။ အမှောင်ချထားတာမျိုး၊ မအိပ်ခင် အိပ်ပျော်စေမယ့် အမွှေးရနံ့တစ်ခုခုဖြန်းလိုက်တာမျိုး(တချို့ကျတော့ အဲဒီလိုအနံ့အသက်လေးရှုရှိုက်ရင်အိပ်ပျော်စေတယ်ဆိုတာမျိုးရှိတတ်ကြပါတယ်) ကိုယ်က ဘယ်လိုအခြေအနေမျိုးဆိုရင် အိပ်ပျော်မလဲ....ကိုယ်နဲ့ကိုက်ညီမယ့်အိပ်ရာမျိုးပြင်ဆင်သင့်ပါတယ်။

၃) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။
နေ့တိုင်းပုံမှန် ကိုယ်ကလက်လှုပ်ရှားမှုလုပ်ခြင်းက သင့်ကို ချွေးထွက်စေတဲ့အပြင် တစ်နေ့တာလုံး တင်းကြပ်နေတဲ့အာရုံတွေကို ပြေလျော့စေပါတယ်။ အဲဒီ့အတွက် ညဘက်အိပ်ချိန်မှာ ကောင်းမွန်စွာအိပ်ပျော်ဖို့ အထောက်အကူရစေပါတယ်။ ကျန်းမာရေးအတွက်လည်းကောင်းမွန်ဖို့ အကူအညီဖြစ်စေပါတယ်။

၄) အိပ်ရာမဝင်မီ ကဖင်းဓာတ်ပါသောသောက်စရာများ မသောက်ပါနဲ့။
Energy drink ၊ ကော်ဖီ အခြား ကဖင်းပါတဲ့သောက်စရာတွေနဲ့ အယ်ကိုဟောတွေက သင့်ကို အိပ်ရာဝင်ချိန်အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒါကြောင့် အိပ်ရာဝင်ခါနီး ၂နာရီခန့်အလိုမှာ ကဖင်းပါတဲ့အစားအသောက်တွေကို ရှောင်ကျဥ်သင့်ပါတယ်။

၅) အိပ်ရာဝင်ခါနီးပူပန်သောကတွေမတွေးပါနဲ့။
အဓိကကတော့ ဘာတွေဘယ်လောက်ရှောင်ကျဥ်ပါစေ၊ အိပ်ရာဝင်ခါနီးမှာ တစ်နေ့တာလုံးရဲံ ပူပန်သောက စိတ်ဖိစီးစရာတွေကို ပြန်လည်တွေးတောခြင်းဟာ စိတ်ဖိစီးမှုကို အစကပြန်သတိရလာစေပါတယ်။ အဲဒီ့အခါ အတွေးထဲမှာတင်နစ်နေပြီး အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် အိပ်ရာဝင်ခါနီးအချိန်မှာ ကိုယ့်စိတ်ကိုပြေလျော့အောင် တခုခုလုပ်ပါ။ စိတ်ညစ်စရာတွေပြန်မတွေးပါနဲ့။
၆) စိတ်တည်ငြိမ်စေတဲ့အရာတစ်ခုခုလုပ်ပါ။
အိပ်ရာဝင်ခါနီးအချိန်မှာ တရားထိုင်တာ၊ ဘုရားဝတ်ပြုတာ၊ ဘာသာရေးနဲ့ပတ်သက်တာ၊ စာဖတ်တာ စတဲ့အရာတွေနဲ့ စိတ်တည်ငြိမ်အောင်လုပ်သင့်ပါတယ်။ အဲဒီ့အခါ အာရုံက တခြားကို မပျံ့လွင့်တော့ဘဲ ကိုယ့်ကို အကောင်းဆုံးအိပ်ပျော်စေဖို့ အထောက်အကူပြုနိုင်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။