အာလာပသလာပ ဘယ်လိုပြောမလဲ

သင်သတိထားမိရဲ့လား၊ အာလာပသလာပ ဘယ်လိုပြောမလဲဆိုတာမျိုးကိုပေါ့။ သင့်ကိုသင်ကော လူမှုဆက်ဆံရေးနယ်ပယ်မှာ အဆင်ပြေတဲ့သူတစ်ယောက်လို့ ထင်မြင်မိလား။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာမှာ ရောက်တဲ့သူနဲ့ အလွယ်တကူမိတ်ဆွေဖွဲ့တတ်ခြင်းကလည်း လူတစ်ယောက်ရဲ့ လူမှုဆက်ဆံရေး စွမ်းရည်ပါပဲ။ အဲလိုစွမ်းရည်ရှိဖို့ အာလာပသလာပပြောတတ်ဖို့ လိုပါတယ်။ အာလာပသလာပပြောတတ်သူမျိုးက သူများထက်ကို မိတ်ဆွေဖွဲ့တတ်ပါတယ်။ ကိုယ်တိုင်က အဲလိုမျိုးအာလာပသလာပ မပြောတတ်သူပါဆိုရင်တော့ အခုရေးပြမယ့် နည်းလမ်းလေးတွေကို စမ်းသပ်ပြီး အကောင်အထည်ဖော်ကြည့်လိုက်ပါနော်။ သင့်ရဲ့လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးလာပါလိမ့်မယ်။


၁) ကိုယ်ကိုကိုယ်မိတ်ဆက်တာမျိုး
ဒါမျိုးကတော့ ဒီနိုင်ငံမှာ သိပ်လုပ်လေ့မရှိပါဘူး။ အာလာပသလာပပြောဖို့ဆိုရင် ကိုယ့်ရဲ့ဖြစ်နေတဲ့အခြေအနေတစ်ခုခုပေါ်မှာမူတည်ပြီး ပြောကြတာများပါတယ်။ နိုင်ငံခြားမှာကတော့ ကျွန်တော်က ဘယ်ကပါ၊ ဘာလုပ်တာပေါ့၊ စသည်ဖြင့် မိတ်ဆက်ပြီးမှ အခြားသက်ဆိုင်တဲ့အကြောင်းအရာတစ်ခုခုကို ဆက်ပြောတာမျိုးလုပ်တတ်ကြပါတယ်။ ပြီးတော့ ကိုယ့်ကိုကိုယ်မိတ်ဆက်လိုက်ခြင်းက သင့်အပေါ် ဘေးကလူတွေက ပိုပြီး ယုံကြည်သွားတတ်သလို၊ ပိုပြီးလည်း ပွင့်လင်းခင်မင်သွားစေနိုင်တယ်လို့ ခံစားရပါတယ်။ ပြီးတော့ အခြားနောက်ထပ်တစ်နေရာမှာ ပြန်တွေ့ရင်လည်း သင့်အပေါ် မှတ်မိလွယ်စေလို မိတ်ဆွေတိုးစေပါတယ်။
ဥပမာ၊ မင်္ဂလာပါ၊ ကျွန်တော်တို့ ဒီနေရာမှာတွေ့တာကြာပြီ၊ တစ်ခါမှစကားမပြောဖြစ်ကြဘူးနော်။ ကျွန်တော်နာမည် ******* ပါ။
၂) အားလုံးနဲ့ဆိုင်တဲ့စကားမျိုး
ထိုစကားကတော့ လူတိုင်းနီးပါးသုံးကြပါတယ်။ ဘယ်လိုအရာမျိုးတွေလဲဆိုတော့ ရာသီဥတု၊ ခုလက်ရှိခေတ်စားနေတဲ့သတင်းအသစ်အကြောင်း၊ အားကစားအကြောင်း၊ ဖျော်ဖြေရေးပွဲတွေအကြောင်း (အထူးသဖြင့် သီချင်းဆိုပြိုင်ပွဲလိုမျိုး) စတဲ့အကြောင်းအရာတွေဖြစ်ပါတယ်။ အဲဒါကြောင့် သင်ပြောမယ့်အကြောင်းအရာနဲ့ လူတွေပြောမယ့်အကြောင်းအရာခြင်းတူချင်တယ်ဆိုရင်တော့ သူတို့တွေပြောနေတဲ့အကြောင်းအရာပေါ်မူတည်ပြီး လိုက်ပြောလို့ရပါတယ်။ ဘေးကလူတွေက အတိတ်ကကြီးမားတဲ့ကိစ္စကိုပြောနေတယ်ဆိုရင် ထိုကိစ္စရဲ့ဒီနေ့လက်ရှိဖြစ်နေတဲ့အခြေအနေမျိုးကို သင်ပြောလို့ရပါတယ်။ အဲဒါက သင်ပြောတဲ့စကားအပေါ်မှာတောင် ပိုစိတ်ဝင်စားသွားနိုင်ပါတယ်။
၃) တစ်နေ့တာလုံးကဖြစ်ပျက်သမျှအကြောင်းမျိုး
