အောင်မြင်သူတွေကျော်လွှားခဲ့ရတဲ့ စိန်ခေါ်မှု ၇ခု

အောင်မြင်တဲ့သူတွေဆိုတာက ကိုယ့်ကိုကိုယ်လည်း စိန်ခေါ်နိုင်သလို အခြားကြုံလာရတဲ့စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်တဲ့သူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာလည်း စိန်ခေါ်မှုပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမှာပါပဲ။ အောင်မြင်သူတွေက ဘာတွေကိုဘယ်လိုကျော်လွှားနိုင်ခဲ့သလဲဆိုတာကို လေ့လာထားခြင်းက ကိုယ်တိုင်ကြုံလာတဲ့စိန်ခေါ်မှုတွေအတွက်လည်း အထောက်အကူဖြစ်စေနိုင်မှာပါ။


၁) အသက်အရွယ်
တကယ်တော့ အသက်အရွယ်ဆိုတာက ကဏန်းတစ်ခုသာပဲဖြစ်ပါတယ်။(ဒါပေမယ့် လုံးဝကိုအိပ်ရာထဲကမထနိုင်ဘဲ အခြားလူတွဲမှထနိုင်တဲ့အသက်အရွယ်လောက်ကျမှတော့ ထပြီးအောင်မြင်ချင်လို့တော့မရတော့ဘူးပေါ့) ပြောချင်တာက အသက်ကြီးနေလို့ မလုပ်နိင်တော့ပါဘူးလို့ ပြောတတ်တဲ့သူတွေကို ကြည့်လိုက်ရင် လုံးဝသွားတွေတစ်ချောင်းမှမရှိတော့တဲ့အသက်အရွယ်မျိုး၊ အိပ်ရာထဲကမထနိုင်တော့တဲ့အသက်အရွယ်မျိုးတွေမဟုတ်ပါဘူး။ အလတ်ကြီးရှိနေသေးသရွေ့ကတော့ အသက်ကြီးနေတာ ငယ်နေတာမရှိပါဘူး။ ကိုယ်လုပ်နိုင်နေသေးရင် အသက်အရွယ်ဆိုတာ ပဓာနမကျပါဘူး။
ကိုယ်တတ်နိုင်နေသေးရဲ့သားနဲ့ “အသက်ကြီးနေပြီ….” လို့ ပြောပြီး ဘာမှဆက်လုပ်ဖို့မကြိုးစားရင်တော့ သေချာပါတယ် အောင်မြင်မယ့်သူမဟုတ်ပါဘူး။ အောင်မြင်သူတွေက သူတို့ရဲ့နှလုံးသားကလုပ်ဆောင်ချက်အတိုင်းပဲလုပ်ဆောင်ကြပါတယ်။ သူတို့ရဲ့ဆန္ဒပြင်းပြမှုရှိနေသရွေ့ပေါ့။ အဲဒါကြောင့် အသက်အရွယ်နဲ့မဆိုင်ဘူးလို့ ပြောချင်တာပါ။

