ပျော်ရွှင်သောဘဝ

ပျော်ရွှင်သောဘဝ

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကလေးများငယ်ငယ်ထဲက မဖြစ်မနေသင်ယူသင့်ကော အကျင့်ကောင်းလေးများ။

အခုခေတ်ကြီးထဲမှာ မေမေတို့ဖေဖေတို့တတွေ ကလေးငယ်ငယ်ထဲက အင်္ဂလိပ်စာ သင်တန်းတွေထားမယ်။ ကျောင်းစာတွေ စောသင်ခိုင်းထားမယ်။ ဒါမှမဟုတ် အနုပညာနဲ့ ပါတ်သက်တဲ့ တူရိယာတွေ တီးမှုတ် အသုံးပြုတတ်အောင် သင်တန်းတွေ ပို့ထားကြပါတယ်။ သားသားမီးမီးတို့ ရှေ့ ရေးကောင်းဖို့အတွက် ကောင်းမယ်ထင်တဲ့ သင်တန်းတွေကို ငွေ၊အချိန်၊လူအင်အားများစွာ ကုန်ကြခံပြီးတော့ကို ထားနေကြတာ တွေ့ရပါတယ်။ ဘဝမှာ ကိုယ့်သားသမီးလေးတွေ သူတစ်ပါးထက် နှာတစ်ဖျားသာအောင် လိုချင်တဲ့ရည်မှန်းချက်တွင် အလွယ်တကူ ရောက်ရှိနိုင်အောင် အကူအညီပေးမည့် ဘာသာရပ်တွေ အတတ်ပညာတွေကို ကလေးတွေ ငယ်ငယ်ထဲကနေ သင်ယူနိုင်ဖို့ ကြိုးစားနေကြတဲ့ မိဘတွေရဲ့ စေတနာက တကယ့်ကိုအံ့မခန်းပါပဲဗျာ။ ထိုကဲ့သို့ သင်တန်းများကိုထားတာကလည်း ထားရမှာပဲဖြစ်သလို လူတစ်ယောက်ဖြစ်လာရင် လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်တဲ့ အခြားသော စိတ်ဓါတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေကို တိုးတက်လာအောင် လုပ်ပေးဖို့လည်း လွန်စွာမှ အရေးကြီးတယ်လို့ ထင်ပါတယ်။ အချို့ ကပညာတွေ အရမ်းတော်ပါတယ် ဒါပေမယ့် ရဲရင့်တဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့ အရည်အချင်းမရှိလ ျှင်တော့ ဘဝမှာခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။ ထိုနည်းတူ ပညာတွေတတ် အရည်အချင်းတွေရှိပြီး အခြားသူတွေနဲ့အတူ အင်တိုက်အားတိုက် အလုပ်ပြီးမြောက်အောင် လက်တွဲပြီး မလုပ်နိုင်ဘူးဆိုရင်လည်း ဘဝမှာ လုပ်ငန်းကြီးတွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ထို့ကြောင့်ပုံတွင်ဖော်ပြထားတဲ့အတိုင်း ဘဝမှာ အရေးကြီးတဲ့ ၁) လိုက်လျောညီထွေနေတတ်သော အကျင့် ၂) ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာ ပြောဆိုတတ်သော အကျင့် ၃) အဖွဲ့အစည်းဖြင့်လုပ်ဆောင်တတ်သော အကျင့် ၄) ပြသာနာကို လ ျှင်မြန်စွာ ဖြေရှင်းနိုင်ခြင်း ၅) ကိုယ့်ကိုယ်ကို စီမံခံခွဲနိုင်ခြင်း ၆) စူးစမ်းမေးမြန်းတတ်သော အကျင့် ၇) ကိုယ်ချင်းစာတတ်သော အကျင့် ၈) ဖန်တီးခြင်း နှင့် ဆန်းသစ်တီထွင်တတ်ခြင်း အစရှိသော အကျင့်ကောင်းများကို ဖေဖေတို့မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ သင်ယူလေ့လာနိုင်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာအောင်လည်း ဖန်တီးပေးရမှာ ပဲဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က ဒီလိုအကြောင်းအရာတွေနဲ့ ပါတ်သက်ပြီး အားနည်းတယ်လို့ ခံစားရတယ်ဆိုရင်လည်း ထိုကဲ့သို့ ဘဝအတွက် တန်ဖိုးရှိတဲ့ အရည်အသွေး(Value) တွေကို နားလည်အောင် သင်ကြားပို့ချပေးနေတဲ့ သင်တန်းကောင်းတွေ ရွေးချယ်တတ်ဖို့လိုပါလိမ့်မယ်။ မြင့်မြတ်သော စိတ်ထားရှိတဲ့ လူတော်လူကောင်းလေးတွေရဲ့ မေမေဖေဖေတွေ ဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ #BAWA101

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

လူတစ်ယောက်လိမ်နေကြောင်း ဘယ်လိုသိနိုင်လဲ။

လူတစ်ယောက်က သင့်ကိုလိမ်နေတယ်ဆိုတာကို သင်ဘယ်လိုသိနိုင်မလဲ။ တစ်ချို့လူတွေမှာ လိမ်နေမှန်းသိသာစေတဲ့အချက်လေးတွေရှိတတ်ပါတယ်။

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သီချင်းများနားထောင်ခြင်းဖြင့် စိတ်ပင်ပန်းမှုတွေကို ကုစားကြမယ်။

သီချင်းတွေရဲ့အမှန်တကယ်စွမ်းအားကတော့ ကောင်းစွာပြန်လည်ထူထောင်နိုင်ခြင်းပါပဲ။ သီချင်းတွေက ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုတွေနဲ့ ပြိုင်ဘက်ကင်းဆုံးဆက်သွယ်နိုင်တဲ့ links တစ်ခုပါပဲ။ အဲဒါကြောင့် စိတ်ဖိစီးမှုတွေကို အလွန်အမင်းအကျိုးရှိအောင် စီမံနိုင်တဲ့ လက်နက်တစ်ခုပါ။ သီချင်းများနားထောင်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်ရော ခန္ဓာကိုယ်ရောကိုပါ အံ့သြစရာကောင်းလောက်အောင် ပြေလျော့စေတဲ့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ အထူးသဖြင့် သီချင်းအငြိမ်လေးတွေ၊ သီချင်းအေးအေးလေးတွေက ပိုပြီး ပြေလျော့စေနိုင်ပါတယ်။

ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကျောင်းမှာမိမိကလေး အနိုင်ကျင့်ခံနေရရင် ဘယ်လိုကိုင်တွယ်မလဲ။

