အောင်မြင်သူတွေ ဘယ်တော့မှ အချိန်မဖြုန်းတတ်တဲ့ အရာ ၈ မျိုး

အချို့လူတွေက သူတို့သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေ၊ သူတို့ဘဝမှာ ဖြစ်ချင်တဲ့အရာတွေဖြစ်မလာတဲ့အခါ စိတ်ဖိစီးမှုလွှမ်းမိုးခြင်းကို ခံစားကြရပါတယ်။ ဘာဖြစ်လို့ ကိုယ်မှန်းထားတာတွေ မဖြစ်လာနိုင်တာလဲဆိုတဲ့အချက်ကို သိချင်ကြမှာပါ။ အထူးသဖြင့်တော့ အဖြစ်များတဲ့ကိစ္စတွေရဲ့အဓိက တရားခံက အချိန်အလဟဿဖြုန်းနေမိတာပါပဲ။ စဉ်းစားစရာက လူတိုင်းက တစ်နေ့တာရဲ့အချိန်အတူတူပဲ ပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ အောင်မြင်သူတွေအောင်မြင်ချိန်မှာ တချို့ ကျန်နေခဲ့ပါသလဲ။ ကျွန်တော်တို့တစ်နေ့တာကုန်ဆုံးနေတဲ့အချိန်တွေကို အောင်မြင်ဖို့အတွက်၊ ပျော်ရွှင်ဖို့အတွက် ကောင်းစွာအသုံးချမချဆိုတဲ့ပေါ်မူတည်ပြီး အခြေအနေတွေမတူညီတော့တာဖြစ်ပါတယ်။ ကိုယ်တိုင်ဘဝကို ကြိုးစားရတဲ့အခါ ဘဝရဲ့စက္ကန့်တိုင်းက ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာသိလာပါလိမ့်မယ်။ သင့်အတွက် အကျိုးရှိတဲ့အချိန်တိုင်း အလကားကုန်ဆုံးသွားမှာ နှမြောတဲ့စိတ်နဲ့ ကြိုးစားတတ်လာတဲ့အခါ သင်ဒီထက်ပိုတိုးတက်လာနိုင်ပါတယ်။ လူတိုင်းက ဘဝမှာအောင်မြင်ချင်ကြပါတယ်။ ကိုယ်ရည်မှန်းထားတာလေးတွေဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် တခါတလေမှာ မသိလိုက်မသိဘာသာနဲ့ အချိန်တွေဖြုန်းတီးနေတတ်ပါတယ်။ အောင်မြင်သူတွေကတော့ အဲဒီလို အလကားဖြုန်းတီးတတ်တဲ့အကျင့်တွေကို သတိထားပြီး ပြုပြင်တတ်ကြပါတယ်။ အဲဒါကြောင့် အောင်မြင်သူတွေ အလကားအချိန်မဖြုန်းတတ်တဲ့အလေ့အကျင့်တွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) ဆိုရှယ်မီဒီယာပေါ်မှာ အလကားအချိန်မဖြုန်းတတ်ကြပါဘူး။
ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ဖြုန်းတာက လုံးဝမသိသာပါဘူး။ ဖေ့ဘုတ်က နိုတီတွေကြည့်ရင်း၊ ပုံတွေကြည့်ရင်း အချိန်က လျင်မြန်စွာကုန်ဆုံးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဆိုရှယ်မီဒီယာပေါ်မှာ အချိန်ကုန်ခြင်းကို ထိန်းချုပ်ပါ။ သင့်ရဲ့သတ်မှတ်ထားတဲ့အလုပ်တွေမပြီးဆုံးခင် ဆိုရှယ်မီဒီယာက သင့်အချိန်တွေကို ခိုးယူသွားပါလိမ့်မယ်။
အဲဒါကြောင့် ဆိုရှယ်မီဒီယာမှာ အလကားကုန်ဆုံးနေတဲ့ အချိန်ကို ကန့်သတ်ပြီး alarm လုပ်ထားသင့်လုပ်ထားပါ။ apk တွေကို ပိတ်ထားပါ။ တခုခုလုပ်နေစဉ်မှာ ဆိုရှယ်မီဒီယာကို ဖွင့်မကြည့်မိပါစေနဲ့။