တစ်နေ့တာလုံးမှာ ဘယ်လိုကိစ္စရပ်တွေ ထူးခြားစွာဖြစ်ခဲ့သလဲဆိုတာမျိုးလည်း ရွေးပြောလို့ရပါတယ်။ သင့်ဘေးကလူကလည်း သူ့ရဲ့တစ်နေ့တာလုံးမှာ ဖြစ်ပျက်သမျှကို ပြောပြချင်နေမှာပါ။ သင်ကအရင် သူ့ရဲ့တစ်နေ့တာအကြောင်းကိုမေးရင်းမေး…..ဒါမှမဟုတ် သင့်ရဲ့တစ်နေ့တာက ဘယ်လိုဆိုပြီး အရင်ပြောရင်ပြောလိုက်ပါ။ ဥပမာ၊ “ခင်ဗျားဒီနေ့ အိုခေရဲ့လား၊ ကျွန်တော်ကတော့ အဆင်မပြေဘူးဗျာ…..၊” ဆိုတာကနေ သူလည်း သင့်ကိုတခါမှမသိဖူးပေမယ့် သူ့ရင်ထဲကစကားတွေ ပြောပါလိမ့်မယ်။ သင်လည်း အတူတူပါပဲ။
၄) အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အကြောင်းမျိုး
သင့်ရဲ့အလုပ်ခွင်မှာ ဘာတွေဖြစ်ပျက်တယ်ဆိုတဲ့အကြောင်းမျိုးပေါ့။ ဥပမာ၊ “ဟိုင်း တွန်…၊ ဒီနေ့ မင်းတို့ IT ဌာနမှာ ဘာတွေဖြစ်လဲ” ဆိုတာမျိုး။ လာမယ့် အစည်းအဝေးတွေအကြောင်း၊ ပါတီအကြောင်း စသည်ဖြင့် ဆွေးနွေးလို့ရပါသေးတယ်။
၅) ဂရုတစိုက်မှတ်မိနေတဲ့အကြောင်းမျိုး
အကောင်းဆုံးကတော့ သင်နဲ့ သင်ရဲ့စကားပြောဖော်က ဘယ်နေရာမှာရောက်နေတာလဲ။ ဒါမှမဟုတ်သင့်ရဲ့စကားပြောဖော်က ဘာတွေ ဝတ်စားဆင်ယင်ထားသလဲ။ အဲလိုမှတ်မှတ်ရရ ရှိနေတတ်တာမျိုးအကြောင်းတွေပေါ့။ ဥပမာ ။ “မင်းဟိုနေ့က ဝတ်လာတဲ့ ဖိနပ်က မင်းနဲ့သိပ်လိုက်တယ်။ ငါတောင်ကြိုက်တယ်။”
“မင်းမနေ့ လုပ်လာတဲ့ မုန့်က အရမ်းစားကောင်းတာပဲ။ ငါတို့အုပ်စုအတွက် လုပ်ကျွေးတာကျေးဇူးပါပဲ” အဲလိုမျိုးတွေနဲ့လည်း အာလပသလာပကို စတင်လို့ရပါသေးတယ်။
၆) ယေဘုယျစိတ်ဝင်စားတဲ့အကြောင်းအရာမျိုး
ဘာကိုစိတ်ဝင်စားတာလဲဆိုတာမျိုးကိုလည်း မေးမြန်းရင်းနဲ့ အာလာပသလာပ ပြောလို့ရပါသေးတယ်။ ဘာကိုဝါသနာပါလဲ…..ဘာကိုစိတ်ဝင်စားတာလဲဆိုတာမျိုးပါ။ ဥပမာ။ “မင်းဦးထုပ်က တံဆိပ်ကို ငါတွေ့လိုက်တယ်။ မင်းလည်း ဘေ့စ်ဘော အသင်းဝင်ပဲလား” ဆိုတာမျိုးပေါ့။
၇) မေးခွန်းမေးတဲ့ပုံစံမျိုး
“မင်းရဲ့ဆံပင်ပုံစံက အရမ်းမိုက်တာပဲ၊ ဆံပင်အတွက် ဘယ်လို product ကိုသုံးတာလဲ” အဲလိုမေးခွန်းပုံစံမျိုးနဲ့လည်း တစ်ယောက်ကို တစ်ယောက်မိတ်ဆက်သလိုဖြစ်ပြီး အာလပသလာပပြောလို့ရပါသေးတယ်နော်။
အခုလောက်ဆိုရင်တော့ တစ်စုံတစ်ယောက်နဲ့ အတူ ရှိနေတဲ့အချိန်မှာ ဘယ်လိုစကားမျိုုးနဲ့ စတင်ပြီး အာလပသလာပပြောလို့ရမလဲဆိုတာ သိသွားလောက်ပြီထင်ပါတယ်နော်။ အာလာပသလာပပြောရင်း မိတ်ဆွေအသစ်တွေ တိုးပွားနိုင်ပါစေ။
https://www.fluentu.com/blog/english/english-small-talk/ လင့်မှ ဘာသာပြန်ပြီး ကိုးကားဖော်ပြထားပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။