၁) စိတ်အေးအေးထားပြီး ကလေးကို မေးမြန်းပါ။ အရင်ဆုံး သင့်စိတ်ကိုတည်ငြိမ်အောင်လုပ်ဖို့လိုပါတယ်။ သင့်ကလေးထိခိုက်နာကျင်လာတာကို သင်က အရမ်းတွေပေါက်ကွဲပြနေရင် ခံနေရတဲ့သင့်ကလေးက ပိုပြီး ကြောက်လန့်စိတ်တွေဖြစ်လာနိုင်ပါတယ်။ သင့်စိတ်တည်ငြိမ်ပြီဆိုရင်တော့ ကလေးကို အေးဆေးစွာမေးမြန်းပါ။ သတိထားရမှာက ကလေးကို မေးမြန်းတဲ့အခါ လုံးဝဒေါသသံမပါပါစေနဲ့။ ကလေးကအနိုင်ကျင့်ခံလာရတဲ့အတွက် အနိုင်ကျင့်သူကိုလည်း ကြောက်လန့်နိုင်နေသလို သင့်ကိုလည်း ကြောက်လန့်နေနိုင်ပါတယ်။ အဲဒါကြောင့် သင်မေးတဲ့အခါ ကြင်နာစွာ သူငယ်ချင်းပုံစံမျိုးမေးတာအကောင်းဆုံးပါ။ အဲဒါမှ ကလေးက သင့်ကို တစ်လုံးမကျန်အမှန်အတိုင်းပြောရဲမှာပါ။ “သား….ဘာဖြစ်လာတာလဲ၊ ဒီလိုဖြစ်လာအောင် ဘယ်သူလုပ်လိုက်လဲ။ ဒါမှမဟုတ် အတူကစားကြရင်းဖြစ်တာလား။ အတူကစားရင်းဖြစ်လာလည်း မေမေ့ကိုပြောပြနော်။ မေမေမဆူဘူး၊ မေမေစောစောသိတော့ သားကို ထိခိုက်ဒဏ်ရာရရင် မေမေစောစောဆေးထည့်ပေးနိုင်တာပေါ့။” ဆိုတာမျိုး သူ့ကိုမဆူကြောင်း၊ ပွင့်ပွင့်လင်းလင်းပြောပြဖို့လိုကြောင်း ပြောပြီးမှ သိချင်တာ နည်းနည်းချင်းဆက်မေးပါ။ “သား….ဒဏ်ရာက အန္တရာယ်ရှိတဲ့ဒဏ်ရာမျိုးဆို မေမေတို့မသိတော့ ဘယ်သူထိခိုက်မှာလဲသား…..။ သားပဲအရင်ဆုံးခံရမှာနော်။ တစ်ခုခုဖြစ်ရင် မေမေ့ကို ရှင်းပြရင် မေမေနားထောင်မယ်နော်။” ဆိုတာမျိုး ညင်သာစွာမေးခြင်းက ကလေးကသူ့ကိုမဆူမပူဘူးဆိုတာသေချာသွားရင် အကြောက်စိတ်ပြယ်ပြီး ဖြေးဖြေးချင်းပြောပြလာမှာပါ။ ၂) ကြောက်စိတ်မဝင်ရန် အားပေးပါ။ ကျောင်းပို့မယ့်အချိန် ကျောင်းမှာဖြစ်တတ်တာကို ကြိုပြီး နားလည်အောင် ရှင်းပြပေးထားတာ ပိုကောင်းပါတယ်။ အဲဒါက ကျောင်းမှာ လူပေါင်းစုံနဲ့ပေါင်းသင်းရတဲ့အခါ သင့်ကလေးကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့အတွေးကို တွေးတတ်စေမှာပါ။ ကျောင်းမှာ လူပေါင်းစုံရှိနိုင်ကြောင်း၊ လူကောင်း၊လူဆိုး၊ လူမိုက်၊ လူလိမ္မာ စသည်ဖြင့် ကြိုမသိနိုင်ကြောင်း။ အကယ် ၍များ အနိုင်ကျင့်တတ်သူမျိုးပါလာခဲ့လျှင်…..လုံးဝကြောက်ဖို့မလိုကြောင်း၊ အနိုင်ကျင့်သူကသာ ကြောက်ရမယ်ဖြစ်ကြောင်း။ အနိုင်ကျင့်ခြင်းက လုံးဝမကောင်းသောအပြုအမူဖြစ်ကြောင်း၊ အနိုင်ကျင့်တတ်သူမှန်းသိလျှင် အပေါင်းအသင်းမလုပ်သင့်ကြောင်း မှာထားသင့်ပါတယ်။ သင့်ကလေးကရှောင်နေရဲ့သားနဲ့ ကြုံလာခဲ့လျှင်လည်း လုံးဝမကြောက်ဘဲ သက်ဆိုင်ရာဆရာမကို သက်သေပြပြီး တိုင်နိုင်ကြောင်း သင်ပေးထားပါ။ ဥပမာ ။ သင့်ကလေးစာအုပ်ကို ခြစ်ပစ်လိုက်တယ်ဆိုလျှင် ခြစ်ပစ်ထားသောစာအုပ်ကို ပြလျက် ဆရာမကို ချက်ချင်းတိုင်ကြားရန် သင်ပေးထားတာမျိုးပါ။ အနိုင်ကျင့်ခံရပြီးပြီးချင်း တိုင်ရန်က အရေးကြီးကြောင်းသေချာ ပြောပြထားပါ။ ချက်ချင်းအနိုင်ကျင့်ပြီး ချက်ချင်းအတိုင်ခံရမှန်း (ချက်ချင်းအပြစ်ပေးခံရမှန်း) သိလျှင် နောင်ဆို အနိုင်ကျင့်မည့်ကလေးမှာ လုပ်ရဲတော့မည်မဟုတ်ပါ။ ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံခဲ့ရလျှင်လည်း လုံးဝကြောက်စရာမလိုဘဲ ဒဏ်ရာကိုပြကာ ချက်ချင်းဆရာမကို တိုင်ရမည်ဖြစ်ကြောင်း သင်ပေးထားပါ။ ကြောက်လန့်ပြီး တိတ်တိတ်လေး နေလိုက်ခြင်းက အနိုင်ကျင့်မည့်ကလေးကို ပိုပြီး အနိုင်ကျင့်လာအောင် တိုက်တွန်းနေသလိုဖြစ်နေကြောင်းလည်း ပြောပြပါ။ တကယ်တမ်း အနိုင်ကျင့်ထားသူကလေးကသာ ကြောက်လန့်နေရမှာဖြစ်ကြောင်း နားလည်အောင်ပြောပြပါ။ ဆရာမက ကူညီပေးမယ့်အကြောင်း၊ မိဘများက ကလေးဘက်မှာ အမြဲရှိကြောင်းပြောပြထားပါ။ ကလေးဖြစ်ပျက်ခဲ့သမျှကိုသာ အကုန်လုံးပြန်ပြောခဲ့လျှင် မိဘများကပါ ဝိုင်းကူဖြေရှင်းပေးနိုင်ကြောင်း ကလေးကိုသိနေအောင် ပြောပြထားပါ။ နောက်ထပ်အရေးကြီးတာတစ်ချက်က အနိုင်ကျင့်ခံရတာ ကောင်းလား….မကောင်းလား သင့်ကလေးကို မေးပါ။ မကောင်းဘူး….ဆိုလျှင် “သားမကြိုက်တဲ့အလုပ်ကို သူများကိုလုပ်တာကော သူများကြိုက်ပါ့မလား….” ဆိုတာကို မေးရင်း ဆုံးမပေးပါ။ ကိုယ်မကြိုက်တဲ့အပြုအမူမျိုးကို သူတစ်ပါးကိုလည်း သင်ပေးထားဖို့လိုပါတယ်။ အဲဒါမှ နောင်အနာဂတ်မှာ အနိုင်ကျင့်တတ်တဲ့ကလေးမျိုးတွေ နည်းပါးလာမှာပါ။ ၃) ပြန်တုံ့ပြန်ရန်မလိုကြောင်း၊ လျစ်လျူရှုသင့်ကြောင်း သင်ပေးထားပါ။ ထိုကဲ့သို့ အနိုင်ကျင့်တတ်သော ကလေးမျိုးကို မပေါင်းသင့်ကြောင်း သင့်ကလေးကို ပြောပြပါ။ လာပတ်သက်လျှင်လည်း ကြောက်စရာလုံးဝမလိုကြောင်း ပြောပြထားပါ။ ကိုယ့်ဘက်ကသာ သူလုပ်ခဲ့သလို ပြန်လုပ်ဖို့ တုံ့ပြန်ရန်မလိုကြောင်း သင်ပေးပါ။ အနိုင်ကျင့်တတ်သောအကျင့်သည် မကောင်းသောအကျင့်ဖြစ်သောကြောင့် သင့်ကလေးကပြန်လုပ်ရန်မသင့်ကြောင်းရှင်းပြပါ။ လူမိုက်နဲ့ပြိုင်ပြီး လူမိုက်မဖြစ်ရန်လိုကြောင်း နားလည်အောင်ရှင်းပြပါ။ အကောင်းဆုံးနည်းလမ်းက တစ်ခန်းတည်းအတူကျောင်းတက်ပေမယ့် လျစ်လျူရှုထားခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ပြောပြထားပါ။ ပတ်သက်လာလျှင်လည်း ကြောက်ဖို့မလိုကြောင်း၊ ရန်ဖက်ဖြစ်ရန်လည်းမလိုကြောင်း၊ နောက်ဆုံး မပေါင်းသင့်လို့ လျစ်လျူရှုထားခြင်းသာဖြစ်ကြောင်း နားလည်အောင်ပြောပြထားပါ။ အထူးသတိထားရမှာက ထိုအနိုင်ကျင့်တတ်သောကလေးကို ပြန်ပြီး တုံ့ပြန်ရန် မသင်ပေးဖို့ ဖြစ်ပါတယ်။ “ ပြန်ချလိုက်ပေါ့……ပြန်ထိုးလိုက်ပေါ့……” လို့ သင်ပေးလိုက်ခြင်းက သင့်ကလေးကို အနိုင်ကျင့်တတ်သူဖြစ်သွားစေတတ်ပါတယ်။ အခြားတစ်ယောက်ယောက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ လွယ်ကူသွားစေနိုင်တယ်ဆိုတာ သတိထားပါ။ ၄) သင့်ကလေးရဲ့ ခန္ဓာကိုယ်ခြေလက်တွေ၊ သူ့ရဲ့ မျက်နှာအမူအယာ၊ စိတ်ပိုင်းဆိုင်ရာ၊ ကျောင်းသုံးပစ္စည်းတွေ စသည်တို့ကို အမြဲစစ်ဆေးပေးပါ။ တစ်ခါတစ်လေကျရင် သင့်ကလေးကို အနိုင်ကျင့်တတ်သူကလေးက ခြိမ်းခြောက်ထားတာပဲဖြစ်ဖြစ်၊ သင့်ကလေးကိုယ်တိုင်ကိုက ကြောက်လို့ပဲဖြစ်ဖြစ် သင့်ကို ဖုံးကွယ်ထားနိုင်ပါတယ်။ သင့်ကလေးရဲ့ စိတ်အခြေအနေကို သိဖို့ကတော့ သူ့ရဲ့ တစ်နေ့တာမှာ တက်ကြွမှုရှိမရှိ၊ အားငယ်နေဟန်ရှိမရှိ၊ ကျောင်းသွားရမှာကို ကြောက်လန့်မှုရှိမရှိ သတိထားကြည့်ခြင်းဖြင့် သိနိင်ပါတယ်။ သူ့ရဲ့ ကျောင်းပစ္စည်းများကို စစ်ဆေးပြီး ခြေရာလက်ရာပျက်နေတာမျိုး တွေ့ရင်လည်း မေးပါ။ သင့်ကလေးရဲ့ မျက်နှာ၊ ခြေလက်၊ ကိုယ်ခန္ဓာမှာ ဒဏ်ရာအနာတရဖြစ်လာတာမျိုးတွေ့ရင်လည်း မေးပါ။ တစ်ခုရှိတာက မေးတဲ့အခါ သင့်ကလေးကို အပြစ်ရှာသလို စစ်ဆေးမေးမြန်းတာမျိုးမဟုတ်ဘဲ စိတ်ပူလို့ ကြင်နာစွာမေးတဲ့ပုံစံမျိုးဖြစ်ပါစေ။ ၅) သင့်ကလေးကျောင်းကပြန်လာလျှင် နွေးနွေးထွေးထွေးဆက်ဆံပေးပါ။ သင့်ကလေးက ကျောင်းမှာ အနိုင်ကျင်ခံလာရတဲ့အခါ ကျောင်းကအပြန် အိမ်ကို အားကိုးတကြီးရင်ဖွင့်ချင်နေမှာ သေချာပါတယ်။ သင့်ကလေးကျောင်းကအပြန်မှာ နွေးထွေးစွာဆက်ဆံလိုက်ခြင်းက သင့်ကလေးကို ရင်ဖွင့်ချင်လာအောင် အနုနည်းနဲ့တိုက်တွန်းနည်းတစ်မျိုးပါပဲ။ တစ်နေ့တာလုံး ဘာတွေလုပ်ခဲ့ကြောင်း မေးတာမျိုး၊ ဘာတွေထူးခြားတာဖြစ်ပျက်သေးလဲ မေးတာမျိုးက သင့်ကလေးက အရေးအကြောင်းတစ်ခုခုဆို သင့်ကိုသာ ပြောပြချင်အောင် အကျင့်လုပ်ပေးနည်းတစ်မျိုးပါ။ အဲဒါက သင့်ကလေးကို စိတ်ဖိစီးမှုတွေကနေ လွတ်မြောက်စေနိုင်ပါတယ်။ ၆) သက်ဆိုင်ရာ ဆရာမနဲ့ တွေ့ဆုံပါ။ ဆရာမနဲ့တွေ့ဆုံပြီး အခြေအနေကို ပြောပြဆွေးနွေးပါ။ ချက်ချင်းတိုင်ကြားဖို့ သင့်ကလေးကို မှာကြားထားကြောင်း၊ ထိုအခြေအနေမျိုး ကြုံလာရင် ချက်ချင်းအရေးယူပေးဖို့ အကူအညီပေးပါ ဟုပြောပါ။ အနိုင်ကျင့်ခံရတာများလာလျှင် စိတ်ပိုင်းဆိုင်ရာထိခိုက်နိုင်ကြောင်း ပြောပြပါ။ ကလေးရဲ့ တက်ကြွမှုတွေ ပျောက်ဆုံးကုန်ကြောင်း ပြောပြအကူအညီတောင်းပါ။ ၇) အခြေအနေဆိုးဝါးလာရင် အတန်း(သို့) ကျောင်းပြောင်းပါ။ ဒီနည်းလမ်းကတော့ အမြဲမမှန်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အခြားသောနေရာပတ်ဝန်းကျင်မှာလည်း အနိုင်ကျင့်တတ်သူဆိုတာမျိုး ထပ်ကြုံလာနိုင်လို့ပါပဲ။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊ နောက်ပိုင်းကြုံလာခဲ့သေးရင် ဘယ်လိုဖြေရှင်းမလဲဆိုတာကိုသာ သင်ပေးခြင်းက သင့်ကလေးတစ်ဘဝလုံးအတွက် စိတ်ချရနိုင်မှာပါ။ ဒါပေမယ့် လုံးဝကို ရုပ်ပိုင်းဆိုင်ရာအရကော စိတ်ပိုင်းဆိုင်ရာအရကော ကျောင်းတက်ရတာ မသက်မသာဖြစ်နေရပါတယ်ဆိုရင်တော့ ကျောင်းပြောင်းတာမျိုး၊ အတန်းပြောင်းလိုက်တာမျိုးက အကောင်းဆုံးပါပဲ။ အထက်မှာဖော်ပြထားတဲ့အချက်လေးတွေကို လက်တွေ့အသုံးပြုပြီး သင့်ကလေးကို သင်ကြားပေးကြည့်ပါနော်။ မိဘတွေ သတိထားသင့်တာက သင့်ကလေးကို အလွယ်ဆုံးနည်းလမ်းနဲ့ “ပြန်သာချလာခဲ့……” ကျောင်းမှာ သူများအနိုင်ကျင့်တာခံပြီး ပြန်လာရင် ကလေးကိုထပ်ရိုက်မယ်လို့ ပြောတတ်တာမျိုးပါ။ အနိုင်ကျင့်တတ်သော အကျင့်ကို မကောင်းသောအကျင့်တစ်ခုလို သူများကိုလည်း အနိုင်မကျင့်တတ်အောင်သင်ပေးပြီး၊ ပြ ဿနာကိုဖြေရှင်းတတ်အောင် သင်ပေးခြင်းကသာ နောင်အနာဂတ်မှာ နောက်ထပ်နောက်ထပ် အနိုင်ကျင့်တတ်သော ကလေးတွေ ထပ်မပေါ်လာနိုင်မှာပဲဖြစ်ပြီး အနိုင်ကျင့်တတ်သော ကလေးတွေထပ်မပေါ်လာခြင်းကလည်း အနိုင်ကျင့်ခံရသော ကလေးတွေလည်း ထပ်မဖြစ်လာနိုင်တော့ပါဘူး။ အားလုံးပဲ အနိုင်ကျင့်ခံရခြင်းမှ ကင်းလွတ်ပါစေ။#BAWA101

