စိတ်ဓာတ်ခွန်အား

စိတ်ဓာတ်ခွန်အား

ကျန်းမာရေး, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ဦးနှောက်မှတ်ဉာဏ်ကောင်းစေရန် အထောက်အကူပြုမည့်အရာများ

၁) အလုပ်တစ်မျိုးတည်းကို ပြီးဆုံးအောင် အာရုံစိုက်ပါ။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အလုပ်တွေအမျိုးမျိုးကို တစ်ပြိုင်တည်းပြုလုပ်ခြင်းကြောင့် သင့်ဦးနှောက်က အလုပ်တွေအားလုံးကို အပြည့်အဝအာရုံစိုက်ဖို့မဖြစ်နိုင်ပါဘူး။ တစ်ချိန်တည်းမှာ တစ်မျိုးတည်းကို အာရုံစိုက်ခြင်းအစား အများကြီးစုပြုံပြီးလုပ်ခြင်းဟာ သင့်ဦးနှောက်မှ အာရုံစိုက်မှုအနည်းငယ်ပဲပေးနိုင်ပါတယ်။ တစ်ပြိုင်တည်းအလုပ်တွေမျိုးစုံလုပ်ခြင်းက သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကို လျော့နည်းစေနိုင်ပါတယ်။ သင့်ရဲ့ဦးနှောက်က အာရုံကြောဆိုင်ရာအရင်းအမြစ်တွေကို လျော့ပါးစေတယ်။ ဦးနှောက်ကို ပင်ပန်းစေပါတယ်။ အဲဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုတွေ တိုးလာနိုင်တဲ့အပြင် သင့်ရဲ့အလုပ်တွေလည်း ပြီးနိုင်မှာမဟုတ်ပါဘူး။ လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီး ပိုပြီးမှတ်မိစေချင်တယ်၊ ပိုပြီး လျင်မြန်စွာပြီးဆုံးချင်တယ်ဆိုရင် အလုပ်တစ်မျိုးတည်းကိုသာ ပြီးဆုံးအောင် အာရုံစိုက်လိုက်ပါ။ တစ်ခုပြီးမှ တစ်ခုလုပ်တာ သင့်ရဲ့ ဦးနှောက်မှတ်ဉာဏ်လည်း တိုးစေနိုင်ပါတယ်။ ၂) စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို တက်ကြွစေနိုင်ပါတယ်။ ဉာဏ်ထက်မြက်စေနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ စာဖတ်ခြင်းက ဦးနှောက်ထဲကအာရုံကြော နဲ့ဆိုင်သော တစ်ရှူးအဖြူရောင်လေးတွေကို အသစ်ထပ်မံဖြစ်ပေါ်စေတဲ့အတွက် အာရုံကြောဆိုင်ရာဆက်သွယ်မှုတွေကို ပိုပြီးကျယ်ပြန့်လာစေနိုင်ပါတယ်။ အဲဒါကြောင့် ဦးနှောက်က သတင်းအချက်အလက်လက်ခံခြင်းကို ပိုပြီး အစွမ်းထက်လာစေအောင် ကူညီပေးနိုင်ပါတယ်။ ၃) တရားထိုင်ပါ။ မကြာသေးမီက တွေ့ရှိချက်များအရ တရားထိုင်ခြင်းက စိတ်ဖိစီးမှုများကို သက်သာစေနိုင်ပါတယ်။ သင့်ရဲ့ဦးနှောက်ကို အမှန်တကယ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ တရားထိုင်ခြင်းကို အရေးတယူပြုလုပ်ခြင်းရဲ့အကျိုးကတော့ သင့်ဦးနှောက်ကို မတူညီတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်စေပါတယ်။ ¬¬¬ ၄) အလေးမပါ။ တစ်ပတ်မှာ နှစ်ကြိမ်ခန့် အလေးမခြင်းက သင့်ခန္ဓာကိုယ်မှ သံဓာတ်ကို စုပ်ယူနိုင်ပြီး သင့်ရဲ့ဦးနှောက်မှလုပ်ဆောင်ချက်တွေကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အချိန်မှာ သူငယ်ပြန်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ၅) အခြားဘာသာစကားတစ်မျိုးမျိုးကို သင်ယူပါ။ လေ့လာတွေ့ရှိချက်များမှာ ဘာသာစကားနှစ်မျိုးထက်မက တတ်ကျွမ်းသူများဟာ ပိုပြီးတော့ အကျိုးများတာကို တွေ့ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့လုပ်ဆောင်ချက်တွေပြီးမြောက်ဖို့အတွက် ဦးနှောက်ကို အသုံးပြုတာနည်းသောကြောင့် ဦးနှောက်ပျက်စီးမှုကို ကာကွယ်ကူညီပေးနိုင်ပါတယ်။ ၆) စစ်တုရင်ကစားပါ။ စစ်တုရင်ကစားခြင်းက ကစားရာမှာ ဆုံးဖြတ်ချက်ချနိုင်ဖို့အတွက် ဦးနှောက်နှစ်ဖက်စလုံးကို အသုံးပြု ရတဲ့အတွက် အခြားသူများထက်ကို မှတ်ဉာဏ်တိုးစေနိုင်ပါတယ်။ စစ်တုရင်ကစားခြင်းကိုကျွမ်းကျင်သူတွေက အချိန်တိုတိုနဲ့အနိုင်ယူနိုင်တဲ့အတွက် ဦးနှောက်ရဲ့စွမ်းရည်ကို သင်တွေ့မြင်နိုင်မှာပါ။ မှတ်ဉာဏ်ကောင်းဖို့အတွက် ကစားသင့်တဲ့ကစားနည်းတစ်ခုဖြစ်ပြီး ကစားနေတဲ့အချိန်ခဏလေးမှာတင် ဖြစ်နိုင်တာတွေ၊ ပြောင်းလဲနိုင်တာတွေကို တစ်ပြိုင်တည်း တွေးတောစဉ်းစားနိုင်လာတဲ့အကျင့်ကို ရစေပါတယ်။ ၇) အစာစားတဲ့အခါ တူဖြင့် စားပါ။ အစာစားတဲ့အခါ တူဖြင့် စားခြင်းက သင့်ရဲ့စိတ်ကို ပိုပြီး သတိထားနိုင်လာအောင် တွန်းအားပေးပါတယ်။ အဲဒါက သင့်ရဲ့ဦးနှောက် နိုးကြားဖို့ ကူညီရုံသာမက သင်အစာကြေဖို့ အထောက်အကူပြုသလို ကယ်လိုရီအစားများခြင်းကိုလည်း လျော့ကျစေနိုင်ပါတယ်။ ၈) အကောင်းဘက်ကတွေးပါ။ အကောင်းဘက်ကတွေးခြင်းက သင့်ရဲ့ဦးနှောက်ကို အားပြန်ပြည့်စေနိုင်ပါတယ်။ သင့်ရဲ့အတွေးတွေကို သတိထားပြီး အကောင်းဘက်ကိုရောက်အောင် ပြောင်းလဲတွေးခေါ်ကြည့်တတ်တဲ့အကျင့်ကိုပြုလုပ်ခြင်းက စိုးရိမ်ကြောင့်ကြခြင်းတွေကို လျော့နည်းစေပြီး စွမ်းအင်တွေတိုးစေပါတယ်။ ပိုပြီးလည်း ပျော်ရွှင်လာနိုင်ပါတယ်။ အဲဒီ့အတွက် သင့်ရဲ့ဦးနှောက်ကလည်း လန်းဆန်းလာပါလိမ့်မယ်။ ၉) ကခုန်ပါ။ ကခုန်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်များနှင့် လူမှုရေးပိုင်းဆိုင်ရာဆောင်ရွက်ချက်များမှ အသိအမြင်တွေကို ပေါင်းစပ်ပေးနိုင်တဲ့အတွက် ဦးနှောက်ရဲ့လုပ်ဆောင်ချက်စွမ်းရည်တွေတိုးတက်လာနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ၁၀) အိပ်ရေးဝအောင် အိပ်စက်ပါ။ အိပ်ရေးပျက်ခြင်းက ဖျားနာခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ စိ တ်ဓာတ်ကျခြင်းနဲ့ ရောဂါပေါင်းစုံဖြစ်ပွားစေနိုင်ပါတယ်။ သင့်ရဲ့မှတ်ဉာဏ်နဲ့ အတွေးအခေါ်ပေါ်မှာလည်း အများကြီး ဆိုးကျိုးဖြစ်နိင်ပါတယ်။ ကောင်းစွာမအိပ်စက်ခြင်းက သင့်ဦးနှောက်မှ အာရုံကြောတွေရဲ့လုပ်ဆောင်ချက်တွေကို ဖျက်ဆီးနိုင်ပါတယ်။ #BAWA101

ကျန်းမာရေး လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မိန်းမကို အိမ်အလုပ်ကူခြင်း ခံစားရရှိနိုင်မည့် အကျိုးကျေးဇူးများ

သင်ကိုယ်တိုင်က ပျင်းရိနေလျှင် သင့်ကို သင့်မိန်းမက ဘဝတစ်ခုလုံးဦးဆောင်ခိုင်းဖို့ ဘယ်လိုများယုံကြည်မှုရှိနိုင်မှာလဲ။ တစ်ချို့တစ်လေ အရိုးစွဲနေတဲ့အတွေးအခေါ်တစ်ခုရှိပါတယ်။ အိမ်မှုကိစ္စဆိုတာ အိမ်ထောင်ရှင်မတွေပဲ လုပ်ကိုင်သင့်တဲ့အလုပ်ဆိုပြီးတော့ပါ။ တကယ်တော့ အဲဒီ့အယူအဆက အမှားကြီးမှားပါတယ်။ သင့်မှာသာ သမီးလေးတစ်ယောက်ရှိခဲ့ရင် အဲဒီလိုအယူအဆရှိတဲ့အိမ်မှာ ချွေးမဖြစ်စေချင်ပါ့မလား။ အဲဒီလိုပါပဲ သင့်မှာသာ သားလေးတစ်ယောက်ရှိခဲ့ရင် အိမ်မှုကိစ္စမှန်သမျှ မိန်းမကလုပ်ပါစေ၊ ဘာမှဝင်မလုပ်နဲ့လို့များ မသွန်သင်မိပါစေနဲ့နော်။ တကယ်တော့ အိမ်ထောင်ရှင်မတွေက အိမ်ထောင်ရှင်ယောကျ်ားတွေထက်တောင် ပိုပြီး ဖိအားတွေဒဏ်ကို ပိုခံရပါသေးတယ်။ အိမ်မှုကိစ္စဆိုတာ ခေါင်းစဉ်တပ်စရာမရှိဘဲ အလွန်များပြားတဲ့အလုပ်တွေပါ။ အဲဒါကို နားလည်ပြီး သင့်ရဲ့အားလပ်ရက်မှာ သင့်မိန်းမရဲ့အိမ်မှုကိစ္စတွေထဲက သင်လုပ်နိုင်မယ်ထင်တဲ့အလုပ်လေးတွေ ကူညီကြည့်လိုက်ပါလား။ သင့်အတွက် အများကြီး အကျိုးကျေးဇူးရစေနိုင်ပါတယ်။ ကဲ….အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ရအောင်။ ၁) သင့်မိန်းမမှ သင့်အပေါ်ပိုပြီး ချစ်ခင်လာနိုင်ခြင်း မိန်းမတွေရဲ့သဘောကိုက စိတ်သဘောထား အရမ်းပျော့ပျောင်းတာပါ။ သင့်မှာ ပြင်ပကဝင်ငွေရအောင် အလုပ်လုပ်ရသေးရဲ့သားနဲ့ အိမ်မှာ အလုပ်ရှုပ်နေတဲ့မိန်းမကို အကူအညီပေးဖော်ရပါသေးလား…..ဆိုတဲ့အတွေးက သင့်အပေါ်ကို သင့်မိန်းမက ပိုမိုချစ်ခင်လာစေပါတယ်။ ပိုပြီးလည်း အားနာမှုကို ဖြစ်စေပါတယ်။ သင့်အတွက်ပိုပြီး သူကအနစ်နာခံချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ့တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပိုပြီး စိုပြေလာနိုင်တာပေါ့။ ၂) ပိုပြီး ယုံကြည်လာစေခြင်း အဲဒါအပြင် ပိုပြီးလည်း ယုံကြည်လာမှာပါ။ “ယောကျ်ားလုပ်သူက ချစ်ရှာသားပဲ….” ဆိုတဲ့အတွေးကို သူကစတွေးပြီဆိုတာနဲ့ သင့်အပေါ် သူ့ရဲ့ယုံကြည်မှုကလည်း အလိုလိုတိုးလာတော့တာပဲလေ။ သံသယနဲ့ရန်လိုခြင်းမရှိတော့တဲ့အခါ အကျိုးဆက်ကတော့ သင်တို့အိမ်ထောင်ရေးသာယာလာစေတာပေါ့။ ၃) စိတ်ဖိစီးမှု လျော့ပါးနိုင်ခြင်း သင့်ရဲ့အိမ်ထောင်ရေးသာယာမှုက သင့်ကိုပိုပြီး အလုပ်တွေအပေါ် အာရုံစိုက်နိုင်စေပါတယ်။ အလုပ်အပေါ်အာရုံစိုက်နိုင်လာတဲ့အခါ သင့်အတွက် အကောင်းဆုံးအခြေအနေတွေချည်းပဲဖြစ်လာနိုင်တယ်မဟုတ်လား။ အဲဒါအပြင် သင့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေ လျော့ပါးစေပါတယ်။ အိမ်ထောင်ရေးသာယာမှုကြောင့် အိမ်ထောင်ရေးကြောင့် ဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေနိုင်ပါတယ်။ ၄) အာရုံစိုက်နိုင်စွမ်းပိုကောင်းလာနိုင်ခြင်း စိတ်ဖိစီးမှုလျော့နည်းတဲ့သူတစ်ယောက်က သူရဲ့တစ်နေ့တာ လုပ်စရာရှိသမျှကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။ အဲဒီ့အတွက် သင်ကပိုပြီးတော့ စိတ်ချမ်းသာနိုင်သလို သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကလည်း တိုးသထက်တိုးလာစေပါတယ်။ ၅) မိသားစုကို အချိန်ပိုပေးနိုင်လာခြင်း သင့်ရဲ့အလုပ်ကိစ္စတွေ မြန်မြန်ပြီးနိုင်လာတဲ့နိုင်တော့ သင်အိမ်ပြန်ရောက်တာနဲ့ သင့်ရဲ့သားသမီးကိုကော သင့်ရဲ့အမျိုးသမီးကိုကော အချိန်ပိုပေးနိုင်လာမှာပါ။ အဲဒါမှ သင့်အတွက် မိသားစုက ပိုပြီးအဓိပါ္ပယ်ရှိလာမှာပေါ့။ ၆) ပိုပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်လာနိုင်ခြင်း သင့်မှာ အချိန်တွေပိုထွက်လာနိုင်သလို သင့်အတွက် မိသားစုကိုအချိန်ပေးနိုင်လာမှာပါ။ သင့်မိသားစုက သင့်အတွက် ပိုပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝဖြစ်လာနိုင်ပါပြီ။ အဲဒီ့တော့ သင့်ဘဝက ပိုပြီး ပျော်စရာကောင်းလာနိုင်ပါတယ်။ ၇) ကျန်းမာရေး ပိုကောင်းလာနိုင်ခြင်း သင့်ရဲ့နေ့ရက်တွေက ပျော်စရာကောင်းနေမှတော့ သင့်ရဲ့ကျန်းမာရေးက ပိုကောင်းလာစေနိုင်တယ်ဆိုတာ ပြောဖို့တောင်လိုတော့မယ်မထင်ပါဘူးနော်။ မိန်းမကို ကူညီလုပ်ဆောင်ပေးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက ငွေနဲ့ဝယ်ယူလို့မရနိုင်တာတွေချည်းပဲမို့ ခုပဲ သင့်မိန်းမနဲ့အတူ အိမ်မှုကိစ္စတွေ ကူလုပ်ပေးလိုက်ပါတော့။ #BAWA101