၂) တစ်နေ့တာလုံး အစီအစဉ်မရှိဘဲ အလုပ်မလုပ်တတ်ပါဘူး။
အောင်မြင်သူတိုင်းက ရည်ရွယ်ချက်တွေရှိတတ်ကြပါတယ်။ အစီအစဉ်တွေ ကြိုတင်ဆွဲထားတတ်ကြပါတယ်။ အဲဒီ့အစီအစဉ်တွေအပေါ်မှာ သေချာအာရုံစိုက်ပြီး အလုပ်လုပ်တတ်ကြပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ အစီအစဉ်ကို ရေးဆွဲထားတတ်ကြပြီး အရေးကြီးတာကို အရင်လုပ်တတ်ကြပါတယ်။ အရေးကြီးတဲ့အလုပ်တွေအရင်ပြီးဆုံးသွားတဲ့ အတွက် ပိုပြီး လွယ်ကူတဲ့အလုပ်တွေကို ဆက်ပြီးလုပ်ဆောင်သွားနိုင်ပါတယ်။

၃) ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ် အထိခိုက်မခံပါဘူး။
သင်တကယ်အောင်မြင်တဲ့ဘဝကို လျှောက်လှမ်းချင်တယ်ဆိုရင်တော့ သင့်ဘဝရဲ့အကောင်းဘက်မှာ ပိုပြီး အာရုံစိုက်နိုင်မှဖြစ်မှာပါ။ အကောင်းမြင်တတ်တဲ့လူတွေက သူတို့ရဲ့အချိန်တွေကို သူတို့ရဲ့စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး မဖြုန်းပစ်တတ်ကြပါဘူး။ သင့်ရဲ့လုပ်ဆောင်ချက်တွေ၊ သင့်ရဲ့အချိန်ဇယားတွေပေါ်မှာ မကောင်းတဲ့စိတ်ခံစားချက်တွေကို အထိခိုက်မခံပါနဲ့။ လူမှုရေးကြောင့် ၊ မိသားစုရေးကြောင့် စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခံစားချက်မျိုးစုံဖြစ်ပေါ်ရမှာလူတိုင်းပါပဲ။ ဒါပေမယ့်အဲဒီလိုအဆိုးတွေဖြစ်ပြီး အဆိုးတွေခံစားနေရတဲ့အခါမှာ ကိုယ်လုပ်နေတဲ့အကြောင်းအရာတွေပေါ်မှာ အာရုံပိုစိုက်လိုက်ပါ။ သင့်အတွက် စိတ်ခံစားချက်မကောင်းစေတဲ့အရာမျိုး၊ သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေတဲ့အရာမျိုးကို သင်ငြင်းခွင့်ရှိတယ်ဆိုရင် ငြင်းနိုင်အောင်ကြိုးစားပါ။ yes လို့မပြောခင်မှာလည်း စဉ်းစားပြီးမှ ပြောပါ။ သင့်ရဲ့အချိန်ကို ထိခိုက်လာပြီး သင့်ကိုတနည်းနည်းနဲ့ထိခိုက်စေတဲ့ကိစ္စမျိုးဆိုရင်လည်း no လို့ပြောဖို့ မတွေဝေပါနဲ့။

၄) သင့်မထိန်းချုပ်နိုင်တဲ့အကြောင်းအရာတွေပေါ်မှာ မပူလောင်ပါနဲ့။
အောင်မြင်သူတွေက ဘဝမှာ ပူပန်စရာမရှိတဲ့နေရာမရှိဘူးဆိုတာကို သိကြပါတယ်။ အထူးသဖြင့် သင်မလုပ်နိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိတာပေါ့။ အဲဒါကြောင့် သင့်ရဲ့လုပ်ဆောင်ချက်ပေါ်အခြေခံတဲ့အတွေးတွေကိုပဲ ပြုပြင်ရပါလိမ့်မယ်။ သင်လုပ်ဆောင်နိုင်တဲ့အရာတွေပေါ်မှာသာ အာရုံစိုက်ပါ။