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မိန်းမကို အိမ်အလုပ်ကူခြင်း ခံစားရရှိနိုင်မည့် အကျိုးကျေးဇူးများ

သင်ကိုယ်တိုင်က ပျင်းရိနေလျှင် သင့်ကို သင့်မိန်းမက ဘဝတစ်ခုလုံးဦးဆောင်ခိုင်းဖို့ ဘယ်လိုများယုံကြည်မှုရှိနိုင်မှာလဲ။ တစ်ချို့တစ်လေ အရိုးစွဲနေတဲ့အတွေးအခေါ်တစ်ခုရှိပါတယ်။ အိမ်မှုကိစ္စဆိုတာ အိမ်ထောင်ရှင်မတွေပဲ လုပ်ကိုင်သင့်တဲ့အလုပ်ဆိုပြီးတော့ပါ။ တကယ်တော့ အဲဒီ့အယူအဆက အမှားကြီးမှားပါတယ်။ သင့်မှာသာ သမီးလေးတစ်ယောက်ရှိခဲ့ရင် အဲဒီလိုအယူအဆရှိတဲ့အိမ်မှာ ချွေးမဖြစ်စေချင်ပါ့မလား။ အဲဒီလိုပါပဲ သင့်မှာသာ သားလေးတစ်ယောက်ရှိခဲ့ရင် အိမ်မှုကိစ္စမှန်သမျှ မိန်းမကလုပ်ပါစေ၊ ဘာမှဝင်မလုပ်နဲ့လို့များ မသွန်သင်မိပါစေနဲ့နော်။ တကယ်တော့ အိမ်ထောင်ရှင်မတွေက အိမ်ထောင်ရှင်ယောကျ်ားတွေထက်တောင် ပိုပြီး ဖိအားတွေဒဏ်ကို ပိုခံရပါသေးတယ်။ အိမ်မှုကိစ္စဆိုတာ ခေါင်းစဉ်တပ်စရာမရှိဘဲ အလွန်များပြားတဲ့အလုပ်တွေပါ။ အဲဒါကို နားလည်ပြီး သင့်ရဲ့အားလပ်ရက်မှာ သင့်မိန်းမရဲ့အိမ်မှုကိစ္စတွေထဲက သင်လုပ်နိုင်မယ်ထင်တဲ့အလုပ်လေးတွေ ကူညီကြည့်လိုက်ပါလား။ သင့်အတွက် အများကြီး အကျိုးကျေးဇူးရစေနိုင်ပါတယ်။ ကဲ….အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ရအောင်။ ၁) သင့်မိန်းမမှ သင့်အပေါ်ပိုပြီး ချစ်ခင်လာနိုင်ခြင်း မိန်းမတွေရဲ့သဘောကိုက စိတ်သဘောထား အရမ်းပျော့ပျောင်းတာပါ။ သင့်မှာ ပြင်ပကဝင်ငွေရအောင် အလုပ်လုပ်ရသေးရဲ့သားနဲ့ အိမ်မှာ အလုပ်ရှုပ်နေတဲ့မိန်းမကို အကူအညီပေးဖော်ရပါသေးလား…..ဆိုတဲ့အတွေးက သင့်အပေါ်ကို သင့်မိန်းမက ပိုမိုချစ်ခင်လာစေပါတယ်။ ပိုပြီးလည်း အားနာမှုကို ဖြစ်စေပါတယ်။ သင့်အတွက်ပိုပြီး သူကအနစ်နာခံချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ့တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပိုပြီး စိုပြေလာနိုင်တာပေါ့။ ၂) ပိုပြီး ယုံကြည်လာစေခြင်း အဲဒါအပြင် ပိုပြီးလည်း ယုံကြည်လာမှာပါ။ “ယောကျ်ားလုပ်သူက ချစ်ရှာသားပဲ….” ဆိုတဲ့အတွေးကို သူကစတွေးပြီဆိုတာနဲ့ သင့်အပေါ် သူ့ရဲ့ယုံကြည်မှုကလည်း အလိုလိုတိုးလာတော့တာပဲလေ။ သံသယနဲ့ရန်လိုခြင်းမရှိတော့တဲ့အခါ အကျိုးဆက်ကတော့ သင်တို့အိမ်ထောင်ရေးသာယာလာစေတာပေါ့။ ၃) စိတ်ဖိစီးမှု လျော့ပါးနိုင်ခြင်း သင့်ရဲ့အိမ်ထောင်ရေးသာယာမှုက သင့်ကိုပိုပြီး အလုပ်တွေအပေါ် အာရုံစိုက်နိုင်စေပါတယ်။ အလုပ်အပေါ်အာရုံစိုက်နိုင်လာတဲ့အခါ သင့်အတွက် အကောင်းဆုံးအခြေအနေတွေချည်းပဲဖြစ်လာနိုင်တယ်မဟုတ်လား။ အဲဒါအပြင် သင့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေ လျော့ပါးစေပါတယ်။ အိမ်ထောင်ရေးသာယာမှုကြောင့် အိမ်ထောင်ရေးကြောင့် ဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေနိုင်ပါတယ်။ ၄) အာရုံစိုက်နိုင်စွမ်းပိုကောင်းလာနိုင်ခြင်း စိတ်ဖိစီးမှုလျော့နည်းတဲ့သူတစ်ယောက်က သူရဲ့တစ်နေ့တာ လုပ်စရာရှိသမျှကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။ အဲဒီ့အတွက် သင်ကပိုပြီးတော့ စိတ်ချမ်းသာနိုင်သလို သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကလည်း တိုးသထက်တိုးလာစေပါတယ်။ ၅) မိသားစုကို အချိန်ပိုပေးနိုင်လာခြင်း သင့်ရဲ့အလုပ်ကိစ္စတွေ မြန်မြန်ပြီးနိုင်လာတဲ့နိုင်တော့ သင်အိမ်ပြန်ရောက်တာနဲ့ သင့်ရဲ့သားသမီးကိုကော သင့်ရဲ့အမျိုးသမီးကိုကော အချိန်ပိုပေးနိုင်လာမှာပါ။ အဲဒါမှ သင့်အတွက် မိသားစုက ပိုပြီးအဓိပါ္ပယ်ရှိလာမှာပေါ့။ ၆) ပိုပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်လာနိုင်ခြင်း သင့်မှာ အချိန်တွေပိုထွက်လာနိုင်သလို သင့်အတွက် မိသားစုကိုအချိန်ပေးနိုင်လာမှာပါ။ သင့်မိသားစုက သင့်အတွက် ပိုပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝဖြစ်လာနိုင်ပါပြီ။ အဲဒီ့တော့ သင့်ဘဝက ပိုပြီး ပျော်စရာကောင်းလာနိုင်ပါတယ်။ ၇) ကျန်းမာရေး ပိုကောင်းလာနိုင်ခြင်း သင့်ရဲ့နေ့ရက်တွေက ပျော်စရာကောင်းနေမှတော့ သင့်ရဲ့ကျန်းမာရေးက ပိုကောင်းလာစေနိုင်တယ်ဆိုတာ ပြောဖို့တောင်လိုတော့မယ်မထင်ပါဘူးနော်။ မိန်းမကို ကူညီလုပ်ဆောင်ပေးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက ငွေနဲ့ဝယ်ယူလို့မရနိုင်တာတွေချည်းပဲမို့ ခုပဲ သင့်မိန်းမနဲ့အတူ အိမ်မှုကိစ္စတွေ ကူလုပ်ပေးလိုက်ပါတော့။ #BAWA101