၂) အခြားသူတွေရဲ့အတွေးတွေ….
သင့်ရဲ့စိတ်အာရုံထဲမှာ တကယ်ဖြစ်ချင်တာက ဘာလဲ။ အဲဒါကို သိပြီး အဲဒါရဲ့ဦးဆောင်မှုနောက်ကိုပဲလိုက်တယ်။ အခြားသူတွေ သူ့ကိုဘယ်လိုထင်ပါစေ၊ ဂရုမစိုက်တတ်ကြပါဘူး။ အဲဒါကြောင့်ကိုပဲ သူတို့တွေက အောင်မြင်ရင်သူများထက်ကို အောင်မြင်တတ်ကြပါတယ်။ မအောင်မြင်ခင်မှာတော့ ငကြောင်အထင်ခံကြရတာပါပဲ။ အခြားသူတွေ သင့်အပေါ်ထင်နေတဲ့အတွေးကို ရပ်တန့်သွားအောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ အခြားသူတွေကြောင့် သင်ဖြစ်ချင်နေတာတွေကို ရပ်တန့်လိုက်စရာလည်း မလိုပါဘူး။ အဲဒါကြောင့် သင့်ကိုအခြားသူတွေဘယ်လိုထင်ထင် ကိစ္စမရှိပါဘူး။ အဲဒါ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ သင့်လုပ်သင့်တဲ့အလုပ်ကိုလုပ်နေတယ်၊ သင်ဖြစ်ချင်တာကိုလုပ်နေတယ်၊ သင်အောင်မြင်ချင်တဲ့လမ်းကြောင်းကို ဖောက်နေတယ်ဆိုရင် သင့်အတွက်ပါပဲ။
အောင်မြင်သူတွေက အခြားသူရဲ့အထင်အမြင်တွေကို ဂရုစိုက်နေခြင်းက ကိုယ့်ရဲ့စွမ်းအင်နဲ့ အချိန်ကုန်တယ်ဆိုတာကို သိကြသူတွေဖြစ်ပါတယ်။ သင့်ကိုသူတို့ဘာပြောပြောမခံစားပါနဲ့၊ အဓိကက သူတို့ပြောသလို ကောင်းလည်းမကောင်းဆိုးလည်းမဆိုးဖို့မလိုဘဲ သင်မှန်ကန်နေဖို့သာလိုပါတယ်။

၃) အဆိပ်အတောက်လိုလူမျိုး
အောင်မြင်သူတွေက ယုံကြည်ကြတာတစ်ခုရှိပါတယ်။ သင့်အနားက ဝန်းရံသူငါးယောက်ရဲ့ပျမ်းမျှ စရိုက်သဘောက သင်ဖြစ်နေတယ်ဆိုတာပါပဲ။ Apple က Steve Jobs နဲ့ Steve Wozniak တို့က အိမ်နီးနားချင်းတွေဖြစ်ပါတယ်။ Bill Gates နဲ့ Paul Allen တို့က မူကြိုကတည်းကတွေ့ဆုံကြတာဖြစ်ပါတယ်။ Google က Sergey Brin နဲ့ Larry Page တို့က Stanford တက္ကသိုလ်မှာတွေ့ကြတာဖြစ်ပါတယ်။ အောင်မြင်တဲ့သူတွေကသာ သင့်ကိုလည်း မြင့်မားတဲ့နေရာတစ်ခုရောက်အောင် ကူညီနိုင်တဲ့သူတွေဖြစ်ပါတယ်။ အဆိပ်အတောက်လိုမကောင်းတဲ့သူတွေကတော့ သင့်ကို သူတို့နဲ့တန်းတူဖြစ်အောင် ဆွဲချကြပါလိမ့်မယ်။ အဆိပ်အတောက်လိုမကောင်းတဲ့လူတွေနဲ့ ဝန်းရံတဲ့အခါ သင့်ကို လှောင်ပြောင်ခြင်း၊ မကောင်းပြောခြင်း၊ အနိုင်ကျင့်ခြင်း၊ အရူးတစ်ယောက်လို နာကျင်စေခြင်း စတာတွေအပြင် စိတ်ဖိစီးမှုတွေကိုသာ ဖြစ်ပေါ်စေပါတယ်။
သင့်ဘဝမှာသင်မပျော်တော့တဲ့အခါ သင့်ပတ်ဝန်းကျင်ကို ပြန်လေ့လာကြည့်ပါ။ ရံဖန်ရံခါမဟုတ်ဘဲ သင့်ကိုထိုကဲ့သို့ မကောင်းတဲ့သူတွေနဲ့သာဝန်းရံထားမိတယ်ဆိုရင်တော့သင်ကြုံတွေ့နေရတဲ့ပြဿနာတွေရဲ့ အရင်းမြစ်ကတော့ ထိုသူတွေပဲဖြစ်ပါလိမ့်မယ်။ အဲဒါကြောင့် သင့်ကိုအဆိပ်အတောက်ဖြစ်စေတဲ့လူတွေကလည်း သင့်ရဲ့စိန်ခေါ်မှုတွေထဲက တစ်ခုပါပဲ။