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အခုချက်ချင်း ကိုယ့်ကိုယ်ကို ဘယ်လိုပြောင်းလဲပစ်မလဲ။

၁) ပြောင်းလဲချင်သည့်အချက်များကို ချရေးထားပါ။ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကို ချရေးလိုက်ပါ။ အဲဒါမှ ဘာတွေမှားခဲ့လို့ ဘာတွေအမှန်ပြင်ရမလဲ၊ ဘာတွေပြောင်းလဲရမလဲဆိုတာ သိမှာပါ။ အမှားတွေရေးပြီးရင်တော့ ပြောင်းလဲချင်သည့်အချက်တွေကို ချရေးလိုက်ပါ။ အဲဒါဆို သင်ပြင်ချင်သည့်အချက်တွေ ချက်ချင်းသင်မြင်လာပါပြီ။ ၂) အလွတ်ရအောင် ရွတ်ပါ။ အခုလက်ရှိသင်ဘာတွေတွေးနေသလဲ ဆိုတာက အရေးမကြီးပါဘူး။ စာရွက်မှာ ချရေးထားတဲ့ ပြင်ချင်တဲ့အချက်တွေကိုသာ မျက်လုံးထဲမြင်နေအောင် ထပ်တလဲလဲ ဖတ်ပါ။ သင့်ကိုသင်ပြန်ကြားနေအောင် ရွတ်ပါ။ အဲဒါက သင်အမှားလုပ်မိတော့မယ်ဆို အခုမြင်နေတဲ့အချက်တွေကို ပြန်မြင်လာမိစေနိုင်ပါတယ်။ ၃) အမှားတွေချည်းပြန်တွေးပြီး နာကျင်မနေပါနဲ့။ အရင်အချိန်ကဘာတွေဖြစ်ခဲ့တာက အရေးမကြီးပါဘူး။ အရင်အမှားတွေက သင်ဘာတွေသင်ယူနိုင်သလဲဆိုတာကသာ သင့်ကိုသတ်မှတ်ပေးမှာပါ။ အတိတ်ကအမှားတွေချည်းပြန်တွေးနေတာက အခုချိန်မှာ ပြောင်းလဲနိုင်ဖို့အချိန်ကုန်စေပါတယ်။ အခုအမှားကိုမြင်တယ် အခုအမှားပြင်မယ်၊ ချက်ချင်းပြောင်းလဲမယ်။ အဲဒါသာတွေးပါ။ ၄) သင့်ကိုနာကျင်စေတဲ့သူတွေကိုရှောင်ပါ။ အချို့သောလူတွေက အရင်ကအမှားကိုသာတဖွဖွ အပြစ်ပြောနေပြီး ခုလက်ရှိအကောင်းလုပ်နေတာမျိုးကိုတော့ မမြင်တတ်ကြပါဘူး။ အဲလိုလူမျိုးကို ဝေးဝေးရှောင်ပါ။ အဲလိုလူမျိုးက ကိုယ့်ရဲ့အရင်က အမှားကိုပြန်ပြီး သတိရ နာကျင်အောင် အစဖော်ပေးနေသရွေ့ ကိုယ်လည်း လက်ရှိပြောင်းလဲမယ့်ကိစ္စကို အာရုံစိုက်လို့ရမှာမဟုတ်ပါဘူး။ သေချာတာကတော့ အခုချိန်မှာ ကိုယ်ကပြင်ချင်စိတ်ရှိတာသေချာဖို့ရယ်၊ ပြင်နေပြီဆိုတာရယ်ပါပဲ။ ၅) သူများတွေနဲ့မနှိုှု်င်းယှဉ်ပါနဲ့။ အနာဂတ်မှာ ပိုကောင်းလာဖို့သာ ပြောင်းလဲပါ။ ကိုယ့်ဘဝကို ကိုယ်ပဲသိနိုင်တာပါ။ သူများနဲ့နှိုင်းယှဉ်ခြင်းက ပိုပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ အခုလက်ရှိပြောင်းလဲနိုင်ခြင်းက နောင်အနာဂတ်မှာ ပိုပြီး ကောင်းတာတွေဖြစ်လာမှာမို့ ပိုပြီး စိတ်ဓာတ်တက်ကြွစေနိုင်တာပါ။ အနာဂတ်ကိုတွေးမျှော်နေတာက ဒီနေရာမှာ အကျိုးရှိပါတယ်။ ၆) ပြောင်းလဲချင်သည့် အချက်အများကြီးထဲက တစ်ချက်ခြင်းကို အာရုံစိုက်ပါ။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့အချက်ကို အရင်ပြောင်းလဲမယ်ဆိုပါတော့။ တစ်နေ့လုံး ဆေးလိပ်မသောက်ဘူးဆိုတာကိုသာ အာရုံစိုက်ပါ။ ထိုအကျင့်မပြောင်းလဲသရွေ့ ထိုအချက်ကိုပဲအာရုံစိုက်ပါ။ အဲဒါက သင့်အတွက် ဝန်မပိသလို မြန်မြန်လည်း ပြောင်းလဲပစ်နိုင်ပါတယ်။ တကယ်တော့ ပြောင်းလဲနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်မယ့်အချက်ပြောင်းလဲနိုင်ပြီဆိုပါတော့ အဲဒီ့တော့မှ နောက်တစ်ချက်ကို ဆက်အာရုံစိုက်ပါ။ ၇) အာရုံနှောက်စေတဲ့အကြောင်းအရာတွေကို ဂရုမစိုက်ပါနဲ့။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုပါတော့ သင့်ပတ်ဝန်းကျင်ကလူတွေက “နင်ကဆေးလိပ်ဖြတ်နိုင်ပါ့မလား။ အလကားပါ…..။” ဆိုပြီး တဖွဖွလာပြောတဲ့သူမျိုးကို လျစ်လျူရှုပါ။ အာရုံမထားပါနဲ့။ မသိချင်ယောင်ဆောင်နေလိုက်ပါ။ သူကြောင့် သင့်ရဲ့မကောင်းတဲ့အကျင့်က ပြန်တောင်အစပေါ်လာနိုင်ပါသေးတယ်။ အဲလိုလူမျိုးနဲ့ကြုံရတဲ့အခါ သင့်စိတ်ထဲမှာ “ငါပြောင်းလဲပစ်နိုင်တယ်….အခုချက်ချင်း၊ ငါပြောင်းလဲပစ်နိုင်တယ်…..ငါလုပ်နိုင်တယ်” အဲလိုမျိုး တွေးနေခြင်းကိုသာ အာရုံစိုက်လိုက်ပါ။ အမှန်တကယ်ကို ပြောင်းလဲနိုင်လာတာကို သင်တွေ့လာပါလိမ့်မယ်။ လူတိုင်းရဲ့စိတ်ထဲမှာ တကယ်လုပ်ချင်စိတ်ရှိရင် တကယ်ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းတွေ လူတိုင်းမှာရှိပြီးသားပါ။ အာရုံစိုက်ဖို့ပဲလိုတာပါ။ သင်လည်း အခုချက်ချင်းပြောင်းလဲချင်ရင် ပြောင်းလဲချင်တဲ့အချက်တွေအပေါ်မှာသာ အာရုံစိုက်လိုက်ပါတော့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ငွေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုဝယ်မလဲ။