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

အတွဲတစ်တွဲအနေနဲ့ ငွေရေးကြေးရေးနဲ့ပါတ်သက်တဲ့နောင်ရေးစိတ်ချရအောင် အတွက် ပြုလုပ်သင့်သောအရာများ။

ချစ်သူနဲ့လက်ထပ်ဖို့အရေး စုမိဆောင်းမိတာက မရှိ၊ ရသမျှ ဝင်ငွေမှန်သမျှ မလောက်မငဖြစ်နေမိလို့ စိတ်ညစ်နေတဲ့သူတွေရှိတယ်ဆိုတာ သေချာသလောက်ပါပဲ။ အောက်ပါအချက်လေးတွေက သင်နဲ့သင့်ချစ်သူစတင်တိုင်ပင်ပြီး လုပ်ဆောင်သင့်တဲ့အချက်လေးတွေပါ။ ထိုအချက်လေးတွေ တိုင်ပင်ဖြစ်ပြီး အကောင်အထည်ဖော်ဖြစ်ပြီဆိုရင်တော့ သင်တို့ရဲ့ နှစ်ယောက်ပေါင်းတစ်ဘဝအဖြစ်တည်ထောင်မယ့် ဘဝလေးအကောင်အထည်ဖော်ဖြစ်ဖို့ နီးစပ်လာနိုင်ပါပြီနော်။ အားလုံးပဲ ဖတ်ကြည့်လိုက်ကြပါအုံး။ ၁) ငွေစုဖို့တိုင်ပင်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်ခုလုံးအတူလက်တွဲဖို့ မဆုံးဖြတ်ခင်မှာ အရေးတကြီး လိုအပ်တာက ငွေပါပဲ။ အခုပြောချင်တဲ့နေရာမှာ ငွေစုတာက မင်္ဂလာဆောင်ဖို့၊ အိမ်ထောင်ပရိဘောဂတွေဝယ်ဖို့ထက် တစ်ယောက်ကနေနှစ်ယောက်ဖြစ်လာတဲ့အခါ ဖြစ်လာနိုင်တဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေအတွက် လုံးဝမသုံးသင့်ဘဲ ဖယ်ထားသင့်တဲ့ ပုံမှန်စုငွေပါ။ ထိုပုံမှန်စုငွေကို အခြားသော ကိစ္စတွေအတွက် ဘာမှမသုံးဘဲ လစဉ်ပုံမှန်စုသွားဖို့ ဖယ်ထားသင့်ပါတယ်။ အဲဒါက သင်တို့ လက်ထပ်ပြီး မိသားစုဘဝဖြစ်လာတဲ့အခါမှာ အရမ်းကို အသုံးဝင်လာပါလိမ့်မယ်။ ၂) အသုံးစရိတ်ကို သတ်မှတ်ထားပါ။ လစဉ် ရုံးကိုသွားမယ့် ဘတ်စ်ကားခ၊ ဒါမှမဟုတ် ကားနဲ့သွားမယ့်ဆီဖိုး တစ်လစာ၊ တစ်လလုံးအသုံးစရိတ်၊ ဖုန်းဘေလ် စသည်ဖြင့် သတ်မှတ်ပြီး သတ်မှတ်ထားတဲ့အမောင့်ထဲ ဝင်အောင်သုံးပါ။ အဲဒါက စစချင်းမှာ သင့်အတွက် ခက်ခဲနိုင်ပေမယ့် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မလိုအပ်ပဲအပိုသုံးမိနေတဲ့အရာတွေအတွက် ကုန်ကျနေတဲ့စရိတ်တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန်အကျင့်တစ်ခုလိုဖြစ်သွားတဲ့အခါ သင့်အတွက် အသုံးစရိတ်စာရင်းထဲမပါဘဲ ပိုနေတဲ့ငွေတွေဖြစ်လာမှာပါ။ အဲဒါဆို ပိုလာတဲ့ငွေတွေကို သင်စပြီး စုလို့ရပါပြီ။ ၃) လစဉ် နှစ်ဦးသဘောတူရည်မှန်းချက်တွေချမှတ်ထားပါ။ ဘဝကို နှစ်ယောက်ရင်ဆိုင်တော့မယ်ဆိုတော့ ဘာလုပ်လုပ် နှစ်ဦးတိုင်ပင်သဘောတူတာအကောင်းဆုံးပါ။ နှစ်ဦးစလုံး ပိုလာတဲ့ငွေကို စုနိုင်လာပြီဆိုရင်တော့ သိပ်အခြေအနေမဆိုးတော့ပါဘူး။ စုမိလာတဲ့ငွေကို ဒီလစုနိုင်တဲ့အမောင့်ထက် နောက်လစုနိုင်တဲ့အမောင့်ပိုများလာအောင် အသုံးစရိတ်ကို ပြန်ဆန်းစစ်လိုက်ပါ။ ထပ်လျော့သုံးလို့ရတာလေးတွေ သိလာတော့ လျော့သုံးလိုက်တာပေါ့။ အဲဒီတော့ စုငွေအမောင့်က နှစ်ဦးစလုံးမှာ တိုးလာပါလိမ့်မယ်။ တိုးလာပြီဆိုရင်တော့ ဘယ်နှစ်လပြည့်ရင် ငွေအမောင့်ဘယ်လောက်ရပြီဆိုပါတော့ အိမ်အတွက်လိုအပ်တဲ့ ဘာပစ္စည်းဝယ်မလဲ….စသည်ဖြင့် ကြိုတင်တိုင်ပင်ထားလိုက်လို့ရပါပြီ။ ၄) စာရင်းလုပ်ထားပါ။ တစ်ယောက်ရသမျှ ဝင်ငွေကို စာရင်းမလုပ်ဘဲနေရင်တော့ တစ်လလုံးရသမျှဝင်ငွေက အသုံးစရိတ်ထဲတင် အကုန်ပါသွားမှာ သေချာပါတယ်။ အဲဒီ့တော့ ဘာလုပ်လုပ် စာရင်းလေးလုပ်ထားပါ နှစ်ယောက်စလုံးအတွက်ပေါ့။ တစ်ယောက်စာရင်းတစ်ယောက်ကြည့်ပြီး ပြန်သုံးသပ်လို့လည်း ရတာပေါ့။ ဒီလမှာ ဖုန်းဘေလ်အသုံးစရိတ်တော့များသွားတယ်ထင်တယ်…..ဆိုပြီး ကိုယ့်ချစ်သူကိုလည်း ကိုယ်က ပြောပြပေးလို့ရပါသေးတယ်။ ကိုယ့်ရဲ့စားသောက်စရိတ်များသွားတယ်ဆိုရင်လည်း ကိုယ့်ချစ်သူက ပြန်ပြီးသုံးသပ်ပေးရင် လက်ခံလိုက်ပါ။ ဘယ်စရိတ်မဆို စာရင်းနဲ့ချရေးထားတော့ လကုန်တဲ့အချိန်မှာ ပိုထွက်ငွေတွေ၊ ပိုသုံးငွေတွေ ထွက်လာမှာပါ။ အဲဒီ့မှာ သင်လတိုင်း ငွေယိုပေါက်တွေတွေ့နိုင်ပြီလေ။ ငွေယိုပေါက်ကိုပိတ်ဖို့ ကြိုးစားပြီး ကိုယ့်ချစ်သူနဲ့ပေါင်းဖက်ဖို့အရေး တိုင်ပင်လိုက်ပါ။ ၅) Plan ဆွဲပါ။ အဲဒီ့တော့ စာရင်းလုပ်ပြီး အသုံစရိတ်လည်းသတ်မှတ်ပြီးပြီ၊ စုငွေလည်း တစ်လတစ်ခါဖယ်ထားပြီးပြီ၊ လိုအပ်တဲ့ပစ္စည်းတွေလည်း ဝယ်ဖို့ တိုင်ပင်ပြီးပြီဆိုရင်တော့ စီမံကိန်းကိုစဆွဲထားလိုက်ပါတော့။ ဘယ်နှစ်လမှာ ဘာတွေစုဆောင်းဖို့ရှိမလဲ။ ဘယ်နှစ်လကြာရင်တော့ prewedding အတွက် လုပ်သင့်တာတွေလုပ်ဖို့ မဖြစ်ဖြစ်အောင်လုပ်မယ်...ဆိုတာမျိုး၊ prewedding ပြီးရင် wedding အတွက် ဘာတွေထပ်လုပ်ကြမယ်ဆိုတာမျိုး၊ စသည်ဖြင့် စီမံကိန်းတစ်ခုသတ်မှတ်ထားလိုက်မှ အကောင်အထည်ဖော်ဖြစ်မှာပါ။ စီမံကိန်းမရှိဘဲ လေထဲတိုက်အိမ်ဆောက်နေရင်တော့ သင်တို့ရဲ့နှစ်ယောက်တစ်ဘဝက လေထဲမှာပဲဆောက်လို့ရမှာမဟုတ်လား။ သေချာတာကတော့ အစီအစဉ်လုပ်ဖြစ်တဲ့အချိန်၊ လ ၊ အတိအကျမဖြစ်နိုင်ရင်တောင် အနည်းငယ်လွဲချော်ရုံကလွဲပြီး အကောင်အထည်ပေါ်လာဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။ ကဲ…….နှစ်ယောက်တစ်ဘဝတော့တည်ဆောက်ချင်ပါရဲ့၊ ခုထိဘာမှမဖြစ်လာသေးဘူးဆိုသူတွေ အစီအစဉ်ဆွဲကြည့်လိုက်တော့နော်။#BAWA101

