အိပ်မက်တွေဈေးကြီးတယ်ဆိုတာ တကယ်လား…..

အိပ်မက်တွေက ဈေးကြီးတယ်….ဆိုပြီး ပြောနေကြတာကြားမိပါတယ်။ တကယ်ပဲ အိပ်မက်တွေက ဈေးကြီးတာလား။ ကိုယ်တိုင်က အစွမ်းအစမရှိတာလား။ လူတိုင်းက ဈေးကြီးတာကိုတော့ မဝယ်နိုင်ကြပါဘူး။ ဒါပေမယ့် အဲဒီ့ဈေးကြီးတယ်ဆိုတဲ့အရာကိုတော့ ရရှိပိုင်ဆိုင်ရတဲ့အခါမှာတော့ အခြားသော ဈေးနည်းတဲ့ပစ္စည်းတွေထက်ကို ပိုပြီး တန်ဖိုးထားတတ်ကြတယ်မဟုတ်လား။ အဲဒီ့တော့ သင်ဖြစ်ချင်တဲ့အိပ်မက်က ဈေးကြီးတယ်ဆိုပြီး သင်မကြိုးစားဘဲနေရင် သင်တန်ဖိုးရှိတာကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး။


မအောင်မြင်သူတော်တော်များများကတော့ အိပ်မက်တွေက ဈေးကြီးတယ်၊ အိမ်မက်တွေနောက်ကို လိုက်ဖို့မလွယ်ဘူးလို့ သတ်မှတ်တတ်ကြပါတယ်။ အဲဒီလို သတ်မှတ်လို့လဲ သူတို့က မအောင်မြင်ကြတာဖြစ်ပါတယ်။ တကယ်တော့ အိပ်မက်တွေဈေးကြီးတယ်ဆိုတာ မရနိုင်တဲ့စပျစ်သီးကိုချဉ်တယ်ပြောကြတဲ့ လူတန်းစားတွေအတွက်ပါ။ Walt Disney
ကပြောထားပါတယ်။ “All of our Dreams can come true. If we have the courage to pursue them” အိပ်မက်တွေနောက်ကိုသာ လိုက်ရဲတဲ့သတ္တိရှိရင် ကျွန်တော်တို့အိပ်မက်တွေ တကယ်ဖြစ်လာနိုင်တာပေါ့တဲ့။ အမှန်ပါပဲ။ အိပ်မက်တွေဈေးကြီးတယ်ပြောနေသူတွေက အိပ်မက်တွေနောက်ကိုမလိုက်ရဲကြသူတွေပါ။ တနည်းအားဖြင့်တော့ ဆင်ခြင်ပေးတာဖြစ်ပါတယ်။
Herry potter စာရေးဆရာမ JK Rowling က စာရေးဆရာမဖြစ်ခင်မှာ မိခင်ဆုံးသွားသလို၊ သူ့ရဲ့အိမ်ထောင်ပြိုကွဲခဲ့တယ်။ အလုပ်မရှိဘဲ ကလေးတစ်ယောက်နဲ့ လူမှု့ဖူလုံရေးငွေကြေးထောက်ပံ့မှုနဲ့အသက်ဆက်ခဲ့ရသလို စိတ်ဓာတ်ကျခြင်းကိုလည်း ခံစားခဲ့ရပါတယ်။ Herry potter စာအုပ်ကိုလည်း ထုတ်ဝေသူတွေ အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရပြန်ပါတယ်။ နောက်ဆုံးမှာတော့ သူမရဲ့ဝတ္ထုက ရောင်းအားအကောင်းဆုံးဖြစ်ပြီး နာမည်ကြီးစာရေးဆရာတစ်ဦးဖြစ်လာခဲ့တာပါပဲ။