၄) အကြောက်တရား
အကြောက်တရားဆိုတာ သင့်ရဲ့ပုံဖော်မှုကြောင့်သာ စိတ်ခံစားမှုဖြစ်ပေါ်လာတာဖြစ်ပါတယ်။ တကယ်တော့ အကြောက်တရားဆိုတာ ရေရာစွာ ဖော်ပြလို့ရတဲ့အရာမဟုတ်ပါဘူး။ အန္တရာယ်ကသာ တကယ်ရှိတာပါ။ အကြောက်တရားဆိုတာက သင့်ရဲ့ရွေးချယ်မှုပါ။
အောင်မြင်သူတွေက အကြောက်တရားဆိုတာကို မေ့ထားကြပါတယ်။ သူတို့ဖြစ်ပေါ်လာမယ့်အကြောက်တရားကို အောင်နိုင်အောင် ကြိုးစားကြပါတယ်။ သင့်စိတ်ထဲမှာ ကြောက်ရွံ့နေတာကို ကြာကြာမဆုပ်ကိုင်ထားပါနဲ့။ အကြောက်တရားကို ကြာကြာဆုပ်ကိုင်ထားခြင်းက သင်ကိုကျရှုံးစေတာပါ။ သင့်ရဲ့အကြောက်တရားကို သင်ကိုယ်တိုင်ရင်ဆိုင်ပစ်ရမှာပါ။

၅) မကောင်းမြင်ခြင်း
ဘဝဆိုတာကတော့ အမြဲလို သင်ဖြစ်ချင်တာတွေချည်းပဲတော့ ဘယ်ဖြစ်လာပါ့မလဲ။ သင့်မှာလည်း အခြားသူနဲ့တန်းတူ တစ်နေ့မှာ ၂၄နာရီရထားတာပဲလေ။ အောင်မြင်သူတွေက သူတို့ရဲ့အချိန်ကို တန်ဖိုးရှိစွာအသုံးချတတ်ကြပါတယ်။ ကိုယ်မှမတတ်နိုင်တာလို့ ညည်းညူနေမယ့်အစား ကိုယ်တတ်နိုင်တာကဘာလဲဆိုတာ အရင်စဉ်းစားကြပါတယ်။ သူတို့မှာ ရှိထားပြီးသားစွမ်းရည်တွေနဲ့ ဘာကိုအကောင်းဆုံးဖြစ်အောင်လုပ်လို့ရမလဲလို့သာ စဉ်းစားတတ်ကြပါတယ်။ အဲဒါကြောင့် နောက်ဆုံးမှာသူတို့က ဖြေရှင်းချက်တစ်ခုတော့ ရလာတာချည်းပါပဲ။
မကောင်းတဲ့အရာတွေဖြစ်ပျက်လာတဲ့အခါ ထိုအဖြစ်အပျက်တွေကို အတတ်နိုင်ဆုံးရှောင်ရှားတတ်တယ်။ အကန့်အသတ်သတ်မှတ်ထားတတ်တယ်။ သူတို့လုပ်နိုင်တာကိုပဲအာရုံစိုက်တတ်သူတွေဖြစ်ပါတယ်။ မကောင်းတဲ့အခြေအနေတွေမှာ မကောင်းမြင်နေမယ့်အစား ကိုယ်ဘာလုပ်နိုင်သလဲဆိုတာပဲ စဉ်းစားကြပါတယ်။