ပျော်ရွှင်မှုကို ငွေနဲ့မဝယ်နိုင်ဘူးလို့ ကျွန်တော်တို့အားလုံးကြားဖူးကြပါတယ်။ ကမ္ဘာပေါ်က ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေက ယေဘုယျအားဖြင့် စိတ်လှုပ်ရှားမှု နဲ့ ပျော်ရွှင်ကို ခံစားရစေနိုင်ပါတယ် ။ဒါပေမယ့် တကယ့်စိတ်ရင်းထဲကပျော်ရွှင်မှုကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကြောင့်ရတဲ့ပျော်ရွှင်မှုတွေက ကြာရှည်မခံဘူးလေ။ ပျော်ရွှင်ခြင်းဆိုတာက လူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လည်းဆိုင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အပြင်ပိုင်းလွှမ်းမိုးမှုတွေကို သေချာစဉ်းစားခြင်းမရှိဘဲ ယေဘုယျဆန်ဆန်စဉ်းစားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင်တော့ ရေရှည်မှာ သင်ဘယ်လိုခံစားသလဲပေါ်မူတည်ပြီးတော့ ငွေက သေချာတဲ့အကျိုးသက်ရောက်မှုတစ်ခုရှိပါတယ် ။ မကြာခဏဆိုသလို ငွေဟာ ပျော်ရွှင်မှုအတွက် ရန်သူတစ်ယောက်လို ခံစားနေရစဉ်မှာ အောက်ပါအချက်လေးချက်ကိုတွေးကြည့်လိုက်ရင် သင့်ကိုပျော်ရွှင်စေမှာပါ။ ၁) အခြားသူတွေကို သင်က ငွေတွေပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့ သင့်မှာရှိတဲ့ငွေတွေကို ပေးနိုင်ခြင်းပါပဲ။ ဟုတ်ပါတယ်၊ အဲဒါက အပြန်အလှန်အကျိုးရှိတာပဲလေ။ ပထမဆုံး ငွေတွေတိုးပွားအောင်ရှာနိုင်တာထက် ငွေတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေးကမ်းနိုင်ခြင်းက ပိုပြီး ပျော်ရွှင်စေပါတယ်။ တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်ခြင်းက သင့်အတွက် ပျော်ရွှင်မှု၊ ကြည်နူးမှုကိုခံစားရစေနိုင်တယ်လေ။ ဘယ်လောက်အခြေအနေလောက်ထိ သင်ပေးနိုင်မလဲဆိုတာ သင့်ဟာသင်ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို နေ့လည်စာကျွေးတာမျိုးကတော့ ရိုးရှင်းပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့သူကို ပေးကမ်းလိုက်ခြင်းက သင့်အတွက် ပိုပြီးပျော်စရာကောင်းသလို သူတို့အတွက်လည်း ပျော်ရွှင်စေနိုင်ပါတယ်။ ပြီးတော့ သင့်အတွက် ပိုပြီး အကောင်းဘက်ရောက်တဲ့အတွေးအခေါ်တွေဖြစ်ပေါ်လာစေပါတယ်။ သင့်ဘဝလည်း ဒီထက်ပိုပြီး ပျော်ရွှင်တက်ကြွလာတဲ့အတွက် ဒီထက်ပိုပြီး ငွေဝင်လာအောင်ကြိုးစားရှာဖွေဖို့ ခွန်အားတွေရနိုင်တာပေါ့။ အဲဒီတော့ ငွေတွေ ပေးကမ်းခြင်းက သင့်ထံကို နောက်ထပ်နောက်ထပ်သော ငွေတွေ တိုးပွားလာစေနိုင်ပါတယ်နော်။ ၂) သင့်ရဲ့အခြေခံလိုအပ်ချက်တွေအတွက် သင်ကိုယ်တိုင်စီမံနိုင်ပါတယ်။ ဇိမ်ခံပစ္စည်းတွေကို ဝယ်နိုင်ခြင်းက သင့်ရဲ့ပျော်ရွှင်မှုကို တိုးစေနိုင်ပါတယ်။ သင့်ဘဝရဲ့အဆင့်အတန်းမြင့်လာလေလေ ပျော်ရွှင်မှုအဆင့်ကလည်း တိုးလာပါတယ်။ သင့်ရဲ့အစားအစာတွေဝယ်ယူခြင်းပေါ်မှာ ဈေးနှုန်းအပြောင်းအလဲဖြစ်ခြင်းကတောင် သင့်ရဲ့ပျော်ရွှင်မှုကို အတိုးအလျော့လုပ်နိုင်ပါတယ်။ သင့်ရဲ့အခြေခံကိုယ်ပိုင်လိုအပ်ချက်တွေကို စီမံနိုင်ခြင်းက သင့်မှာ အာဏာလွှမ်းမိုးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ အဲဒါက သင့်ကိုပျော်ရွှင်စေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ကျေနပ်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ အရွယ်ရောက်လာလို့ ကျောင်းကနေ ကောလိပ်ကို အဆင့်ကူးပြောင်းရသလို တွေးလို့ရပါတယ်။ လူတော်တော်များများအတွက် သူတို့ရဲ့အသိုက်အမြုံကိုခွဲခွာပြီး သူတို့ရဲ့အတောင်တွေကိုဖြန့်ကျက်လို့ ပျံသန်းနိုင်တဲ့အခွင့်အရေးရှိပါတယ်။ မိဘတွေက စားစရာတွေ၊ နေစရာတွေ တစ်ကြိမ်တော့စီမံပေးပေမယ့် အခုတော့ ကိုယ့်ဟာကိုယ် ကာကွယ်စောင့်ရှောက်နိုင်ရမှာပေါ့။ အဲဒီ့အချိန်တွေက ကြောက်လန့်စရာကောင်းနေတယ်၊ ဖိအားတွေများနေတယ်ဆိုရင်တောင်မှ သင့်ရဲ့ပထမဆုံးကားတစ်စီးကို သင်ဝယ်နိုင်တဲ့အချိန် ဒါမှမဟုတ် သင့်ရဲ့ပထမဆုံးတိုက်ခန်းတစ်ခန်းကို ဝယ်နိုင်တဲ့အချိန်မှာ သင့်ရဲ့စစ်မှန်တဲ့ခံစားမှုက ပျော်ရွှင်ရမှာပါ။ အဲဒါက ဖြုန်းတီးမှုမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ကိုယ်ပိုင်အခြေခံလိုအပ်ချက်ကိုကိုယ်ဟာကိုယ်ဖြည့်ဆည်းနိုင်တဲ့ယုံကြည်မှုနဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုနဲ့ ထိုက်တန်သလောက်တော့ ဝယ်ဖို့ ဂရုစိုက်ရပါမယ်။ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်တဲ့ခံစားမှုကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူး။ ငွေရှိခြင်းကတော့ သင့်ကိုအဲဒီ့ခံစားမှုမျိုးမခံစားရအောင် ကူညီပေးနိင်ပါတယ်။ ငွေရှိတဲ့အတွက် သင်လိုအပ်တာကို ဝယ်နိုင်တာက သင့်အတွက်ပျော်ရွှင်မှုပါပဲ။ ၃) အကြွေးရှိခြင်းမှ လွတ်မြောက်နိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပျက်စီးစေတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ အကြွေးတွေရဲ့ထိုးနှက်ခြင်းကြောင့်ပါပဲ။ အကြွေးကဒ်များ၊ ကားအသစ်များ၊ အပျော်ခရီးထွက်ခြင်း၊ ဆေးကုသစရိတ်၊ ဘဝအတွက်အရေးကြီးတဲ့ ကိစ္စရပ်များ၊ အလုပ်မရှိခြင်း၊ ဈေးဝယ်ထွက်ခြင်း နဲ့အခြားသော ကုန်ကျစရိတ်တွေက သင့်ကိုအကြွေးသံသရာထဲလည်နေစေပါတယ်။ သင်က အကြွေးစယူမိတာနဲ့ အတိုးတွေက ထပ်လာပါတယ်။ ဒီကြောက်စရာကောင်းတဲ့သံသရာထဲက ပြန်ထွက်နိုင်ဖို့က အလွန်အမင်းခက်ခဲလှပါတယ်။ ငွေကို အလွန်အမင်းသုံးဖြုန်းခြင်းကြောင့် အကြွးတွေများလာနိုင်ပါတယ်။ ငွေကို ဉာဏ်ရှိစွာသုံးခြင်းက သင့်ကိုအကြွေးထူခြင်းကနေ လွတ်မြောက်စေနိုင်သလို သင့်အတွက် ငွေကြေးဆိုင်ရာအဆင်ပြေစေမယ့် အနာဂတ်ဖြစ်လာအောင် ဖန်တီးနိုင်ပါတယ်။ အထက်ပါ အကြွေးကြောင့် ဆိုးဝါးတဲ့အခြေအနေတွေက သင့်လက်ထဲမှာ ငွေရှိနေတဲ့အခါ မဖြစ်နိုင်တော့ဘူးလေ။ အဲဒါက ပျော်စရာပဲမဟုတ်လား။ ငွေရှိခြင်းက အဲလိုနေရာမှာ ဘယ်လောက်အကျိုးရှိလိုက်မလဲ။ ငွေရှိတဲ့အတွက် အကြွေးကြောင့် ပူပန်ရတာတွေ၊ ကြောက်လန့်နေရတာတွေမဖြစ်နိုင်တော့ဘူးပေါ့။ ၄) အဓိပါ္ပယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြန်တွေးကြည့်ရင် ငွေကိုအသုံးပြုပြီးတော့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိပါ္ပယ်ရှိတဲ့အလုပ်တွေကို သင့်ဘဝမှာ ပြုလုပ်နိုင်ပါတယ်။ သင့်အတွက် ပျော်ရွှင်မှုအပြည့်အဝခံစားဖို့ ယူဆောင်ပေးနိုင်မယ့် အဓိက ရည်မှန်းချက်ကိုဖြစ်မြောက်စေနိုင်ပါတယ်။ အထက်ပါဖြစ်စဉ်တွေအရာ သင့်ရဲ့ကလေးကို ကောလိပ်ကိုရောက်အောင် သင်ပို့ပေးနိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ သင့်ကိုယ်ပိုင်ပရဟိတအဖွဲ့တစ်ခု စတင်နိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ အထူးသဖြင့် သင့်ရဲ့နောက်ထပ် နှစ်ပတ်လည်ပွဲတစ်ခုပြုလုပ်နိုင်ရင် ဒါမှမဟုတ် သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးနိုင်တဲအခါဆိုရင် သင်မကြိုက်ဘူးလား။ ငွေရဲ့စွမ်းအားက သင့်ရဲ့ရည်မှန်းချက်ကိုရောက်အောင် သင့်ရဲ့ဘဝကိုပိုပြီးအဓိပါ္ပယ်ရှိလာအောင် ကူညီပေးနိုင်ပါတယ်။အရာဝတ္ထုတွေကိုပဲဝယ်နိုင်တဲ့ဆိုတဲ့ သင့်ရဲ့သဘောထားကို ပြောင်းလဲပစ်ဖို့ကြိုးစားခြင်းက ငွေကနေ ပိုပြီး အဓိပါ္ပယ်ရှိတဲ့ဘဝကိုရှာဖွေနိုင်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာ ဘဝအတွက်ပိုပြီးကြီးမားတဲ့ရည်မှန်းတွေကိုချမှတ်သောအခါ ငွေရှိခြင်းကပိုပြီးလွယ်ကူလာစေပါတယ်။ အဲဒါကြောင့် နောက်တခါ တစ်စုံတစ်ယောက်က ငွေက ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ ပြောတာ သင်ကြားမိတဲ့အခါ အထက်ပါအချက်တွေကို ပြန်တွေးလိုက်ပါ။ ငွေနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့အမြင်တွေရှိလာတဲ့အခါ သင့်ဘဝကိုပျော်ရွှင်မှုတွေပိုတိုးလာစေမယ် သင့်ဘဝရဲ့စွမ်းရည်တွေလည်း တိုးတက်လာနိုင်ပါတယ်နော်။ https://www.lifehack.org/535275/four-real-ways-money-can-buy-happiness မှ ဘာသာပြန်ပြီးဖော်ပြပေးထားခြင်းဖြစ်ပါတယ်။#BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

