အားနည်းချက်ကြောင့်သာ ပိုသန်မာလာပါစေ။

ကိုယ့်မှာ အားနည်းချက်တစ်ခုရှိလေလေ ထိုအားနည်းချက်ထက်များတဲ့ အားသာချက်ရှိအောင် ပိုကြိုးစားရပါတယ်။ ဒီနေရာမှာ စိတ်ဓာတ်ပျော့ညံ့တဲ့သူနဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူချင်းက အားနည်းချက်ကို မြင်ပုံချင်းမတူကြပါဘူး။ စိတ်ဓာတ်ပျော့ညံ့သူကတော့ အားနည်းချက်ကိုသာ မြင်နေပြီး ဘာဆက်လုပ်လို့ရသလဲ ဆိုတာကို မမြင်တတ်ပါဘူး။


စိတ်ဓာတ်ခိုင်မာတဲ့သူကျတော့ “ငါ့မှာတော့ ဒီအားနည်းချက်ရှိတယ်၊ အဲဒီ့အားနည်းချက်ကို အားသာချက်ဖြစ်အောင် ဘယ်လိုပြန်ကြိုးစားမလဲ” ဒါမှမဟုတ် “ဒီအားနည်းချက်ကို ပြုပြင်လို့မရဘူးလား၊ အဲဒါဆိုရင်တော့ ငါပြုပြင်လို့ရတဲ့အရာတစ်ခုခုကို ငါပိုတိုးပြီး အာရုံစိုက်မယ်” လို့တွေးတတ်ကြပါတယ်။ အဲဒါကြောင့် လူတစ်ယောက်မှာ စိတ်ဓာတ်ခိုင်မာဖို့က အရေးကြီးတဲ့အချက်တစ်ခုလည်းဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာတယ်မခိုင်မာဘူးဆိုတာကလည်း ထိုလူရဲ့လုပ်နိုင်တဲ့ပေါ်ပြန်ပြီး မူတည်နေပြန်ပါတယ်။
အဲဒါဆိုရင် ကိုယ်စိတ်ဓာတ်ခိုင်မာဖို့အတွက် အခက်အခဲကို ကျော်ဖြတ်နိုင်အောင် ကြိုးစားကြည့်ဖို့လိုပါတယ်၊ ကြိုးစားနိုင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ပိုပြီး ယုံကြည်မှုတိုးလာစေပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာတဲ့အခါ ဘယ်လောက်ခက်ခဲပါစေ…..လုပ်ကြည့်မယ်ဆိုတဲ့စိတ်ဖြစ်လာတာပေါ့။ လုပ်ကြည့်မယ်….ပိုကြိုးစားမယ်၊ လုပ်နိုင်လာလေလေ ယုံကြည်မှုတိုးလာလေလေ စိတ်ဓာတ်ပိုခိုင်မာလာလေလေ၊ ပိုပျော်ရွှင်လာလေလေပေါ့။ မလုပ်ကြည့်ဘူး…..မလုပ်နိုင်ဘူးလို့ လက်ခံသွားမယ်၊ တကယ်မလုပ်ဖြစ်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပျောက်ဆုံးလာမယ်၊ စိတ်ဓာတ်ပိုပြီး ပျော့ညံ့လာမယ်၊ ပိုစိတ်ညစ်လာလေလေပေါ့။

အဲဒီ့အတွက် ကိုယ့်ဘဝအတွက်လည်း တကယ်အသုံးဝင်မယ်၊ အကျိုးရှိမယ်၊ အစွမ်းအစတိုးလာမယ်၊ ယုတ္တိကျကျဖြစ်နိုင်မယ့် ရည်မှန်းချက်ဆိုရင် လုပ်ကြည့်ဖို့လိုပါတယ်။ ယုတ္တိကျကျရည်မှန်းချက်ဆိုတာက မဖြစ်နိုင်တဲ့ရည်မှန်းချက်မဟုတ်တာမျိုးတွေပေါ့။ ဥပမာ။ အသက် ၂၅နှစ် အင်ဂျင်နီယာကျောင်းဆင်းတစ်ယောက်က ဆရာဝန်ဖြစ်ချင်နေတာမျိုးက မဖြစ်နိုင်ဘူးလေ။ အသက် ၁၆နှစ် ဆယ်တန်းဖြေဆိုမယ့်ကျောင်းသားလေးက