Thomas Edison ဆိုလည်း ကျောင်းမှာ စာသင်ဖို့ဉာဏ်ရည်မမီဘူးဆိုပြီး ကျောင်းထုတ်ခံခဲ့ရသူပါ။ အကြိမ်ပေါင်းများစွာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးမှ မီးသီးကိုတီထွင်နိုင်ခဲ့ပါတယ်။ Steven King ဆိုရင်လည်း ချက်ချင်းနာမည်ကြီးစာရေးဆရာဖြစ်လာတာမဟုတ်ဘဲ ဝတ္ထုပေါင်း ၆၀ကျော်ရေးခဲ့ရပါတယ်။ အိပ်မက်တွေဈေးကြီးလို့ မဖြစ်နိုင်ပါဘူးဆိုပြီး ရှေ့မဆက်ခဲ့ရင် အဲဒီ့နာမည်ကြီးအောင်မြင်သူတွေအားလုံးဟာ ထိုနေရာကိုတောင် ရောက်လာစရာမရှိပါဘူး။ သူတို့တွေရဲ့အိပ်မက်တွေက ဒီလောက်ခက်ခဲခဲ့ရဲ့သားနဲ့ ဘာလို့များ ဖြစ်လာရတာလဲ။ သူတို့က သူတို့အိပ်မက်တွေနောက်ကို လိုက်ဖို့ သတ္တိရှိတဲ့သူတွေဖြစ်လို့ပါပဲ။
အဲဒီ့မှာ အိပ်မက်တွေနောက်ကိုလိုက်ရဲတဲ့သူဖြစ်ဖို့ အဓိက လိုအပ်ချက်တစ်ခုက အိပ်မက်တွေက ဈေးကြီးတယ်လို့တွေးနေတဲ့အတွေးကိုပြောင်းလဲပစ်လိုက်ဖို့ပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်မက်တွေက ဈေးကြီးလို့ အိပ်မက်တွေနောက်ကိုမလိုက်နိုင်ဘူးဆိုတဲ့အတွေးက သင့်ကို အကြောက်တရားကိုပေးနေတာပါ။ သင်မလုပ်နိုင်လောက်ဘူးဆိုတဲ့စိတ်ပါ။ အဲဒီ့အတွေးရှိနေသရွေ့ သင့်အိပ်မက်တွေနောက်ကို သင်လိုက်ဖို့ သတ္တိရှိမှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်အိပ်မက်တွေကို ပုံဖော်ဖို့ အရင်ဆုံး သင်လုပ်နိုင်တယ်လို့ ယုံကြည်နေဖို့လိုပါတယ်။
“if you believe in yourself anything is possible” သင့်ကိုယ်သင်လုပ်နိုင်တယ်လို့ ယုံကြည်နေတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အဲဒါကြောင့် အိပ်မက်တွေဈေးကြီးတယ်လို့ ဘယ်သူတွေဘယ်လိုပြောပြော သင်က အိပ်မက်တွေအကောင်အထည်ဖော်ချင်သူဆိုရင် သင့်အတွေးကိုပြောင်းလဲပစ်လိုက်ပါ။ သင့်ကိုယ်သင်ယုံကြည်ပါ။ အိပ်မက်တွေဈေးကြီးပါစေ။ ဈေးကြီးမှ ပိုတန်ဖိုးထားခံရတယ်ဆိုတာ မမေ့ပါနဲ့။
အိပ်မက်တွေက ဈေးကြီးတယ်ဆိုတာက မရနိုင်တဲ့စပျစ်သီးကို ချဉ်တဲ့ပြောကြတဲ့လူအချို့ရဲ့စကားပါ။ ဘယ်အရာမှ အလကားသင့်လက်ထဲလာထည့်ပေးဖို့ မျှော်လင့်မနေပါနဲ့။ ဈေးကြီးတဲ့အိပ်မက်က သင့်အတွက် ပိုတန်ဖိုးမရှိဘူးလား။ ဈေးကြီးတဲ့တန်ဖိုးကို ပိုင်ဆိုင်ထားနိုင်တဲ့လူမှ လူတိုင်းက အားကျကြတာမဟုတ်လား။ သိထားဖို့က ဈေးကြီးတဲ့အိပ်မက်ကို ဘယ်သူကမှတော့အလကားလာမပေးဘူးဆိုတာပါပဲ။ သင်ကိုယ်တိုင်ကြိုးစားယူမှ ရမှာပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။