နံနက်စာစားဖို့တောင် အခက်အခဲ ဖြစ်နေတဲ့ နေ့ရက်တွေကို ဘယ်လိုကျေ်ာဖြတ်မလဲ

အရမ်းကြပ်တည်းပြီး နံနက်စာစားဖို့တောင် ငွေမရှိတဲ့ဘဝမျိုးကို ကြုံခဲ့ဖူးမလား။ အဲဒီလိုအခြေအနေမျိုးသာ ကြုံလာခဲ့ရရင် သင်ဘယ်လိုများကျော်ဖြတ်မလဲ။ အောက်မှာ လုပ်သင့်တဲ့အချက်လေးတွေ ရေးပေးထားပါတယ်။ ၁) အဖြေရှာပါ။ ဘာကြောင့် ဒီလိုအခက်အခဲတွေဖြစ်လာရတာလဲ။ သင်အသုံးမကျခဲ့လို့လား၊ ပတ်ဝန်းကျင်ကြောင့်လား ဘာကြောင့်လဲဆိုတဲ့ အဖြေကို သင့်ကိုသင်အမှန်အတိုင်းပေးနိုင်ဖို့က နံနက်စာစားဖို့ထက်တောင် အရေးကြီးပါသေးတယ်။ ဟာသတစ်ခုအနေနဲ့ဆိုရင် နံနက်စာစားဖို့ မရှိရင်တောင် ရေသောက်ဗိုက်မှောက်နေလို့ရသေးတယ်မဟုတ်လား။ ရေတောင်သောက်ဖို့မရှိဘူးဆိုရင်ကော……။ ဟုတ်တယ်၊ အဲဒါ ပြဿနာပဲလေ။ ဘာလို့များ ဒီလိုအခြေအနေမျိုးဖြစ်လာရတာလဲ…..အဖြေကို သိဖို့က အားလုံးထက်အရေးကြီးပါတယ်။ အဖြေသိမှ အကောင်းဆုံးလုပ်လို့ရမှာပေါ့။ အဖြေကိုသိဖို့ သင့်ကိုသင်တောင်မလိမ်ညာမိပါစေနဲ့နော်။ ၂) အဖြေကိုသိပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါ။ ဟုတ်ပါပြီ….အဖြေကတော့ သင်ဘာမှမလုပ်လို့ဘဲဆိုပါစို့ အဲဒါဆို တစ်ခုခုတော့လုပ်မှဖြစ်တော့မှာပေါ့ လွယ်ပါတယ်။ မဟုတ်ဘူး…..သင်လုပ်နေရင်းနဲ့ကို ဖြစ်မလာသေးတာပါ။ သင်ဖြစ်ချင်တာကို ရှေ့ဆက်လုပ်ဆောင်နေရင်းနဲ့ကို ဒီလိုမျိုးဖြစ်နေရတာပါပဲ ၊ ဒါဆိုရင်တော့ ကောင်းပါတယ်…..အခုကြုံနေရတာက အခိုက်အတန့် အခက်အခဲတစ်ခုပါပဲ။ သင်လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ဆောင်သွားပါ။ အဲလိုလည်းမဟုတ်သေးပါဘူး……ကျွန်တော်တော့ ကြိုးစားနေရင်းနဲ့ ကျွန်တော့်အပေါင်းအသင်းမှားကြောင့်၊ ကျွန်တော့်ပတ်ဝန်းကျင်ကြောင့်၊ ကျွန်တော့်အမှားကြောင့် ကျွန်တော့်ဘဝကြီးတစ်ခုလုံး ဒီလိုအခြေအနေမျိုးကြုံသွားရပါတယ်ဆိုပါစို့။ အဲဒါဆို အဲဒီ့ပတ်ဝန်းကျင်၊ အဲဒီ့အပေါင်းအသင်းရဲ့ဆိုးကျိုးကို သင်သိသွားပြီမလား။ သင့်ရဲ့အမှားကို သင်သိသွားပြီမလား၊ သင်ခန်းစာယူပြီး နောက်မဖြစ်အောင် ကြိုးစားလိုက်ပါ။ အဓိကက အခြေအနေတွေအားလုံးကို သင့်ကိုသင်တောင်မလိမ်ညာဖို့ပါပဲ။ အဖြေကိုအမှန်အတိုင်းမြင်ပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါတော့။ အလုပ်မရှိရင် အလုပ်လုပ်ခိုင်းပါ။ ပြုပြင်စရာရှိပြုပြင်ခိုင်းပါ။ သင်ယူစရာရှိ သင်ယူခိုင်းပါ။ တစ်ခုခုလုပ်နေတာက ဒီနေ့အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေပြီး မနက်ဖြန်အတွက် အကျိုးအများကြီးရနိုင်မှာပေါ့။ ယုတ်စွအဆုံး ဒီနေ့ နံနက်စာစားဖို့မရှိဘူးဆိုရင်တောင် မနက်ဖြန်အတွက် နံနက်စာလောက်ကတော့ ရှာပြီးသားဖြစ်သွားမှာပါ။ တစ်ခုရှိတာက ဒီနေ့ရှာ၊ နောက်နေ့ပြန်အိပ်နေလို့မဖြစ်တာပါပဲ။ ၂) အလွယ်နည်းမလိုက်ပါနဲ့။ ကိုယ့်ကိုကိုယ်အားကိုးဖို့ပဲ စဉ်းစားပါ။ တစ်ချို့ကတော့ ထိုကဲ့သို့အခြေအနေမျိုးကို ခံနိုင်ရည်မရှိကြပါဘူး။ အဲဒီ့အခါ ဘာအကျိုးဆက်တွေဖြစ်လာသလဲဆိုတော့ အလွယ်နည်းလိုက်ကြတာပါပဲ။ မိန်းကလေးတွေ အနေအစားချောင်ဖို့အတွက် မလုပ်သင့်တာတွေကို လုပ်ရဲလာကြပါတယ်။ သူများအိမ်ထောင်ရေးဖျက်ဆီးပစ်ဖို့၊ သူများရဲ့ အငယ်အနှောင်းဖြစ်ဖို့လည်း ဝန်မလေးကြတော့တာမျိုးပေါ့။ အလွယ်နည်းလိုက်ခြင်းက လက်ရှိမှာ အဆင်ပြေစေပေမယ့် ရေရှည်အတွက်လုံးဝအဆင်မပြေနိုင်ပါဘူး။ ပြီးတော့ သင့်ကိုသင်ဖျက်ဆီးခြင်းပါပဲ။ ဘယ်အခက်အခဲမဆို အဖြေဆိုတာရှိပါတယ်။ သင့်မှာ လက်ထဲငွေတပြားမှမရှိဘူး၊ သင်ရဲ့အရင်းနှီးဆုံးအပေါင်းအသင်းကို သင်ငွေသွားချေးမယ်ဆိုပါစို့၊ ကံကောင်းစွာနဲ့ သူက သင့်ကိုသနားခြင်းအားဖြင့် ငွေအနည်းငယ်ချေးပေးလိုက်တယ်ဆိုရင် ခုလက်ရှိသင့်မှာ စားဖို့သောက်ဖို့ရသွားပါပြီ။ ဒါပေမယ့် အဲဒီ့အကြွေးကိုဆပ်ဖို့တော့ သင်ထိုင်နေလို့မရဘူးလေ။ အလုပ်တစ်ခုတော့ သင်ရှာကြံလုပ်ရတော့မှာပေါ့။ သင့်သူငယ်ချင်းက သင့်ကိုလုံးဝကိုမချေးမငှားဘူးဆိုရင်ကော ဘာဖြစ်သေးလဲ၊ လောကမှာ လက်နှစ်ဖက်ခြေနှစ်ချောင်းနဲ့ လူတစ်ယောက်အဖြစ်ရှိနေသေးတာက သင့်အတွက် များစွာသော လာဘ်လာဘပါပဲ။ မသေမချင်း သင်ငွေရှာနိုင်သေးတာပဲလေ။ အဓိကက စိတ်ဓာတ်ပါ။ လဲကျနေရင် ပြန်ထမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး ငွေမရှိရင် ရိုးသားသောစိတ်ဓာတ်ဖြင့် ငွေရှာမယ်ဆိုတဲ့စိတ်ဓာတ်ပေါ့။ ခုလက်ရှိနံနက်စာစားဖို့မရှိရင် နောက်နေ့နံနက်စာစားဖို့မရှိဘူးဆိုတာ မဖြစ်ရအောင် ဒီနေ့ကတည်းက ပြင်ဆင်ခွင့်ရှိတယ်လေ၊ အဲဒီ့တော့ သင်အိပ်နေအုံးမှာလား။ ကိုယ့်အားကိုယ်ကိုးပြီး နောက်နေ့စားစရာမရှိဘူးဆိုတာ မဖြစ်ရအောင် အလုပ်လုပ်ပါ။ ၃) ကမ္ဘာကြီးပျက်စီးသွားရင်တောင် ကိုယ့်ကိုကိုယ်မဖျက်ဆီးဘူးဆိုတဲ့စိတ်ဓာတ်မွေးပါ။ လူဆိုတာမျိုးက အခက်အခဲတွေအရမ်းကြုံလာရတဲ့အခါ ကမ္ဘာမီးလောင်ရင် သားကောင်တောင်ချနင်းတတ်ကြသေးတာမျိုးပါ။ အဲလိုလူတွေထဲမှာ ကိုယ်မပါပါစေနဲ့။ သေလောက်မယ့်အခက်အခဲမျိုး ကြုံလာရရင်တောင် ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုဖျက်ဆီးပြီးမှ ရမယ့်အလုပ်မျိုး လုံးဝမလုပ်မိပါစေနဲ့။ အဲဒီ့စိတ်ဓာတ်က သင့်ကို သူများနဲ့မတူတဲ့ဘဝတစ်ခုဖြစ်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ မယုံမရှိပါနဲ့နော်……ငွေတွေမချမ်းသာရင်တောင် သင်စိတ်ချမ်းသာနေရပါလိ့မ်မယ်။ အဲဒီ့တော့ ကိုယ်ရဲ့နံနက်စာတောင်စားဖို့မရှိတဲ့အခက်ခဲကို ရိုးသားဖြောင့်မတ်ခြင်းဖြင့် ကျော်ဖြတ်ပါ။ ၄) အားတင်းပါ၊ တကယ်လုပ်ပါ၊ ဇွဲရှိပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ ကြားဖူးနေကျ စကားလုံးလေးတွေပါပဲ။ ဒါပေမယ့် တော်တော်ထိရောက်ပါတယ်နော်။ အဲလိုအချိန်မှာ သင့်ကိုသင် ကြားလောက်အောင် “အားတင်းထား….၊ ဒီတိုင်းမနေဘူး တကယ်ပြန်ထနိုင်အောင် ကြိုးစားမယ်” လို့ ခပ်ကျယ်ကျယ်လေး ပြောကြည့်ပါလား။ ချက်ချင်းအားပြန်တက်လာပါလိမ့်မယ်။ ပြောပြီး တကယ်လုပ်ပါ။ တကယ်လုပ်ဖို့လိုသလို ဇွဲရှိရှိလုပ်ဖို့လုပ်ပါတယ်။ ပြီးတော့ ကိုယ်လုပ်နိုင်တယ်…….ကိုယ်ကျော်ဖြတ်နိုင်တယ်……ကိုယ်အောင်မြင်နိုင်တယ်လို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်ထားပါ။ ကိုယ့်ကိုကိုယ်ယုံကြည်နေတဲ့သူက သူများထက်ကို ပိုပြီး ခွန်အားပြည့်နေတတ်ပါတယ်။ မယုံမရှိနဲ့နော်……..ခုပဲပြောလိုက်ပါ။ ၅) အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ။ သင့်ဘဝရဲ့အခက်ခဲဆုံးနေ့ရက်တွေမှာ အောင်မြင်မှုကို စိတ်ကူးယဉ်ကြည့်နေတာက သင့်ကိုပြန်လည် အားတက်စေနိုင်ပါတယ်။ “သင့်ရဲ့ရည်မှန်းထားတာတွေဖြစ်လာတဲ့အခါ…… သင်ဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ………. သင်အောင်မြင်ချင်တာတွေအောင်မြင်လာမယ့်အချိန်…………” စသည်ဖြင့် စိတ်အညစ်နေဆုံးအချိန်မှာ အဲလိုလေးတွေးပြီး မြင်ယောင်ကြည့်လိုက်တာက ပြန်အားတက်လာစေပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့………မြင်ယောင်ပြီး စိတ်ကူးယဉ်နေရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ ဒီနေရာမှာ အောင်မြင်မှုကို မြင်ယောင်စိတ်ကူးယဉ်ကြည့်ခြင်းက သင့်ရဲ့စိတ်ဓာတ်တက်ကြွလာဖို့ ကူညီနိုင်တာတစ်ခုပဲ။ စိတ်ဓာတ်ပြန်လည်တက်ကြွလာတဲ့နောက်တော့ အောင်မြင်မှုဆီ၊ သင်ဖြစ်ချင်တာတွေဆီသွားမယ့်လမ်းပေါ်မှာ ပြန်ထပြီး လမ်းလျှောက်ပါ။ ၆) ကိုယ့်ကိုကိုယ်အားပေးပါ။ တလောကလုံးကလူတွေက သင်ကို အားမပေးပါစေနဲ့၊ ကိစ္စမရှိပါဘူး….သင့်ကိုသင်အားပေးနေဖို့သာအရေးကြီးတာပါ။ ကျွန်တော့်တို့ အခက်အခဲတွေကြုံလာတိုင်း “ကိုယ်ကြိုးစားနေတာပဲ……ဒါတွေက အခိုက်အတန့်ပါ၊ ပြီးတော့လည်း ပြီးသွားမှာပါပဲ၊ ဆက်ကြိုးစားခြင်းဖြင့် ကျော်ဖြတ်ရမှာပဲ။” ဆိုတာကို သင်သိထားရပါမယ်။ အမြဲတွေးနေရပါမယ်။ အမြဲသင့်ကိုသင်အားပေးနေဖို့က အရေးကြီးပါတယ်။ သင့်ကိုသင်တောင်အားမပေးနိုင်တော့ဘူးဆိုရင် ဘုရားတောင်မှ လာကယ်လို့မဖြစ်နိုင်တော့ပါဘူး။ တကမ္ဘာလုံးကလူတွေ အားမပေးရင်တောင်နေပါစေ၊ ငါ့ဟာငါအားတင်းမယ်…..ဆိုတဲ့စိတ်မွေးပါ။ အထက်ပါအချက်လေးတွေကြောင့် သင့်ရဲ့နံနက်စာတောင်စားဖို့မရှိလောက်အောင် ခက်ခဲနေတဲ့နေ့ရက်လေးတွေမှာ ခွန်အားသေးသေးလေးဖြစ်နိုင်ခဲ့ရင် ကျေနပ်နိုင်ပါပြီ။ ဒီနေ့နံနက်စားဖို့မရှိခြင်းက နောက်နေ့အထိမဖြစ်ပါစေနဲ့နော်။ ခုပဲလုပ်စရာရှိတာလုပ်ပြီး အားတင်းကျော်ဖြတ်လိုက်ပါတော့။#BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကျောင်းထုတ်ခံရရင် ဘဝကြီးဆုံးပီလား???