၅) မကောင်းတဲ့လူတွေနဲ့ သင့်ကိုသင်မဝန်းရံထားပါနဲ့။
မကြာမကြာပြောဖူးတဲ့စကားလိုပါပဲ။ သင့်ပတ်ဝန်းကျင်မှာ သင့်ကိုသင်ဝန်းရံထားတဲ့လူ ငါးယောက်ရဲ့ပျမ်းမျှစရိုက်က သင့်အပေါ်မှာလွှမ်းမိုးမှုရှိနေပါတယ်။ အဲဒါကြောင့် သင့်ကိုယ်သင်အကောင်းဆုံးဖြစ်အောင် ဝန်းရံပါ။ သင့်ကိုကောင်းတဲ့အခြေအနေမျိုး၊ ကောင်းတဲ့စိတ်သဘောထားအမြင်မျိုးဖြစ်စေမယ့်လူမျိုးတွေနဲ့သာ ဝန်းရံပါ။ မကောင်းတဲ့အမြင်၊ သင့်ရဲ့စိတ်ခံစားချက်ကို မကောင်းစေတဲ့လူတွေကို ဖယ်ရှားပါ။ သင့်ရဲ့ဘဝမှာ မြင့်မြင့်ပျံသန်းချင်တယ်ဆိုရင် သင့်ကိုအောက်ကိုဆွဲချမယ့်လေးပင်တဲ့အရာတွေကိုတော့ လွှတ်ချခဲ့မှ ရပါလိမ့်မယ်။

၆) အတိတ်ကအမှားတွေအတွက် နေရာမပေးပါနဲ့။
အောင်မြင်သူတွေမှာလည်း အမှားတွေပြုလုပ်တတ်ကြပါတယ်။ လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး။ ဒါပေမယ့် အောင်မြင်တဲ့သူတွေရဲ့ အဓိက သော့ချက်ကတော့ အမှားတစ်ခုကို နှစ်ခါမပြုလုပ်တတ်ကြပါဘူး။ ပထမအမှားမှာတင် သင်ခန်းစာယူတတ်ကြပြီး ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာဖို့ ကြိုးစားတတ်ကြပါတယ်။
အဲဒါကြောင့် သင်အမှားလုပ်မိတဲ့အခါမှာ သင့်ရဲ့စိတ်ထဲမှာ ပြန်လည်ဆန်းစစ်ပြီး သင်ခန်းစာယူပါ။ ပြန်မပြင်နိုင်တော့တဲ့အမှားကို ထပ်တလဲလဲတွေးလို့ နာကျင်မနေပါနဲ့။

၇) အခြားလူတွေရဲ့အပြုအမူအပေါ် အာရုံမစိုက်ပါနဲ့။
အခြားအောင်မြင်တဲ့သူတွေဘာလုပ်သလဲ၊ ဘယ်လိုခက်ခဲမှုတွေကို ဖြတ်သန်းခဲ့သလဲဆိုတဲ့ပေါ်မူတည်ပြီး စိတ်ဓာတ်ခွန်အားမျှယူပါ။ ဒါပေမယ့် “အခြားသူတွေကတော့ ဘယ်လိုအခြေအနေဖြစ်နေပြီ၊ ငါကတော့ ခုထိ ဒီအဆင့်ကမတက်သေးဘူး။ အခြားသူတွေက ဘာတွေပိုင်ဆိုင်နေပြီ၊ ငါကတော့ဘာမှမပိုင်ဆိုင်သေးဘူး” ဆိုတဲ့အတွေးမျိုးနဲ့တော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်မကျပါနဲ့။ အခြားသူတွေကြောင့် စိတ်ဓာတ်တက်ကြွမှုကိုသာ အရယူပါ။ အခြားသူတွေကို အားကျပြီး ကိုယ့်ကိုကိုယ်နဲ့နှိုင်းယှဉ်စိတ်ဓာတ်မကျပါနဲ့။ အခြားသူတွေရဲ့လုပ်ရပ်ကြောင့် သင်စိတ်ထိခိုက်မခံပါနဲ့။