၆) အတိတ် (သို့) အနာဂတ်
အကြောက်တရားနဲ့အတူတူပါပဲ။ အတိတ်တုန်းက ဒါမှမဟုတ် မဖြစ်လာသေးတဲ့အနာဂတ်မှာ စသဖြင့် သင့်စိတ်ထဲကြိုတွေးပြီး ပူပန်တာမျိုး၊ ဖြစ်ပြီးသမျှကို ပူဆွေးနေတာတွေက အကောင်အထည်ပြစရာမရှိတော့ပါဘူး။ ပူဆွေးသောကရောက်နေတာက အတိတ်ကိုမပြောင်းလဲနိုင်တော့ပါဘူး။ စိုးရိမ်ပူပန်ခြင်းက အနာဂတ်ကိုလည်း မပြုပြင်နိုင်ပါဘူး။ အောင်မြင်သူတွေက အဲဒါကို သိသူတွေဖြစ်ပါတယ်။ သူတို့က ခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် အသုံးချကြပါတယ်။ လက်ရှိကာလမှာနေထိုင်ရင်း ကျွန်တော်တို့လုပ်လို့ရတာ ၂ချက်ရှိပါတယ်။ အတိတ်ကို လက်ခံဖို့ပါ။ အတိတ်နဲ့ငြိမ်းချမ်းရေးမယူတဲ့သူဟာ အဲဒီ့အတိတ်ကိုလည်း ဘယ်တော့မှထားခဲ့နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့်အနာဂတ်ကိုလည်း လှပအောင် မဖန်တီးနိုင်ပါဘူး။ အနာဂတ်ကိုလည်း လက်ခံပါ။ မလိုလားအပ်တဲ့မျှော်လင့်တောင့်တခြင်းတွေကို မလုပ်ပါနဲ့။ စိုးရိမ်ပူပန်ဖို့အတွက်လည်း နေရာမပေးပါနဲ့။ မာ့ခ်တွန်းကပြောဖူးပါတယ်။ မဖြစ်သေးတာကိုစိုးရိမ်ပူပန်ခြင်းက ငါတို့မယူထားတဲ့အကြွေးကို ဆပ်နေခြင်းနဲ့တူပါတယ်တဲ့။

၇) လူတွေရဲ့အခြေအနေအကြောင်းအရာတွေ
သင့်ရဲ့မျက်လုံးတွေကို အသစ်တွေအပေါ်မှာသာ အာရုံစိုက်ပါ။ အောင်မြင်သူတွေက သူတို့မထိန်းချုပ်နိုင်တဲ့ နေရာတစ်ခုကို အာရုံမထားပါဘူး။သူတို့ရဲ့စွမ်းရည်ကို အဓိက အရာ၂ခုအပေါ်မှာပဲအာရုံစိုက်ပါတယ်။ အားစိုက်ထုတ်ခြင်းနဲ့ အာရုံစူးစိုက်ခြင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့အာရုံစူးစိုက်မှုကို သူတို့အတွက် ကောင်းမွန်တဲ့အရာတွေအပေါ်မှာပဲ အာရုံစိုက်ပါတယ်။ ထိုအရာတွေပေါ်မှာ သေချာအားစိုက်ထုတ်ပြီး ဖြစ်မြောက်အောင်မြင်အောင်လုပ်ဆောင်ပါတယ်။ သူတို့ရဲ့ကိုယ်ပိုင်ဘဝပိုပြီး သာယာအဆင်ပြေအောင်မြင်ဖို့နဲ့ သူတို့ပတ်ဝန်းကျင်က အဆင်ပြေဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုအရာတွေကသာ သူတို့ကို ပိုကောင်းတဲ့နေရာတစ်ခုဆီသို့ ခေါ်သွားနိုင်တာကို သိနားလည်လို့ဖြစ်ပါတယ်။

သူတို့ရဲ့နေ့ရက်တွေတိုင်းမှာ သူတို့ဘဝပိုပြီးအဆင်ပြေလာအောင်၊ ပိုကောင်းမွန်အောင်သာ အားစိုက်ထုတ်ပါတယ်။ အာရုံစိုက်ပါတယ်။ အဲဒါဆို အခြားအရာတွေအပေါ်အာရုံစိုက်နိုင်တော့မှာမဟုတ်ပါဘူး။ .သင့်ရဲ့အောင်မြင်မှုဆိုတာက သင့်ရဲ့စိတ်သဘောထားကို မောင်းနှင်ခြင်းပါပဲ။ အာရုံစိုက်ခြင်းနဲ့ စည်းစနစ်ကျစွာကြိုးစားမယ်ဆိုရင် ဒီစိန်ခေါ်မှု ၇ခုကို သင်ကျော်လွှားနိုင်ပြီး သင်ရည်မှန်းရာကိုအရောက်သွားနိုင်မှာပါ။
https://www.success.com/7-challenges-successful-people-overcome/လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။