ကျွန်တော်တို့ရဲ့ဘဝမှာ ကျရှုံးမှုတွေအများကြီး ကြုံခဲ့ဖူးမှာပါ။ ခုထိလည်း ကြုံနေဆဲဖြစ်နေအုံးမှာပါ၊ နောင်လည်း ကြုံနိုင်သေးတာပါပဲ။ အရေးကြီးတာက ကျရှုံးမှုတွေတိုင်းမှာ ပြန်လည်ထူမတ်နိုင်ဖို့ပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အထူးသဖြင့် ငယ်ငယ်လေးတည်းက မိဘတွေဆုံးမနေကျစကား ရှိပါတယ် “ကျောင်းမှန်မှန်တက်ပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစား…..” ဆိုတဲ့စကားပါ။ ကျွန်တော်တို့ကလေးဘဝတည်းက အမြဲရင်းနှီးနေတာက ကျွန်တော်တို့ဘဝမှာ ကျောင်းစာကြိုးစားမှ ပညာတတ်ဖြစ်မယ်၊ အဲဒါသည်သာ ပညာဖြစ်ပြီး၊ ထိုပညာကသာ ကျွန်တော်တို့ရဲ့ဘဝကို မြှင့်တင်ပေးလိမ့်မယ်၊ ဆိုတဲ့အတွေးပါပဲ။ ထိုအတွေးမျိုးကို များသောအားဖြင့် မိဘတိုင်းလိုလိုက သားသမီးတွေကို ပြောနေကျဖြစ်မှာပါ။ ဘာကိုမှ မသိနားမလည်သေးတဲ့ကလေးဘဝမှာတော့ ကျောင်းမှန်မှန်တက်မယ်……စာကြိုးစားမယ်…….ဆရာဝန်ကြီးဖြစ်မှ၊ အင်ဂျင်နီယာကြီးဖြစ်မှ အောင်မြင်မယ်လို့ ယုံကြည်နေခဲ့ကြတာပေါ့။ တစ်ချို့သောမိဘတွေက သားသမီးကိုနားလည်စွာနဲ့ သူတို့အိပ်မက်ကို သူတို့ကိုယ်တိုင် မက်ခွင့်၊ ပုံဖော်ခွင့် ပေးတတ်ကြပါတယ်။ တစ်ချို့သောမိဘတွေကတော့ အထက်ကပြောခဲ့သလို ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ စသည်ဖြင့် သူတို့ချမှတ်ပေးထားတဲ့ အိပ်မက်လို့ထင်နေတဲ့ အိပ်မက်အတုအယောင်ကိုသာ ကလေးတွေရဲ့ခေါင်းထဲရိုက်ထည့်ပြီး ကြီးပြင်းစေတတ်ကြပါတယ်။ ဒီနေရာမှာ မိဘများကို အပြစ်ပြောချင်တာမျိုးမဟုတ်ဘဲ အိပ်မက်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတာကို ပြောချင်တာပါ။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးတွေသာ ဖြစ်စေချင်တာမို့ အကောင်းဆုံးထင်တာကိုသာ ဖြစ်စေချင်ကြတာပါ။ အဲဒီ့နေရာမှ စတင်ပြီး မိဘနဲ့သားသမီးကြားက ကွဲလွဲမှုတွေ စဖြစ်နိုင်တော့တာပါပဲ။ ကျောင်းမှန်မှန်တက်မှ၊ ကျောင်းမှာ အမှတ်ကောင်းမှ ထင်နေတဲ့မိဘများက သားသမီးကျောင်းကထွက်ရတဲ့အခါ စေတနာဇောနဲ့ ဆူပူအပြစ်တင်တဲ့အခါ သားသမီးတွေမှာ ကျောင်းကထွက်ရတာသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာပျက်စီးသွားပြီလို့ ခံစားရလာနိုင်ပါတယ်။ အလိုလိုမှ ကျောင်းကနေထွက်ရတဲ့အတွက် စိတ်ဖိစီးသည့်အချိန်မှာ မိဘကပါ ဆူပူတာမျိုးကြုံလာတဲ့အခါ မကောင်းသောအကျိုးဆက်တွေ တန်းစီပြီးဖြစ်လာနိုင်ပါတယ်။ အရေးကြီးဆုံးက ကျောင်းက ထွက်ရခြင်းသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာ ပျက်စီးခြင်း၊ ပြန်လည်မတည်ဆောက်နိုင်တော့ခြင်းမျိုး လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘဝဆိုတဲ့ကျောင်းမှာ အောင်မြင်ဖို့သာ အရေးကြီးပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ပညာတွေကို ရှာမှီးနိုင်ဖို့ အရေးကြီးပါတယ်။ ကျောင်းထွက်ရတဲ့အခါ……..ဘာဆက်လုပ်မလဲဆိုတဲ့ အမေးမျိုးကို ကြားဖူးကြမှာပါ။ ကျောင်းထွက်ရတဲ့အခါ လူငယ်လေးတွေမှာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်လေးတွေကို ငယ်စဉ်ကတည်းက ဘာကြီးဖြစ်ရမယ်….ဆိုပြီး တိုက်တွန်းထားကြတဲ့အတွက် မှန်းထားတာကြီးကမဖြစ်လာဘဲ ဘာဆက်လုပ်ရမှန်းမသိတော့တာမျိုးဖြစ်တတ်တာပါ။ အဲဒါရဲ့ ပြဿ နာက ဘဝနဲ့ပတ်သက်တဲ့ရည်မှန်းချက်မချမှတ်ထားလို့ပါ။ မိဘသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ပုံသေကားချလမ်းကြောင်းအတိုင်းသွားတယ်မဖြစ်လာတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။ ပုံသေကားချလမ်းကြောင်းကြောင့် ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့ အိပ်မက်သည် ဘာလဲဆိုတာ မသိကြတော့ပါဘူး။ အဲဒီ့တော့ အခု သင်ကျောင်းထွက်လိုက်ရပြီဆိုပါစို့……. ၁) ရည်မှန်းချက်ပန်းတိုင်က ဘာလဲ သိအောင်လုပ်ပါ။ သင်ကိုယ်တိုင်က ကျောင်းထွက်လိုက်ရလို့ စိတ်ဓာတ်ကျနေမှာ အမှန်ပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းပါပဲ၊ သင့်ရဲ့ကိုယ်ပိုင်အိပ်မက်ကို အခုမှ သင်တည်ဆောက်ခွင့်ရတာလို့တွေးပါ။ ပြီးတော့ သင့်အိပ်မက်ကို သင်ရှာဖွေပါ။ သင့်အိပ်မက်ဆိုတာက ထိုအလုပ်တစ်ခုကို ဘယ်တော့မှ မရိုးနိုင်ဘဲလုပ်ချင်နေတာမျိုး၊ ဒါမှမဟုတ် သင်အရမ်းသဘောကျနှစ်သက်တဲ့အလုပ်ကို သင်ကိုယ်တိုင်တည်ဆောက်ချင်နေတာမျိုးပါ။ ဥပမာ၊ သင်က ကဗျာတွေရေးနေရရင်ကို ပျော်နေတယ်ဆိုရင် သေချာပါတယ် အဲဒီ့အလုပ်က သင့်အိပ်မက်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က အသံကောင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ သင့်ပတ်ဝန်းကျင်က လူတိုင်းကပြောတယ်၊ သင်ကိုယ်တိုင်လည်း သီချင်းတွေဆိုနေရရင်ကို မောရမှန်းမသိဘူးဆိုရင်တော့ သေချာပါတယ် အဲဒါက သင့်ရဲ့အိပ်မက်ဖြစ်နိုင်ပါတယ်။ ၂) သင့်အိပ်မက်ကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့ နည်းလမ်းကို ရှာဖွေပါ။ စဉ်းစားပါ။ သင်ရဲ့အိပ်မက်ကို သိပြီဆိုတဲ့နောက်မှာ သင်တကယ်လုပ်ချင်တာမျိုးလား၊ တကယ်ပဲ တစ်ဘဝလုံးမှာ မညည်းမငြူလုပ်နိုင်ပြီး ထိုအလုပ်မှာ စိတ်နှစ်ရလေ ပိုပြီးပျော်ရွှင်ရလေဖြစ်မယ်ဆိုရင် သေချာပါတယ်၊ အဲဒါက သင့်ရဲ့အိပ်မက်အစစ်အမှန်ပါပဲ။ သင့်ကိုသင်ပြန်မေးပြီး သေချာပြီဆိုရင် နည်းလမ်းရှာပါ။ သင်က ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တာဆိုပါစို့……စီးပွားရေးနဲ့ပတ်သက်တာတွေ သင်လေ့လာရမယ်၊ ဘာသာစကား၊ စီမံခန့်ခွဲမှု စသည်ဖြင့် တဆင့်ခြင်း သင်ယူဖို့သင်တွေးရပါလိမ့်မယ်။ ၃) အခက်အခဲတွေ ကြုံရတိုင်းလက်မလျှော့ပါနဲ့။ ကမ္ဘာပေါ်မှာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အောင်မြင်နေတဲ့သူတွေအများကြီးပါ၊ ကိုယ်တိုင်က ဖြစ်ချင်တာက ကုမ္ပဏီပိုင်ရှင်ပါ၊ ငွေကြေးဥစ္စာမပြည့်စုံလို့ အရင်းအနှီးမရှိလို့ ဒီအိပ်မက်လုံးဝမဖြစ်နိုင်ပါဘူး လို့ ဘယ်သူပြောပြော ကိုယ်တိုင်ကဖြစ်အောင်လုပ်မယ့်စိတ်ထားပြီး ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က လက်လျှော့လိုက်ရင်တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ ကျောင်းထွက်ရလို့ လမ်းဘေးရောက်ရတယ်ဆိုတာက ကျောင်းထွက်ပြီးတာနဲ့ ဘဝအတွက် ဘာရည်မှန်းချက်ပန်းတိုင်မှ မသတ်မှတ်ဘဲ ကိုယ်တိုင်က လေလွှင့်ပစ်လိုက်လို့ပါ။ ကျောင်းထွက်ပြီး အောင်မြင်လာသူတွေရဲ့ သမိုင်းကြောင်းတွေ လိုက်ဖတ်ကြည့်လိုက်ပါ၊ ကျောင်းထွက်ပြီး လေလွှင့်နေခဲ့ရင် အောင်မြင်သူတောင်ဖြစ်လာမှမဟုတ်ပါဘူး။ အဲဒီ့တော့ သင်မှတ်ထားရမှာက ကျောင်းထွက်ရတိုင်း ဘဝမပျက်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင်ကဖျက်မှ ပျက်တာပါ။ ကျောင်းထွက်ရတာနဲ့ ဘဝပျက်ရတာ လုံးဝမသက်ဆိုင်ပါဘူးဆိုတာပါပဲ။ ၄) ဘယ်သူဘာပြောပြော ကိုယ်လုပ်ချင်တာသာ တစိုက်မတ်မတ်လုပ်ပါ။ ဆိုလိုချင်တာက ကိုယ်ဖြစ်ချင်တာက ဘာလဲဆိုတာသိပြီ၊ ကိုယ်သွားမယ့်လမ်းကြောင်းကို တစ်ဆင့်ချင်း ဘယ်လိုသွားမလဲဆိုတာကို ရှာနိုင်ပြီ၊ ဆက်ပြီးလုပ်ဆောင်သွားဖို့ပဲရှိတာကို အပျက်သဘောမျိုး ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့ပြောချင်တာပါ။ ကျောင်းကတော့ထွက်လိုက်ရပြီ….ဒါပေမယ့် ဘာလုပ်ရမှန်းမသိဘဲ ဘယ်သူဘာပြောပြောဂရုမစိုက်တာမျိုးကတော့ မိုက်မဲတာဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ ကိုယ့်ရဲ့ပန်းတိုင်က ကိုယ့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုခံစားရပေမယ့် အများအမြင်မှ ဘာမှအရာမရောက်တဲ့အရာမျိုးဖြစ်နေတာမျိုးဆိုရင် ကိုယ့်ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီး အပေါစားဆန်ဆန်စကားမျိုးကို နားမယောင်ဖို့ ပြောချင်တာပါ။ ဥပမာ သင်ကကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တယ်။ အရင်းအနှီးကလည်း တပြားမှမရှိပါဘူးဆိုရင် သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ရည်မှန်းချက်ကိုလှောင်ပြောင်ရယ်မောတာမျိုး၊ မဖြစ်နိုင်ပါဘူး…..လို့ ပြောတတ်တာမျိုး သင်ကြုံရမှာပါ။ အဲဒီ့အခါ ဘာအတွက်ကြောင့်မှ သူတို့စကားကိုနားမယောင်ပါနဲ့။ သင်တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးပါ၊ သင်ရှာဖွေနိုင်ဖို့နဲ့ တကယ်လုပ်နိုင်ဖို့ပဲလိုတာပါ။ entrepreneurs တွေဘယ်လိုလုပ်အောင်မြင်လာသလဲ…..။ တကယ်မလုပ်ဖူးသေးတဲ့သူတွေ၊ လုပ်ဖို့လည်း စိတ်ကူးမရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူးပဲပြောတတ်ကြတာပါ။ တကယ်လုပ်ပြီး တကယ်ဖြစ်သွားတဲ့သူတွေကျတော့ အားလုံးအံ့အားသင့်သွားကြရတာပါပဲ။ အဲဒီ့တော့ ကိုယ်သွားမယ့်လမ်းကြောင်းမှာ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ၅) ဇွဲရှိရှိ ကြိုးစားပါ ပန်းတိုင်သတ်မှတ်တာက ကိုယ်သွားမယ့်လမ်းကြောင်းကိုသတ်မှတ်တာပါ၊ ဘာဆက်လုပ်မလဲ….ကိုယ့်ပန်းတိုင်နဲ့နီးစပ်ရာကို ရှာဖွေတာက ကိုယ်သွားမယ့်လမ်းကြောင်းကို စပြီးခြေလှမ်းလှမ်းလိုက်တာပါပဲ။ တစ်လှမ်းခြင်းကစလို့ ပန်းတိုင်ထိရောက်အောင်တော့ ကျားကုတ်ကျားခဲသွားရမှာက ကိုယ့်ရဲ့ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ဓာတ်နဲ့ဆိုင်တာပါ။ ကျောင်းတက်ခြင်းမတက်ခြင်း၊ အဆင့်မြင့်ဘွဲ့ယူခြင်းမယူခြင်းကတော့ ဘဝရဲ့တစ်စိတ်တစ်ဒေသအဖြစ်သာ ပါဝင်ပတ်သက်နေတာပါ။ တကယ်လို့များ သင်တက်နေတဲ့ကျောင်းက သင်ရည်မှန်းချက်အတွက် တက်နေတဲ့ကျောင်းဖြစ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါဆိုရင်တော့ ဒီလိုရည်မှန်းချက်ကိုရောက်အောင်ပို့ဆောင်ပေးမယ့် ကျောင်းမျိုးကိုတော့ ကျားကုတ်ကျားခဲအောင်မြင်အောင် ကြိုးစားရမှာ သင့်တာဝန်ပေါ့။ တစ်ခါ ကျရှုံးသွားတဲ့အခါ သင့်ရဲ့ဇွဲက မလုံလောက်သေးလို့….တွေးပါ၊ နှစ်ခါကျရှုံးလည်း မလုံလောက်သေးပါလား….။ အခါခါ မလုံလောက်နိုင်ဘူးဆိုတာမရှိပါဘူး။ နောက်ဆုံးတော့ ဇွဲဆုရသွားတာချည်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဇွဲရှိရှိကြိုးစားရမှာ သင့်တာန်ပါ။ ၆) အောင်မြင်အောင် လုပ်ပါ။ ဘယ်အလုပ်မဆို အိပ်မက်ကိုတော့ အကြီးကြီးမက်ပါ။ သေးသေးလေးက စတွေးပြီးလုပ်ဆောင်ပါ။ အဆုံးထိအောင်မြင်အောင် လုပ်ဆောင်မယ့်စိတ်ကိုမွေးပါ။ လမ်းတစ်ဝက်မှာတင် ကျရှုံးမှုတွေကြောင့် အရှုံးပေးတော့မယ်ဆို ကိုယ့်ရည်မှန်းချက်က ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတဲ့သူတွေကို မြင်ယောင်ကြည့်လိုက်ပါ။ တကယ်ပဲ သင်လက်လျှော့တော့မှာလား။ သူတို့ပြောခဲ့တဲ့စကားတွေက အမှန်တွေဖြစ်လာတော့မှာလား။ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ပြန်တွေးပြီး ပြန်စတင်ပါ။ အောင်မြင်မှုကို မြင်ယောင်ပါ။ တကယ်ဖမ်းဆုပ်နိုင်အောင်လုပ်ပါ။ သင်တကယ်အောင်မြင်သွားတဲ့အခါ သင့်ကိုမဖြစ်နိုင်ဘူးပြောတဲ့သူတွေ ဘာပြောမှာပါလိမ့်။ အဲလိုတွေးလိုက်တာက သင့်ကို လဲကျနေရင်တောင် ပြန်ထလာစေနိုင်ပါတယ်။ ကျောင်းထွက်ရမှတော့ ဘဝပျက်ပြီပေါ့……လို့ အပြောခံဖူးလား။ အဲဒါက မမှန်ကြောင်းကို သင်ကစပြီး လုပ်ပြလိုက်ပါ။ သူတို့တွေအံ့အားသင့်သွားအောင်ပေါ့။ အဲဒီ့အခါ သင်နိုင်သွားပါပြီ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျောင်းကထွက်ခြင်းကြောင့် ဘဝကြီးတစ်ခုလုံး မပျက်စီးနိုင်ပါဘူးဆိုတာပါပဲ။ အထက်မှာပြောထားတဲ့ ခေါင်းစဉ်လေးတွေအတိုင်း ကျင့်သုံးသွားရင် ကျောင်းကထွက်ပေမယ့်လည်း တစ်နေ့မှာ သင်က အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ ကဲ….သင်ရည်မှန်းချက်ကို ရောက်အောင် သွားနိုင်ဖို့ ဒီနေ့ပဲစတင်ပြီး ခြေလှမ်းစလှမ်းလိုက်ပါတော့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပထမဆုံး ရီးစားနဲ့ ပြတ်သွားလို့ နာကျင်ခံစားနေရတာတွေက ဘယ်တော့မှပြီးမှာလဲ။