ပျော်ရွှင်သောဘဝ လူနေမှုဘဝ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အခုချက်ချင်း ကိုယ့်ကိုယ်ကို ဘယ်လိုပြောင်းလဲပစ်မလဲ။

၁) ပြောင်းလဲချင်သည့်အချက်များကို ချရေးထားပါ။ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကို ချရေးလိုက်ပါ။ အဲဒါမှ ဘာတွေမှားခဲ့လို့ ဘာတွေအမှန်ပြင်ရမလဲ၊ ဘာတွေပြောင်းလဲရမလဲဆိုတာ သိမှာပါ။ အမှားတွေရေးပြီးရင်တော့ ပြောင်းလဲချင်သည့်အချက်တွေကို ချရေးလိုက်ပါ။ အဲဒါဆို သင်ပြင်ချင်သည့်အချက်တွေ ချက်ချင်းသင်မြင်လာပါပြီ။ ၂) အလွတ်ရအောင် ရွတ်ပါ။ အခုလက်ရှိသင်ဘာတွေတွေးနေသလဲ ဆိုတာက အရေးမကြီးပါဘူး။ စာရွက်မှာ ချရေးထားတဲ့ ပြင်ချင်တဲ့အချက်တွေကိုသာ မျက်လုံးထဲမြင်နေအောင် ထပ်တလဲလဲ ဖတ်ပါ။ သင့်ကိုသင်ပြန်ကြားနေအောင် ရွတ်ပါ။ အဲဒါက သင်အမှားလုပ်မိတော့မယ်ဆို အခုမြင်နေတဲ့အချက်တွေကို ပြန်မြင်လာမိစေနိုင်ပါတယ်။ ၃) အမှားတွေချည်းပြန်တွေးပြီး နာကျင်မနေပါနဲ့။ အရင်အချိန်ကဘာတွေဖြစ်ခဲ့တာက အရေးမကြီးပါဘူး။ အရင်အမှားတွေက သင်ဘာတွေသင်ယူနိုင်သလဲဆိုတာကသာ သင့်ကိုသတ်မှတ်ပေးမှာပါ။ အတိတ်ကအမှားတွေချည်းပြန်တွေးနေတာက အခုချိန်မှာ ပြောင်းလဲနိုင်ဖို့အချိန်ကုန်စေပါတယ်။ အခုအမှားကိုမြင်တယ် အခုအမှားပြင်မယ်၊ ချက်ချင်းပြောင်းလဲမယ်။ အဲဒါသာတွေးပါ။ ၄) သင့်ကိုနာကျင်စေတဲ့သူတွေကိုရှောင်ပါ။ အချို့သောလူတွေက အရင်ကအမှားကိုသာတဖွဖွ အပြစ်ပြောနေပြီး ခုလက်ရှိအကောင်းလုပ်နေတာမျိုးကိုတော့ မမြင်တတ်ကြပါဘူး။ အဲလိုလူမျိုးကို ဝေးဝေးရှောင်ပါ။ အဲလိုလူမျိုးက ကိုယ့်ရဲ့အရင်က အမှားကိုပြန်ပြီး သတိရ နာကျင်အောင် အစဖော်ပေးနေသရွေ့ ကိုယ်လည်း လက်ရှိပြောင်းလဲမယ့်ကိစ္စကို အာရုံစိုက်လို့ရမှာမဟုတ်ပါဘူး။ သေချာတာကတော့ အခုချိန်မှာ ကိုယ်ကပြင်ချင်စိတ်ရှိတာသေချာဖို့ရယ်၊ ပြင်နေပြီဆိုတာရယ်ပါပဲ။ ၅) သူများတွေနဲ့မနှိုှု်င်းယှဉ်ပါနဲ့။ အနာဂတ်မှာ ပိုကောင်းလာဖို့သာ ပြောင်းလဲပါ။ ကိုယ့်ဘဝကို ကိုယ်ပဲသိနိုင်တာပါ။ သူများနဲ့နှိုင်းယှဉ်ခြင်းက ပိုပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ အခုလက်ရှိပြောင်းလဲနိုင်ခြင်းက နောင်အနာဂတ်မှာ ပိုပြီး ကောင်းတာတွေဖြစ်လာမှာမို့ ပိုပြီး စိတ်ဓာတ်တက်ကြွစေနိုင်တာပါ။ အနာဂတ်ကိုတွေးမျှော်နေတာက ဒီနေရာမှာ အကျိုးရှိပါတယ်။ ၆) ပြောင်းလဲချင်သည့် အချက်အများကြီးထဲက တစ်ချက်ခြင်းကို အာရုံစိုက်ပါ။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့အချက်ကို အရင်ပြောင်းလဲမယ်ဆိုပါတော့။ တစ်နေ့လုံး ဆေးလိပ်မသောက်ဘူးဆိုတာကိုသာ အာရုံစိုက်ပါ။ ထိုအကျင့်မပြောင်းလဲသရွေ့ ထိုအချက်ကိုပဲအာရုံစိုက်ပါ။ အဲဒါက သင့်အတွက် ဝန်မပိသလို မြန်မြန်လည်း ပြောင်းလဲပစ်နိုင်ပါတယ်။ တကယ်တော့ ပြောင်းလဲနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်မယ့်အချက်ပြောင်းလဲနိုင်ပြီဆိုပါတော့ အဲဒီ့တော့မှ နောက်တစ်ချက်ကို ဆက်အာရုံစိုက်ပါ။ ၇) အာရုံနှောက်စေတဲ့အကြောင်းအရာတွေကို ဂရုမစိုက်ပါနဲ့။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုပါတော့ သင့်ပတ်ဝန်းကျင်ကလူတွေက “နင်ကဆေးလိပ်ဖြတ်နိုင်ပါ့မလား။ အလကားပါ…..။” ဆိုပြီး တဖွဖွလာပြောတဲ့သူမျိုးကို လျစ်လျူရှုပါ။ အာရုံမထားပါနဲ့။ မသိချင်ယောင်ဆောင်နေလိုက်ပါ။ သူကြောင့် သင့်ရဲ့မကောင်းတဲ့အကျင့်က ပြန်တောင်အစပေါ်လာနိုင်ပါသေးတယ်။ အဲလိုလူမျိုးနဲ့ကြုံရတဲ့အခါ သင့်စိတ်ထဲမှာ “ငါပြောင်းလဲပစ်နိုင်တယ်….အခုချက်ချင်း၊ ငါပြောင်းလဲပစ်နိုင်တယ်…..ငါလုပ်နိုင်တယ်” အဲလိုမျိုး တွေးနေခြင်းကိုသာ အာရုံစိုက်လိုက်ပါ။ အမှန်တကယ်ကို ပြောင်းလဲနိုင်လာတာကို သင်တွေ့လာပါလိမ့်မယ်။ လူတိုင်းရဲ့စိတ်ထဲမှာ တကယ်လုပ်ချင်စိတ်ရှိရင် တကယ်ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းတွေ လူတိုင်းမှာရှိပြီးသားပါ။ အာရုံစိုက်ဖို့ပဲလိုတာပါ။ သင်လည်း အခုချက်ချင်းပြောင်းလဲချင်ရင် ပြောင်းလဲချင်တဲ့အချက်တွေအပေါ်မှာသာ အာရုံစိုက်လိုက်ပါတော့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