နှစ်စကတည်းက ဆရာဝန်ဖြစ်ဖို့မှန်းထားတယ်ဆိုရင် ဒါက ရေရှည်မှာ ကိုယ်တိုင်လုပ်ကြည့်၊ ကြိုးစားကြည့်လို့ဖြစ်နိုင်တဲ့ ရည်မှန်းချက်၊ ယုတ္တိကျတဲ့ရည်မှန်းချက်ပေါ့။ အဲဒီလိုကိုယ်ဖြစ်ချင်တဲ့အရာပေါ်မှာ ကိုယ်ကြိုးစားဖို့ဆုံးဖြတ်လိုက်တဲ့အခါ ကိုယ့်မှာ အားနည်းချက်ရှိနေတယ်ဆိုရင်လည်း ထိုအားနည်းချက်ကြောင့်ပဲ အခြားသူထက်ကို ကိုယ်က ပိုသန်မာဖို့ ပိုကြိုးစားရပြန်ပါတယ်။ အားနည်းချက်ကို အာရုံစိုက်ရမယ်ဆိုတာက ကိုယ်ပိုသန်မာလာဖို့အတွက် ပိုကြိုးစားဖို့ပါ။ အားနည်းချက်ကိုချည်းမြင်နေပြီး “ငါတော့ မဖြစ်နိုင်ပါဘူး။ ငါတော့မလုပ်နိုင်ပါဘူး။ ငါတော့ ဒီတစ်သက်မဖြစ်နိုင်တော့ပါဘူး” ရယ်လို့ ထိုင်တွေးနေခိုင်းတာမဟုတ်ပါဘူး။ အဲဒါက အားနည်းချက်ထဲမှာ မြောပါနေရင်း နစ်နေတာဖြစ်ပါတယ်။ အားနည်းချက်ကို အာရုံစိုက်တယ်ဆိုတာက “ဒီအားနည်းချက်ရှိနေတဲ့အတွက်ကြောင့်ကို ဒီအားနည်းချက်ကြောင့် နှစ်ဆသန်မာအောင်လုပ်မှဖြစ်မယ်” ဆိုတဲ့စိတ်ဖြစ်ပါတယ်။ ဥပမာ။ ခြေထောက်မသန်တဲ့လူဟာ အဲဒီ့မသန်တဲ့ခြေထောက်ကိုပဲ ထိုင်အပြစ်တင်ပြီး ဘာမှမလုပ်ဘဲနေရင် ဘာမှဖြစ်လာမှာမဟုတ်တော့ပါဘူး။ အဲဒီလိုမဟုတ်ဘဲ ခြေထောက်မသန်ပေမယ့် လက်မှုပညာနဲ့လုပ်ရတဲ့အလုပ်ပေါ်မှာ သူများထက်ပိုပြီး လက်ရာမြောက်အောင်ကြိုးစားဖန်တီးတာမျိုးလုပ်လို့ရပါတယ်။ လက်မသန်တဲ့သူက ခြေထောက်နဲ့လုပ်ယူနိုင်အောင်ကြိုးစားရမှာပဲဖြစ်ပါတယ်။ မြန်မာပြည်မှာဆိုရင် သြစတြေးလျတက္ကသိုလ်ကနေတောင် ဘွဲ့ယူခဲ့တဲ့ မစုပုံချစ်ဆိုရင် သိကြမယ်ထင်ပါတယ်။ မသန်စွမ်းပေမယ့် ဆယ်တန်းကို ဂုဏ်ထူး ၄ဘာသာနဲ့အောင်မြင်ခဲ့ပြီး နည်းပညာတက္ကသိုလ်ကဘွဲ့ရခဲ့သလို သြစတြေးလျနိုင်ငံ The University of New South Wales တက္ကသိုလ်မှ Master of Policy Studies -MPS မာစတာဘွဲ့ကို ရခဲ့တဲ့သူပါ။ ပြောချင်တာက ကိုယ့်မှာအားနည်းချက်ရှိနေရင် ထိုအားနည်းချက်ကိုပဲ တဝဲဝဲလည်မြောပါနေပြီး စိတ်ဆင်းရဲနေတာက အချိန်တွေကုန်သွားစေပါတယ်။ စိတ်ဆင်းရဲမှုဖိစီးနေတဲ့အခါ ကိုယ်လုပ်နိုင်တာတွေကိုလည်း မမြင်နိုင်တော့ပါဘူး။ ကိုယ့်မှာသာ တကယ်ဖြစ်နိုင်တဲ့ယုတ္တိရှိတဲ့ရည်မှန်းချက်မျိုးရှိနေရင် ကိုယ့်မှာအားနည်းချက်ရှိနေပါစေ၊ ထိုအားနည်းချက်ကြောင့်ကို သူများထက်ပိုပြီး