လူတိုင်းမှာ ပထမဆုံးရည်းစားထားဖူးမယ်ထင်ပါတယ်။ အဲလိုပြောလိုက်တာနဲ့ မျက်လုံးထဲတန်းမြင်သွားတာမျိုးလား၊ ဘယ်သူမှန်းတောင်မသိတော့တာမျိုးလား၊ အသံလေးပဲမှတ်မိပြီး မျက်နှာတောင်ရေရေရာရာမမှတ်မိတော့တာမျိုးလား ခုစာဖတ်နေရင်းနဲ့တွေးမိမယ်ထင်ပါတယ်နော်။ ၁) နောက်တစ်ယောက်ထားတဲ့အချိန်မှာ ခံစားချက်တွေပြီးဆုံးသွားတဲ့သူ သူကတော့ ပထမဆုံးရည်းစားကို နှစ်နှစ်ကာကာချစ်ခဲ့တာပါပဲတဲ့။ ပြတ်သွားတော့လည်း နာကျင်ခံစားရတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်မနှိပ်စက်ချင်တော့ နောက်ထပ်ရည်စားတစ်ယောက်ထပ်ထားလိုက်တဲ့အချိန်မှာ ပထမရည်းစားနဲ့ပတ်သက်တာမျိုးတွေကို သက်သာသွားတတ်တဲ့သူမျိုးပါ။ သူ့လိုလူမျိုးအတွက် ခံစားချက်တွေသက်သာဖို့ နောက်ထပ်ချစ်သူတစ်ယောက်ထပ်ထားလိုက်တာက ကောင်းပေမယ့် ဒုတိယလူအနေနဲ့သိသွားရင်တော့ ဒုတိယဖြစ်တဲ့ခံစားချက်က အဲလောက်မဆိုးနိုင်ပေမယ့် ခံစားချက်သက်သာဖို့ ကြားခံတစ်ခုလိုသဘောထားချစ်ပြတာကြီးကိုတော့ နာကျင်မိပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်ရဲ့ပထမဆုံးရည်းစားနဲ့ပတ်သက်တဲ့ခံစားချက်တွေ သက်သာစေဖို့ နောက်တစ်ယောက်ထပ်ထားတာမျိုးတော့ လုပ်ဖို့ အားမပေးချင်ပါဘူး။ ကိုယ်တိုင်ကိုကော အခြားတစ်ယောက်က သူ့ရဲ့ခံစားချက်တွေပျောက်ဖို့အတွက် အသုံးချတယ်ဆိုရင် ကိုယ်တိုင်လည်း ကြိုက်မှာမဟုတ်ဘူးလေနော်။ ပြီးတော့လည်း ထိုလူမျိုးအတွက် ထိုခံစားချက်က အပြတ်မေ့ပျောက်နိုင်မယ်မထင်ပါဘူး။ ၂) အိမ်ထောင်ပြုတဲ့အခါ ခံစားချက်တွေအားလုံးမေ့ပစ်သွားတဲ့သူ ဒုတိယလူတစ်မျိုးကတော့ အိမ်ထောင်ပြုလိုက်တဲ့အချိန်မှာ ပထမဆုံးရည်းစားကို မေ့ပစ်သွားနိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အိမ်ထောင်ကျတဲ့အခါ မိန်းမအတွက်၊ အိမ်အတွက်၊ ကလေးအတွက် ငွေရှာဖို့ စီးပွားရေးနဲ့လုံးပမ်းရင်း သူထားခဲ့တဲ့ပထမဆုံးရည်းစားကို “အော် …..ငါထားခဲ့ဖူးတဲ့ရည်းစာပါလား” ဆိုတဲ့အတွေးလေးလောက်ပဲတွေးမိနိုင်တော့ပါတယ်တဲ့နော်။ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီးတွေးကြည့်လိုက်ရင် ဦးနှောက်မှာ တခြားဘာကိုမှစဉ်းစားဖို့မရှိတော့ဘဲ တစ်စုံတစ်ခုကိုသာ အာရုံစိုက်ရတဲ့အခါ ပထမဆုံးရည်းစားကို မေ့သွားတာမျိုးဖြစ်နိုင်တယ်ဆိုတာကိုပါ။ အဲဒီ့တော့ ပထမဆုံးရည်းစာကိုမေ့ချင်တဲ့သူတွေ အလုပ်တွေရှုပ်သထက်ရှုပ်အောင်လုပ်တာမျိုး၊ သင်တန်းတစ်ခုပြီးတစ်ခုတက်တာမျိုးတွေလုပ်ပြီးဦးနှောက်ကိုအလုပ်ပေးလိုက်ပါနော်။ ၃) တိုက်ဆိုက်တာကြုံလာတဲ့အခါ သတိရတတ်သူမျိုး ဒီလူမျိုးကတော့ အသည်းကွဲကွဲခြင်းမှာတော့ တသသ သတိရနေတတ်ပေမယ့် သွေးအေးသွားတဲ့အခါကျရင်တော့ တိုက်ဆိုက်မှုတွေရှိလာမှ သတိပြန်ရတတ်ပါတယ်တဲ့။ လုံးဝကြီးပူဆွေးဝမ်းနည်းနေတာမျိုးတော့မဟုတ်ပေမယ့် တိုက်ဆိုင်မှုတွေရှိလာရင်တော့ သတိပြန်ရတတ်တာမျိုးမို့ သိပ်ခံစားရတာမျိုးတော့မဟုတ်တော့ပါဘူး။ ပထမဆုံးရည်းစားဆိုတော့ ဦးနှောက်ထဲက လုံးဝထုတ်ပစ်ဖို့ကတော့ မလွယ်တတ်ဖူးလို့တော့ ပြောတတ်ကြပါသေးတယ်။ ရည်းစားဦးကို မြေးဦးရတဲ့အထိတောင် မမေ့ဘူး လို့ပြောတတ်ကြတာမျိုးပေါ့။ ၄) ဘယ်တော့မှမမေ့တတ်တဲ့သူမျိုုး ဘယ်တော့မှမမေ့တတ်ပေမယ့် ကိုယ်ကိုကိုယ် အတတ်နိုင်ဆုံး ရသလောက် ပြန်လည် ဆောက်တည်တတ်တဲ့သူမျိုးပါ။ သူ့အတွက် ရည်းစားဦးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးတဲ့။ ဒါပေမယ့် လွမ်းဆွေးပြီးလည်း ထိုင်ငိုင်မနေတတ်တဲ့သူမျိုးပါ။ လွမ်းစရာတွေ့လာရင်လွမ်းလိုက်တယ်။ တစ်နေ့တာလုပ်ဆောင်စရာရှိတာလုပ်ဆောင်နေရင်း ကိုယ့်ဘဝရဲ့ကျန်တဲ့နေ့ရက်တွေကို အားတင်းပြီးလျှောက်လှမ်းနေလျက်ပါပဲ။ ကိုယ့်ဘဝအတွက် တိုးတက်အောင်လုပ်ဆောင်နေရင်းနဲ့ တည်ငြိမ်သွားတဲ့သူမျိုးပါ။ ခံစားချက်ကို ရင်ထဲမှာ မြိုသိပ်ထားရင်းနဲ့ ကိုယ့်ကိုကိုယ်လည်း ပျော်အောင်နေရင်း၊ ဘဝအတွက်လိုအပ်တာတွေလုပ်ဆောင်နေရင်းနဲ့ တဖြေးဖြေးအသားကျတည်ငြိမ်အောင်နေတတ်သွားတဲ့သူမျိုးပါ။ ထိုသူမျိုးကိုလည်း အက်မင်က ကောင်းတယ်လို့ထင်ပါတယ်။ ခံစားချက်ကို မြိုသိပ်ထားရင်း တည်ငြိမ်အောင်ကြိုးစားတတ်ဖို့ဆိုတာမလွယ်သလို၊ ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေနိုင်ဖို့ကလည်း တကယ်မလွယ်ပါဘူးနော်။ အသည်းကွဲလို့ ဘဝတွေပျက်မတတ်ခံစားနေတာမျိုး၊ အသည်းကွဲလို့ ဘဝပါပျက်စီးသွားတဲ့သူမျိုးထက် ဒီလိုလူမျိုးကို ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီလိုမျိုးနေနိုင်သွားအောင်လည်း ကြိုးစားသင့်ပါတယ်။ ကိုယ်အရမ်းချစ်ရသူက ကိုယ့်အတွက်တောင်မစဉ်းစားဘဲလမ်းခွဲသွားတဲ့အချိန်မျိုးမှာ ကိုယ်ကလည်း အသည်းတွေကွဲပြီး လေလွှင့်နေလို့ အဓိပါ္ပယ်မရှိပါဘူးနော်။ ကိုယ့်ကိုကိုယ်လည်းနှိပ်စက်နေသလိုဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်သနားတယ်ဆိုရင် အတတ်နိုင်ဆုံးအသည်းကွဲဝေဒနာကိုခံစားပါ၊ ပြီးရင် တည်ငြိမ်အောင်ပြန်လည်တည်ဆောက်ပါ။ ဘဝက ပိုပြီး တောက်ပလာပါလိမ့်မယ်။ ၅) လုံးဝပြန်မတွေးတော့တဲ့သူမျိုး သူကတော့ အကောင်းဆုံးလို့ ထင်မိပါတယ်။ ပြန်တွေးရင် သတိရတတ်မှာပါပဲ၊ တိုက်ဆိုင်ရင်တော့ သတိရတတ်မှာပါပဲ၊ အဲလိုတွေသတိမရတော့အောင် ပထမဆုံးရည်းစားအကြောင်းကို ပြန်မတွေးတော့တဲ့သူမျိုးပါ။ ထိုလူမျိုးတွေကျတော့ အဲလိုပြန်တွေးပြီး တသသဖြစ်နေခြင်းက လက်ရှိချစ်သူ ဒါမှမဟုတ် လက်ထပ်ထားတဲ့အိမ်ထောင်ဖက် အပေါ်ကို မတရားရာကျတယ်လို့တွေးပြီး ပထမဆုံးရည်းစားကို အပြတ်မေ့ပစ်လိုက်တဲ့သူမျိုးပါ။ အက်မင်ကတော့ ထိုကဲ့သို့လူမျိုးကို ပိုပြီးသဘောကျပါတယ်။ အဲဒါက တရားတယ်လို့လဲထင်ပါတယ်။ လူတိုင်းက ကိုယ့်လမ်းကိုယ်အကောင်းဆုံးဖြစ်အောင်လျှောက်နေကြတာပဲမဟုတ်လား။ ပြန်လည်းပြုပြင်ယူလို့မရတော့တဲ့အတိတ်ကို ပြန်ပြီးပူဆွေးနေလို့ စိတ်ညစ်ရတာပဲအဖတ်တင်မှာမဟုတ်လား။ ခုလက်ရှိချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို အကောင်းဆုံးဖြစ်အောင် အပြန်အလှန်ပြုမူနေထိုင်တာမျိုးက ကိုယ့်အတွက်ပိုကောင်းသလို ကိုယ့်ချစ်သူအတွက်လည်း ပိုကောင်းပါတယ်။ ကိုယ့်ဘဝအတွက် မဆိုင်တော့တဲ့သူမျိုးကို ဖယ်ထုတ်နိုင်ခြင်းကလည်း ဘဝရဲ့ပေါ့ပါးခြင်းပါပဲ။ စာဖတ်သူကကော ဘယ်အမျိုးအစားထဲမှာပါမလဲ၊ ပထမဆုံးထားတဲ့ ရည်းစားနဲ့ပတ်သက်တဲ့ခံစားချက်တွေကတော့ လူတိုင်းလိုလိုမှာ တစ်ယောက်တစ်မျိုးဖြစ်နေကြမယ်ထင်ပါတယ်။ အဲဒီ့အထဲက ဖြစ်နိုင်ခြေအများဆုံးဖြစ်မယ့် အမျိုးအစား ၅ မျိုးကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ ၅ယောက်မြောက်အမျိုးအစားထဲမှာပါဖို့ အားလုံးပဲကြိုးစားနိုင်ကြပါစေ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ပျော်ရွှင်သောဘဝ