၈) သင့်ကိုသင်အရေးကြီးဆုံးအဖြစ်သတ်မှတ်ထားပါ။
လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိဘူး ဒါမှမဟုတ် အိပ်ရေး၀၀မအိပ်ရဘူးဆိုရင် သင့်ရဲ့လုပ်နိုင်စွမ်းကိုသာ ထိခိုက်လာမှာဖြစ်ပါတယ်။ အောင်မြင်မှုလမ်းကြောင်းပေါ်လျှောက်ချင်တယ်ဆိုရင် သင့်ကိုသင်အရေးအကြီးဆုံးအဖြစ်သတ်မှတ်ထားရမှာဖြစ်ပါတယ်။ သင့်ကိုသင်အရေးကြီးတယ်လို့ သင့်စိတ်ထဲသတ်မှတ်ခိုင်းတာက သင့်အတွက်သင်ပဲကြည့်ပြီး အတ္တကြီးတာနဲ့ အဓိပ္ပါယ်ခြင်း မတူပါဘူးနော်။ အတ္တကြီးတာက ကိုယ့်အတွက်ဆို ဘယ်သူပဲထိခိုက်ပါစေ ကိုယ်သာဖို့၊ ကိုယ်ရဖို့သာ ပဓာနထားတာပါ။ ကိုယ့်ကိုကိုယ်အရေးကြီးတယ်ဆိုတာကတော့ သင်ပျော်ရွှင်ဖို့၊ သင့်စိတ်ခံစားချက်တွေကောင်းမွန်ဖို့၊ သင့်အလုပ်တွေပြီးမြောက်ဖို့၊ သင်ရည်မှန်းထားတာတွေဖြစ်လာဖို့ စသဖြင့် အခြားသူကို မထိခိုက်စေဘဲ သင့်ကိုယ်သင်အရေးအကြီးဆုံးလို့သတ်မှတ်ထားမှဖြစ်ပါလိမ့်မယ်။ ဥပမာ။ သင့်ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ဖို့အချိန်ယူမယ်၊ သင်စာဖတ်ဖို့အချိန်ယူမယ်၊ သင်ပျော်ရွှင်ဖို့ သင်နှစ်သက်တဲ့အရာတခုခုလုပ်ဖို့အချိန်ယူမယ် စသဖြင့်ပါ။ သင်ပျော်ရွှင်နေမှ သင့်ဘဝကြီးအဓိပ္ပါယ်ရှိနေတယ်လို့ သင်ခံစားရပါမှ သင့်ကိုသင်ကျေနပ်နိုင်ပါလိမ့်မယ်။ အဲဒါဆိုရင် သင့်ဘဝက ပိုနေပျော်စရာကောင်းပါလိမ့်မယ်။ အဲဒီ့အခါ ပိုပြီး သင်ရည်မှန်းထားတာတွေကို ထိရောက်စွာလုပ်နိုင်လာပါလိမ့်မယ်။ တနည်းအားဖြင့် သင့်ကိုသင်ဦးစားပေးခိုင်းတာပါ။ အဲလိုမဟုတ်ရင်တော့ အခြားသူတွေရဲ့ကိစ္စအ၀၀ကို လိုက်ကူညီရင်း၊ ကူညီမဆုံးရင်းနဲ့သာ သင့်အတွက်ဘာမှ မတိုးတက်လာဘဲ အချိန်အလကားကုန်ဆုံးသွားရပါလိမ့်မယ်။ အားနာပြီး အခြားသူကို ဦးစားပေးလိုက်တာက သင့်ကိုယ်သင် အားမရဖြစ်စေပါတယ်။ သင်လုပ်ချင်နေတာတွေ လုပ်ဖို့ အချိန်မရဖြစ်နိုင်ပါတယ်။ သင့်မှာ တဖက်လူကို ကူညီနေရင်း သင်လုပ်ချင်တာတွေအတွက် နောက်ဆံငင်နေရပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုသင် စိတ်တိုမိပါလိမ့်မယ်။ မကျေမနပ်ဖြစ်လာပါလိမ့်မယ်။ သင်ရည်မှန်းထားတာတွေလည်း မဖြစ်လာနိုင်ပါဘူး။ အဲဒီ့အချက်ကို အောင်မြင်သူတွေက ကောင်းကောင်းသဘောပေါက်ထားပါတယ်။ အဲဒါကြောင့်လည်း သူတို့ဖြစ်ချင်တာကိုသာ အဓိက ဦးစားပေးနေရာမှာထားရင်း ဖြစ်ချင်တာတွေဖြစ်လာကြတာပါ။
https://www.success.com/8-things-successful-people-never-waste-time-doing/?utm_source=Maropost&utm_medium=email&utm_campaign=[SUCCESS%2009-27]%208%20things%20successful%20people%20never%20waste%20time%20doing&mpweb=574-8277017-742958033

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။