သန်မာအောင် ကြိုးစားရမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကိုယ်တကယ်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာတွေအတွက် အားနည်းချက်ကိုချည်း ကွက်မမြင်ဘဲနဲ့ ကိုယ်လုပ်နိုင်တာကိုလည်း တွေးပါ။ ကိုယ့်မှာ အားနည်းချက်ရှိလေ ထိုအားနည်းချက်ကြောင့်ပဲ ကိုယ့်ဟာ အားနည်းချက်မရှိတဲ့သူထက် အဆပေါင်းများစွာ ပိုသန်မာအောင်ကြိုးစားရလေလေပါပဲ။ ကမ္ဘာကျော်ဂီတပညာရှင်ကြီး ဗီသိုဘင်ဟာလည်း အပြောင်မြောက်ဆုံး တေးသွားတွေကို သူအကြားအာရုံချို့တဲ့ချိန်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်နော်။ ထူးချွန်ထက်မြက်သူတိုင်းဟာ သူတို့အားနည်းချက်ကို အာရုံထားပြီး လှေကားလိုနင်းလို့ ပိုသန်မာအောင်ကြိုးစားတတ်တဲ့သူတွေချည်းပဲဖြစ်ပါတယ်။ သင့်မှာရော သူတို့ထက်ဆိုးဝါးတဲ့အားနည်းချက်မျိုးရှိနေလို့လား ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်လိုက်ပါအုံး။ အဆိုးဝါးဆုံးလို့ထင်ရတဲ့အခက်အခဲတောင် သူတို့ဖြတ်ကျော်ပြီး အောင်မြင်သူတွေဖြစ်လာသေးတာပါပဲ။ သင့်မှာရှိတဲ့အားနည်းချက်က ဘယ်လောက်တောင်ကြီးမားနိုင်မှာလဲ။ အားနည်းချက်ရှိသလို၊ အဲဒီ့အားနည်းချက်ကို မှေးမှိန်သွားစေမယ့် အားသာချက်ဖြစ်အောင် သင်ကြိုးစားနိုင်ပါတယ်။ သင်ဖြစ်အောင်လုပ်ချင်စိတ်တစ်ခုတည်းသာလိုတာပါ။ “Where there is no struggle, there is no strength.” ~ Oprah Winfrey ပြောသလို အခက်အခဲမရှိဘဲ ခွန်အားဆိုတာဖြစ်မလာဘူးလေ။ အခက်အခဲကြောင့် ခွန်အားဖြစ်ပေါ်လာသလို အားနည်းချက်ကြောင့် အားသာချက်ဆိုတာရှာတွေ့လာနိုင်ပါတယ်။ Every weakness you have is an oppournity. ပါ။ အားနည်းချက်တိုင်းမှာ အခွင့်အရေးတွေပါလာနိုင်ပါတယ်။ သင်မြင်အောင်ကြည့်ဖို့နဲ့ သင်ဖြစ်အောင်လုပ်ချင်စိတ်သာလိုပါတယ်နော်။

အားနည်းချက်ရှိလေလေ အဲဒီ့အားနည်းချက်ကို cover လုပ်နိုင်ဖို့ ပိုပြီးအားသာချက်ရှိအောင် ကြိုးစားရလေလေပါပဲ။
အဲဒါကြောင့် သင့်ဘဝမှာ ဘယ်လောက်ကြီးမားတဲ့အခက်အခဲကြုံပါစေ၊ ဒါမှမဟုတ် သူများထက် အားနည်းချက်ရှိနေပါစေ အားနည်းချက်ကို ထိုင်တွေးပြီး စိတ်ဆင်းရဲမနေပါနဲ့နော်။ ခုချက်ချင်းပဲ အားနည်းချက်ကို အားသာချက်အဖြစ်ပြောင်းဖို့ ဘာလုပ်နိုင်သလဲလို့သာတွေးပါ။ အားနည်းချက်ရှိနေတဲ့အတွက်ကို အခြားသူများထက်ပိုသန်မာလာအောင် သင်ပိုကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။