စာဖတ်ချင်စိတ်ပျောက်နေရင် ပြန်စိတ်ပါလာအောင် ဘယ်လိုလုပ်မလဲ။

“The more that you read, the more things you will know. The more that you learn, the more places you’ ll go” – Dr. Seuss “စာတွေများများဖတ်လေ သင်သိတဲ့အရာတွေပိုများလာလေပဲ၊ သင် ပိုပြီးသင်ယူလာနိုင်သလို၊ နေရာစုံကိုလည်း သင် ရောက်ဖူးသွားတာပါပဲ။” လို့ စာရေးဆရာDr. Seuss က ပြောထားပါတယ်။ ထိုစကားလေးက မှန်ပါတယ်၊ စာအုပ်တွေများများဖတ်ခြင်းက သင့်ကို သင်ယူစရာတွေအများကြီးကို သင်ပေးနိုင်သလို၊ နေရာစုံကိုလည်း သင်ရောက်ဖူးသွားမယ်၊ သင်မသိသေးတာတွေလည်း စာအုပ်တွေထဲက ပိုသိသွားမယ်။ စာအုပ်တစ်အုပ်ဖတ်ခြင်းရဲ့ အကျိုးက ပြောမပြနိုင်အောင် များပြားလှပါတယ်။

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ပျော်ရွှင်သောဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အောင်မြင်သောသူများတွင် တွေ့ရသော နေ့စဉ်လုပ်လေ့လုပ်ထရှိသော အကျင့်ကောင်းများ

အောင်မြင်သူတွေနဲ့ ပုံမှန်လူတွေမှာ မတူညီတဲ့အချက်တွေရှိနေပါတယ်။ အဲဒါကြောင့်သာ လူတကာထက်အောင်မြင်သူတွေဖြစ်လာတာမဟုတ်လား။ သင်ကော အောင်မြင်သူတွေက ဘယ်လိုအခြေခံအကျင့်ကောင်းတွေ နေ့စဉ်ကျင့်သုံးပြီး အောင်မြင်လာကြသလဲဆိုတာ မသိချင်ဘူးလား။ အောင်မြင်သူတွေနေ့စဉ်လုပ်လေ့လုပ်ထရှိသောအကျင့်ကောင်းလေးတွေကို အောက်မှာဖော်ပြပေးထားပါတယ်နော်။ ၁) နေ့စဉ်စာဖတ်ခြင်း အောင်မြင်သူတွေမှာ နေ့စဉ်စာဖတ်ချိန်သတ်မှတ်ထားပြီး စာဖတ်လေ့ရှိပါတယ်။ စာဖတ်ခြင်းကြောင့် သူတို့ရဲ့ဘဝမှာပြုပြင်ဖို့လိုအပ်နေတာတွေသိလာနိုင်သလို၊ အသိပညာ ဗဟုသုတတွေ အမြဲရှာမှီးပြီးသားဖြစ်နေစေပါတယ်။ အောင်မြင်သူတွေက သူတို့ကိုယ်သူတို့နေ့စဉ် အသိပညာ၊ ဗဟုသုတတစ်ခုမဟုတ်တစ်ခုရစေဖို့ အမြဲစာဖတ်တတ်ကြပါတယ်။ ၂) မနက်စောစောထတတ်ခြင်း အောင်မြင်သူတွေက နေ့တစ်နေ့ရဲ့ မနက်ခင်းဟာ တစ်နေ့တာအတွက် စီစဉ်ဖို့ အကောင်းဆုံးအချိန်ဆိုတာ သိကြပါတယ်။ အဲဒါကြောင့် မနက်ကိုစောစောထပြီး ကိုယ့်အတွက်အချိန်ပိုယူတတ်သလို စီစဉ်စရာကို ခေါင်းအေးအေးနဲ့စီစဉ်တတ်ကြပါသေးတယ်။ ၃) အချိန်ဇယားဆွဲထားတတ်ခြင်း၊ ဘယ်အလုပ်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာမျိုး လုပ်ခါနီးမှ ဇဝေဇဝါဖြစ်မနေရအောင် ကြိုတင်စီစဉ်ထားတတ်ကြပါတယ်။ တစ်နေ့တာလုပ်ရမယ့်အလုပ်များကို အချိန်ဇယားဆွဲထားတတ်သလို၊ တစ်လစာလုပ်ရမယ့်အလုပ်များ၊ နှစ်ပြည့်ရင် ဘာဆက်လုပ်မလဲဆိုတာမျိုးတွေနဲ့ ပုံစံတကျဘဝကိုဖြတ်သန်းတတ်ကြလို့ အောင်မြင်ကြတာပါ။ ၅) အချိန်ကို စီမံတတ်ခြင်း အောင်မြင်သူတွေက သာမန်လူတွေထက်အောင် အလုပ်များတတ်ကြပါတယ်။ အဲလိုများပြားတဲ့အလုပ်တာဝန်တွေကို အချိန်နဲ့တပြေးညီပြီးဆုံးအောင်လည်း လုပ်နိုင်ဖို့ အချိန်ကို စီမံတတ်ကြပါသေးတယ်။ အဲဒါကြောင့် အချိန်ကုန်သက်သာပြီး အလုပ်လည်းမြန်မြန်ပြီးလို့ အောင်မြင်သူတွေက အောင်မြင်သထက်အောင်မြင်လာတာပါ။ ၆) နေ့စဉ်ရည်မှန်းချက်သတ်မှတ်ထားခြင်း၊ လစဉ်ရည်မှန်းချက်သတ်မှတ်ထားတတ်ခြင်း နေ့စဉ် ပြီးဆုံးသင့်သော ရည်မှန်းချက်သတ်မှတ်ထားတတ်ပါတယ်။ အဲဒါမှ သတ်မှတ်ထားတဲ့ရည်မှန်းချက်တွေပြီးဆုံးလား၊ မပြီးဆုံးလား ရှင်းလင်းစွာသိမြင်လာတဲ့နောက်တော့ ဘာဆက်လုပ်ရမလဲဆိုတာ ရှင်းလင်းစွာသိမြင်လာမှာပါ။ ၆) အတွေးအခေါ်အကြံဉာဏ်များ ဖလှယ်တတ်ခြင်း သာမန်လူတွေက လူတွေအကြောင်းကိုဆွေးနွေးပြီး အောင်မြင်သူတွေကတော့ အကြံဉာဏ်တွေအကြောင်းဆွေးနွေးတတ်ကြပါတယ်။ အောင်မြင်သူချင်းလည်း ရန်သူပြိုင်ဘက်လို့ ဘယ်တော့မှမမြင်တတ်ကြဘဲ မိတ်ဆွေဖွဲ့တတ်ကြပြီး မိမိရဲ့အသိအမြင်နဲ့ အခြားသူရဲ့အသိအမြင်ကို ဖလှယ်ပြီးကိုယ်တိုင်ရဲ့အသိအမြင်ထပ်တိုးပွားအောင် ပညာယူတတ်ကြပါတယ်။ ၇) မိမိထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာသာ အာရုံစိုက်ခြင်း အောင်မြင်သူတွေက သူတို့မထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာ အချိန်ကုန်ခံပြီး ညည်းတွားမနေတတ်ကြပါဘူး။ သူတို့ထိန်းချုပ်နိုင်တဲ့အရာပေါ်မှာသာ အလေးအနက်အာရုံစိုက်ပြီး တိုးတက်အောင် လုပ်မယ့်နည်းလမ်းကို ရှာဖွေတတ်ကြပါတယ်။ ၈) လေ့ကျင့်ခန်းလုပ်ခြင်း အောင်မြင်သူတွေက ရေရှည်မှာ ဆက်လက်အောင်မြင်ဖို့ ကျန်းမာရေးက အရေးကြီးတယ်ဆိုတာလည်း သိကြပါတယ်။ ကျန်းမာရေးလည်း လိုက်စားတတ်ကြပါသေးတယ်။ ၉) ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသောက်တတ်ခြင်း ကျန်းမာရေးအရေးကြီးကြောင်းသိသလို ကျန်းမာရေးနဲ့ညီညွှတ်မျှတအောင်လည်း စားသောက်တတ်ကြပါတယ်။ ၁၀) အခြားသူများကို ခွင့်လွှတ်တတ်ပြီး၊ ချီးကျူးတတ်ခြင်း အောင်မြင်သူတွေမှာ အခြားသူတွေကို ခွင့်လွှတ်တတ်တဲ့အကျင့်လည်းရှိတတ်ပါသေးတယ်။ အခြားသူများရဲ့ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုတတ်ကြပြီး ချီးကျူးတတ်ကြပါသေးတယ် ၁၁) ဘဝအတွက်ရည်မှန်းချက်ပန်းတိုင်များ ချမှတ်တတ်ခြင်း သူတို့ဘဝမှာ ဘာဖြစ်လာရမယ်ဆိုတဲ့ရည်မှန်းချက် တိတိကျကျသတ်မှတ်ထားတတ်ကြပါတယ်။ အဲလိုသတ်မှတ်ထားတတ်ပြီး ဖြစ်မြောက်အောင်လည်းလုပ်ဆောင်တတ်ကြပါတယ်။ ၁၂) ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ခြင်း နေ့စဉ်လိုလို သူတို့ကိုသူတို့ပြန်လည်သုံးသပ်တတ်ပြီး အမှားရှိရင်လည်း ချက်ချင်းပြုပြင်တတ်ကြပါသေးတယ်။ အဲလို အမြဲကိုယ့်ကိုကိုယ်ပြန်သုံးသပ်တတ်ခြင်းကြောင့် ဘာတွေလိုအပ်နေလဲ၊ ဘာတွေထပ်လုပ်ရမလဲ၊ ဆိုတာမျိုးကို ပြန်မသုံးသပ်တတ်သူထက် ကိုယ့်ကိုကိုယ်ရှင်းလင်းစွာပြန်မြင်နိုင်ပါတယ်။ ၁၃) ပြောင်းလဲ၊ ပြင်လွယ်ခြင်း ကိုယ့်ကိုကိုယ်ပြုပြင်ယူဖို့ နောက်မတွန့်တတ်ကြပါဘူး။ ပြောင်းလဲပစ်ဖို့လည်း ဝန်မလေးတတ်ကြပါဘူး။ အမှားတစ်ခုတွေ့တာနဲ့ ချက်ချင်းပြောင်းလဲပစ်လိုက်ဖို့၊ ပြုပြင်လိုက်ဖို့ ဝန်မလေးတတ်ကြလို့လည်း အောင်မြင်တတ်ကြပါတယ်။ ကိုယ်တိုင်လည်း အောင်မြင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အောင်မြင်သူတွေရဲ့အကျင့်ကောင်းလေးတွေကို ဖတ်ကြည့်ပြီး ကိုယ်တိုင်လည်း လိုက်နာကျင့်သုံးကြည့်လို့ရပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ကိုယ်တိုင်ပြောင်းလဲလာတာကိုလည်း အံ့အားသင့်ဖွယ်မြင်တွေ့ရပါလိမ့်မယ်နော်။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကျောင်းချိန်ပြီးသွားလျှင် ကျောင်းသားတွေအနေနဲ့ ဘာတွေဆက်လုပ်သင့်ပါသလဲ။

ခုလက်ရှိ ခေတ်ရဲ့တိုးတက်မှုတွေက မြန်ဆန်လွန်းတဲ့အတွက် ခေတ်ကိုအမှီလိုက်နိုင်ဖို့ကို အချိန်နဲ့တပြေးညီကြိုးစားလာကြရပါတယ်။ အဲဒီ့အခါ ကျောင်းသားလူငယ်တွေလေးတွေပါ ခေတ်ကိုအမှီလိုက်နိုင်ဖို့ ကျောင်းချိန်ပြီးတာနဲ့ အခြားနည်းပညာသင်တန်းများ၊ ဘာသာစကားသင်တန်းများပါ တက်ထားကြရပါတော့တယ်။ အချိန်နဲ့တပြေးညီတိုးတက်ချင်လာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ဖိစီးလာကြတော့တာပါပဲ။ ကျောင်းချိန်ပြီးတာနဲ့ ကျောင်းသားတွေအနေနဲ့ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးအတွက် ဆက်လုပ်သင့်တာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁) စိတ်လွတ်ကိုယ်လွတ်နားပါ။ ကျောင်းမှာ စာတွေကို အာရုံစိုက်လာရတဲ့အတွက် အိမ်ရောက်တဲ့အချိန်တစ်နာရီလောက်ကို စိတ်လွတ်ကိုယ်လွတ်အနားယူသင့်ပါတယ်။ အဲဒါမှသာ နောက်ထပ်အာရုံစိုက်ရမယ့်ကိစ္စတွေမှာ အာရုံစူးစိုက်မှုအားကောင်းလာမှာဖြစ်ပါတယ်။ ကျောင်းကပြန်၊ တခြားသင်တန်း တန်းတက်၊ ကျူရှင်ဆက်တက် စသည်ဖြင့် လုပ်လိုက်ခြင်းက ဦးနှောက်ကို ပိုပြီး ဖိစီးလာအောင်လုပ်လိုက်တာဖြစ်တဲ့အတွက် ဦးနှောက်ရဲ့အာရုံစိုက်နိုင်စွမ်းကျဆင်းလာပါတယ်။ ၂) ရေချိုးပါ။ ရေချိုးပစ်လိုက်တာက လန်းဆန်းသွားစေနိုင်ပါတယ်။ ဆက်လုပ်မယ့်အလုပ်တွေကိုလည်း အာရုံစိုက်မှုပိုကောင်းပါတယ်။ ၃) စာဖတ်ပါ။ စာဖတ်တဲ့ကလေးတစ်ယောက်ကို စာအုပ်တွေက ထိန်းကျောင်းပေးသွားနိုင်ပါတယ်။ စာဖတ်ရင်း အလိုလိုသုံးသပ်ဖြစ်နေတဲ့အတွက် သူ့ဘဝမှာ သူ့ကိုယ်သူသုံးသပ်ဖို့ အကျင့်ရပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် မကောင်းတာလုပ်မိရင်တောင် ပြုပြင်ဖို့ ပြောစရာမလိုတော့ပါဘူး။ စိတ်ကိုလည်း တည်ငြိမ်စေတဲ့အတွက် စာဖတ်တဲ့ကလေးက အလိုလိုတည်ငြိမ်ပြီးသားဖြစ်နေစေပါတယ်။ ၄) သီချင်းနားထောင်ပါ။ စိတ်အပန်းဖြေဖို့အတွက် သီချင်းနားထောင်ပါစေ။ ကျောင်းကပြန်လာတဲ့အချိန်မှာ တစ်နာရီနှစ်နာရီခန့်က သူတို့စိတ်ကြိုက်လုပ်ချင်ရာလုပ်ခွင့်ပေးထားခြင်းက စာလုပ်သင့်တဲ့အချိန်မှာ စာလုပ်ဖို့အတွက် ပိုပြီးနာခံတတ်စေပါတယ်။ အဲဒီ့တော့ စိတ်အပန်းဖြေဖို့သီချင်းနားထောင်တာမျိုးလုပ်ခွင့်ပေးပါ။ ၅) အားကစားလုပ်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုလုပ်ပါစေ။ သူတို့စိတ်ပါဝင်စားတဲ့အားကစားတစ်ခုခုလုပ်ပါစေ။ ဘောလုံးကန်တာမျိုး၊ ကြက်တောင်ရိုက်တာမျိုး၊ ရေကူးတာမျိုး၊ ဘောလီဘောပုတ်တာမျိုး စသည်ဖြင့် တစ်ခုခုကို စိတ်ပါလက်ပါ လုပ်ပါစေ။ အဲဒါက သူတို့ကို စိတ်ဖိစီးမှုကနေ လွတ်မြောက်စေပါတယ်။ ၆) ဝါသနာပါရာ တစ်ခုခုလုပ်ခွင့်ပေးပါ။ သီချင်းရေးတာ ဝါသနာပါရင် သီချင်းရေးတာမျိုး၊ ပန်းချီဆွဲတာ ဝါသနာပါရင် ပန်းချီဆွဲတာမျိုး၊ သူဝါသနာပါရာတစ်ခုခုကို ဖန်တီးခွင့်ပေးလိုက်ပါ။ ကိုယ်လုပ်ချင်တာလေးလုပ်နေရတဲ့အတွက် ပင်ပန်းတယ်လို့မထင်ဘဲ အပန်းဖြေသလိုဖြေစေပါတယ်။ စိတ်ကူးဉာဏ်လည်း ကွန့်မြူးလာနိုင်ပါတယ်။ ၇) မိဘကို ဝိုင်းကူခိုင်းပါ။ အမေဟင်းချက်နေတဲ့အချိန် သားသမီးကို ဝိုင်းကူခိုင်းတာမျိုးက မိဘနဲ့လည်း ပိုပြီး နွေးထွေးချစ်ခင်လာနိုင်သလို အမေဖြစ်သူ အိမ်အလုပ်တွေအလုပ်နိုင်တဲ့အချိန်မျိုးမှာ အကူအညီဖြစ်စေနိုင်ပါတယ်။ ဟင်းချက်ရင်း ဘယ်လိုချက်ပြုတ်ရတယ်၊ ဘာတွေထည့်သုံးရတယ် စသည်ဖြင့် သူတို့နဲ့ ပေါ့ပေါ့ပါးပါးလေးပြောပြရင်း သင်ပေးပြီးသွားဖြစ်သွားစေမှာပါ။ အိမ်သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးလည်း လုပ်ခိုင်းလို့ရပါသေးတယ်။ အဲဒါမှ နောက်ဆို မိဘကိုယ်တိုင်မလုပ်ဖြစ်တဲ့အချိန်မျိုးမှာ သူတို့အသိစိတ်ဓာတ်လေးနဲ့သူတို့ လုပ်ဖြစ်သွားမှာပါ။ ၈) အပင်စိုက်ခိုင်းပါ။ သားသမီးအတွက် ကိုယ်ပိုင်အပင်လေးတွေစိုက်ခွင့်ပေးပါ။ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေစိုက်တာမျိုးပေါ့၊ သူတို့ကိုယ်ပိုင်အပင်ကို သူတို့ဂရုစိုက်မိတဲ့အချိန်ဟာ သူတို့ရဲ့ စိတ်ဖိစီးမှုတွေပြေလျော့စေတဲ့အချိန်ပါပဲ။ ပန်းပင်လေးတွေဆိုလည်း ပန်းပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုး၊ အသီးအနှံလေးတွေ သီးပွင့်လာတဲ့အချိန်မှာ ရတဲ့ခံစားချက်မျိုးကို ခံစားတတ်သွားရင် စိတ်ဓာတ်လည်း နူးညံ့ပျော့ပျောင်းသွားတတ်ပါသေးတယ်။ သဘာဝကိုခံစားတတ်တဲ့စိတ်တွေ၊ အပင်တွေကို ချစ်ခင်တတ်တဲ့စိတ်တွေ ဖြစ်လာတဲ့အခါ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေအောင် ဂရုစိုက်တတ်တဲ့ သားသမီးလေးတွေဖြစ်လာမှာပါ။ အဲလိုမျိုး သဘာဝကိုခံစားတတ်ပြီး စိတ်သဘောထားပျော့ပျောင်းသွားတဲ့သူမျိုးက ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ရိုင်းစိုင်းသူဖြစ်မလာနိုင်တော့ပါဘူး။ သူတို့ရဲ့စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့ပြီးသားလည်းဖြစ်၊ ယဉ်ကျေးလိမ္မာတဲ့ကလေးငယ်လေးတွေလည်း ဖြစ်အောင် ပျိုးထောင်ပြီးသားဖြစ်တာပေါ့။ ကျောင်းစာအပြင် တခြားသောသင်တန်းတွေအတွက် ကျောင်းသားလူငယ်တွေကို အချိန်စီမံပေးဖို့ မိဘများမှာ တာဝန်ရှိပါတယ်။ အချိန်ကို စနစ်တကျစီမံပေးနိုင်မှသာ ဖိစီးမှုကင်းဝေးမှာဖြစ်ပြီး တိုးတက်သင့်သလောက်တိုးတက်မှာလည်းဖြစ်ပါတယ်။ #BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

စနေ၊တနင်္ဂနွေကိုရောက်ဖို့ စောင့်နေရတဲ့ အလုပ်ကနေထွက်လိုက်ပါ။

ဒီနေ့ခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက ပေါများလာသလို အလုပ်လက်မဲ့အရေအတွက်ကလည်း မနည်းပါဘူး။ တစ်ချို့ကကျတော့ ကိုယ်လိုချင်တဲ့အလုပ်နေရာမျိုးမဖြစ်တာနဲ့ ကိုယ်လိုချင်တဲ့လစာလောက်မရတာမျိုး၊ ကိုယ်နေတဲ့နေရာနဲ့ အတော်ဝေးဝေးနေရာမျိုးမှာ အလုပ်သွားရတာမျိုး စသည်ဖြင့် မိမိလိုချင်နေတာနဲ့ ရလာတာမကိုက်သလို၊ ခေါ်နေတဲ့အရည်အချင်းတွေက ကိုယ်နဲ့မကိုက်တာမျိုးမို့လည်း အလုပ်လက်မဲ့တွေဖြစ်လာကြရပါတယ်။ ထားပါတော့ အလုပ်လက်မဲ့တွေကျတော့ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်မျိုးကို လိုချင်နေကြမှာပါ။

လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။