ကလေးပြုစုပျိုးထောင်ခြင်း, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

ကွာရှင်းပြီးရင် ကိုယ့်သားသမီးလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ။

အချိန်တစ်ခုအထိ လက်တွဲလာခဲ့တဲ့အိမ်ထောင်ရေးမှာ သံယောဇဉ်အနည်းအများတော့ရှိကြမှာပါပဲ။ လုံးဝညှိုနှိုင်းမရတော့လို့ ကွာရှင်းကြတဲ့အခါ လူကြီးတွေထက် ပိုပြီး ခံစားရမှာ ကလေးတွေပါ။ လူကြီးတွေကတော့ အကြောင်းအမျိုးမျိုးနဲ့ ဖြေသိမ့်နိုင်သလို ကိုယ့်ကိုကိုယ်ဆောက်တည်နိုင်ပေမယ့် ကလေးတွေကတော့ ရုတ်တရက်ကြီး အဖေ၊အမေနဲ့အတူနေထိုင်တဲ့အိမ်မှာ အဖေဒါမှမဟုတ် အမေမရှိတော့တာမျိုးက သူတို့အတွက် နာကျင်မှုအကြီးကြီးဖြစ်စေပါတယ်။ အဲဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ ကိုယ့်သားသမီးလေးတွေ ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတဲ့အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။ ၁) စိတ်ပိုင်းဆိုင်ရာအရ အားငယ်မှုမရှိအောင် အားပေးပါ၊ နှစ်သိမ့်ပေးပါ။ ကလေးတွေရဲ့အပေါင်းအသင်း၊ ပတ်ဝန်းကျင်မှာများ “အဖေနဲ့အမေက ကွာရှင်းပြီးပြီ…” ဆိုတဲ့စကားမျိုးကို သူတို့ သွေးအေးအေးပြောပြနိုင်မယ်ထင်ပါသလား။ လုံးဝပါပဲ။ သူတို့အတွက်က စိတ်ပိုင်းဆိုင်ရာ အကြီးမားဆုံးထိခိုက်မှုက အဖေ ဒါမှမဟုတ် အမေက သူတို့ကို ထားခဲ့ခြင်းပါပဲ။ အဲဒါကို အဓိကနားလည်ဖို့လိုပါတယ်။ အဲဒါကြောင့် သိမ်ငယ်သလိုခံစားနေရမယ့် သူတို့ကို နွေးထွေးစွာဆက်ဆံခြင်း၊ သူတို့ရင်ဖွင့်ချင်လာအောင် ဖက်လှဲတကင်းအလိုက်သတိဆက်ဆံပေးခြင်းတွေက သူတို့အတွက် ခံစားရအနည်းငယ်သက်သာစေမှာပါ။ အဖေနဲ့အမေက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့သာ ကွဲကွာရခြင်းဖြစ်ပြီး သားသမီးတွေအတွက်ကတော့ အဖေနဲ့အမေကို အချိန်မရွေး သတိရတိုင်း တွေ့နိုင်ကြောင်း၊ ပြောပြလို့ရကြောင်း အားပေးနှစ်သိမ့်ပေးပါ။ ၂) ရှင်းပြပေးပါ။ လူတိုင်းမှာ ကိုယ့်အမှန်တရားနဲ့ကိုယ်ရှိကြောင်း၊ ကိုယ်တိုင်ညှိုယူနိုင်မယ်ထင်မှသာ အိမ်ထောင်ပြုသင့်ကြောင်း ပြောပြဆွေးနွေးပါ။ ဒါက အရမ်းဆိုးဝါးပြီး ကလေးတွေအတွက် ဒုက္ခိတဖြစ်စေတာမျိုး မဟုတ်ကြောင်း၊ လူတောမတိုးနိုင်တော့သောဖြစ်ရပ်မဟုတ်ကြောင်း၊ ဒီထဲကနေမှ အချိန်တန်အရွယ်ရောက်လျှင် အိမ်ထောင်ပြုချိန်မှာ ကိုယ်နဲ့အဆင်ပြေမယ်၊ အပြန်အလှန်နားလည်ပေးနိုင်မယ့်သူမျိုးကိုသာ ရွေးချယ်သင့်ကြောင်းဆိုတဲ့ သင်ခန်းစာတောင်ရနိုင်သေးကြောင်းပြောပြပေးပါ။ ကိုယ့်အတွက် လုံးဝအဆင်မပြေသောအခြေအနေမျိုးမို့သာ လမ်းခွဲရခြင်းဖြစ်ပြီး ကလေးများကိုထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိကြောင်း သေချာလေးရှင်းပြပေးပါ။ ၃) အရင်ကထက် ပိုပြီးအချိန်ပေးပါ။ သူတို့အတွက် အိမ်ဆိုတာ အမြဲခြောက်ကပ်ပြီး ကြောက်လန့်စရာနေရာမျိုးဖြစ်မနေပါစေနဲ့။ သူတို့ကိုအရင်ကထက် အချိန်ပိုပေးပါ။ သူတို့နဲ့အတူ ဈေးဝယ်ထွက်တာမျိုး၊ သူတို့နဲ့အတူဆော့ကစားတာမျိုး၊ ပန်းခြံကစားကွင်းသွားတာမျိုးလုပ်ပြီး အရင်ကထက်ပိုပြီးပျော်စရာကောင်းတဲ့အခြေအနေမျိုးဖန်တီးပေးပါ။ အဲဒါမှ သူတို့ဝေဒနာအနည်းငယ်သက်သာသလို အိမ်ကိုလည်း ကြောက်စရာနေရာလို့သဘောမထားဘဲနေမှာပါ။ အဲဒါမှ တခြားလမ်းမှားပေါ်မရောက်သွားစေတော့ပါဘူး။ ၄) သူတို့ရဲ့နေ့စဉ်ဘဝကို ကိုယ်သိပါစေ။ ကျောင်းချိန်ပြန်တာဘယ်အချိန်၊ ကျူရှင်ဘယ်အချိန်ရှိမရှိ၊ သားသမီးသွားတတ်သော ပေါင်းတတ်သောသူငယ်ချင်းက ဘယ်သူ စသည်ဖြင့် အကြမ်းဖျင်းသိထားတာက သင့်သားသမီးရဲ့ အခြေအနေမှန်ကို သင်မှန်းဆနိုင်ပါတယ်။ သူတို့လေးတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ဘယ်လိုရှိမှန်းသင်အတိအကျမသိနိုင်တဲ့အတွက် သူတို့တွေ အိမ်အပြင်မှာ ဘာတွေဖြစ်နိုင်လဲ၊ ဘာတွေလုပ်နိုင်လဲဆိုတာ သင်အတိအကျမသိနိုင်ပါဘူး။ အဲဒါကြောင့် သူတို့လေးတွေရဲ့အခြေအနေအကြမ်းဖျင်းသိအောင် လေ့လာထားသင့်ပါတယ်။ အခုလိုအချိန်မှာ သူတို့စိတ်ထိခိုက်ပြီး စိတ်ထင်ရာလုပ်မိတာမျိုး မဖြစ်ရအောင်ပါ။ ၅) စာဖတ်ဖို့ တိုက်တွန်းပါ။ စိတ်နှလုံးတက်ကြွစေမယ့် ၊ ခွန်အားဖြစ်စေမယ့် စာမျိုးတွေကို ဖတ်ခိုင်းသင့်ပါတယ်။ စာဖတ်ချိန်မှာ စာအုပ်ထဲက အကြောင်းအရာကိုသာ အာရုံစိုက်နေမိတဲ့အတွက် အခြားစိတ်ဖိစီးမှုတွေကို ပြန်တွေးဖို့ အချိန်မရတော့ပါဘူး။ စိတ်လည်းတည်ငြိမ်စေပါတယ်။ ပြီးတော့ စိတ်ဓာတ်လည်း ပြန်လည်တက်ကြွစေနိုင်ပါတယ်။ အထူးသဖြင့် မိဘမဲ့ဘဝကနေ မိဘအကူအညီမပါဘဲ အောင်မြင်သွားတဲ့ကလေးမျိုးအကြောင်းတွေ၊ မိဘတွေ အိမ်ထောင်ကွဲခဲ့ရာကနေ ဘဝကိုကြိုးစားတဲ့ကလေးမျိုးတွေ၊ မသန်စွမ်းတဲ့ကလေးမျိုးတွေက ဘဝမှာအောင်မြင်လာတာမျိုးတွေပေါ့။ ပြီးတော့ ဘဝမှာ ဘယ်လောက်ပဲအဆိုးတွေကြုံရပါစေ အကောင်းမြင်တတ်အောင် ကြိုးစားခဲ့တဲ့ကလေးမျိုးတွေ စသည်ဖြင့်ပေါ့။ ကိုယ်က နှုတ်နဲ့ပဲ စာဖတ်ကြည့်ပါလားလို့ တိုက်တွန်းတာထက် ဘယ်စာအုပ်လေးအကြောင်း ပြောပြချင်လို့ သေချာနားထောင်ပေးရင် လိုချင်တာတစ်ခုခုပေးမယ်ဆိုတာမျိုးနဲ့ ဆွဲဆောင်ကြည့်ပါ။ စာလုံးဝဖတ်စမရှိသေးတဲ့ကလေးမျိုးဆိုရင်တော့ ကိုယ်က အဓိကပေးချင်တဲ့ မက်ဆေ့ကို ထုတ်နုတ်ပြောပြပေးပါ။ စာဖတ်ကျင့်ရှိနေတဲ့ကလေးတစ်ယောက်ဆိုရင်တော့ ပြောပြတဲ့ဇာတ်ကြောင်းထဲက ပေးချင်တဲ့မက်ဆေ့က ဘာလဲ….ဆိုတာမျိုး သူတို့ကို စဉ်းစားခိုင်းပါ။ အဲဒါဆို သူတို့မှာ စိတ်ပျံ့လွင့်ဖို့ အချိန်မရှိတော့ပါဘူး။ ၆) သူတို့အပြစ်မဟုတ်ကြောင်း သိပါစေ။ မိဘများစိတ်သဘောထားမတိုက်ဆိုင်ဘဲ ကွဲကွာခြင်းက ကလေးတွေအပြစ်မဟုတ်သလို ကလေးတွေရဲ့ဘဝမှာ အောင်မြင်မှုကို ကြိုးစားရယူဖို့ ထိုက်တန်ကြောင်း။ စိတ်ဓာတ်ကျနေတာက ကိုယ့်ကိုကိုယ်သတ်နေတာဖြစ်ကြောင်း စသည်ဖြင့်ရှင်းပြပြောပြပေးပါ။ လူတိုင်းက မိမိစိတ်ကြိုက်ဘဝကို ခြယ်လှယ်ပိုင်ခွင့်ရှိကြောင်း၊ မိဘများကြောင့် ခံစားရတာကို စိတ်မကောင်းကြောင်း၊ သင့်ကလေးရဲ့ဘဝကို ဒီထက်အောင်မြင်အောင်ကြိုးစားနိုင်သေးကြောင်း ပြောပြပါ။ ၇) နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းဖို့ သတိပေးပါ။ ကလေးတွေရဲ့တစ်ချို့ပတ်ဝန်းကျင်မှာ “နင့်အဖေက နင်တို့ကို ထားသွားပြီ……” ဆိုတာမျိုး၊ “နင့်အမေကပြန်မလာတော့ဘူးမလား…..” ဆိုတာမျိုးနဲ့ စနောက်သလို၊ လှောင်ပြောင်သလို လုပ်တတ်တဲ့ လူအမျိုးအစားတစ်မျိုးရှိပါတယ်။ အရမ်းကို အဆင့်အတန်းနိမ့်ကျတဲ့သူမျိုးပါ။ ထိုကဲ့သို့များ သင့်ကလေးတွေအပြောခံခဲ့ရသည်ရှိသော် ဝမ်းနည်းစရာလုံးဝမလိုကြောင်း အားပေးပါ။ အချိန်မရွေး မိမိကိုရင်ဖွင့်နိုင်ကြောင်း ပြောပြပါ။ ထိုကဲ့သို့ ပြောဆိုတတ်သူမျိုးက သင့်ကလေးနဲ့အတန်းတူသူဖြစ်ခဲ့ရင် ထိုသူပေးတဲ့နာကျင်မှုကို ခွန်အားအဖြစ်ပြောင်းလဲနိုင်ကြောင်းရှင်းပြပါ။ အတန်းထဲမှာ အတော်ဆုံးဖြစ်အောင်ကြိုးစားတာမျိုး၊ အားကစားမှာအတော်ဆုံးဖြစ်အောင် ကြိုးစားတာမျိုးက သူတို့ကို အံ့အားသင့်စေနိုင်ကြောင်း ပြောပြပါ။ တိုက်တွန်းပါ။ အထက်ပါအချက်များက ကလေးတွေကို ပြုစုပေးဖို့ အကြမ်းဖျင်းအခြေခံခိုင်မာဖို့လိုအပ်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ချင်းရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ အရွယ်အလိုက်သဘာဝပေါ်မူတည်ပြီး သူတို့လေးတွေကို ပြုစုပျိုးထောင်ပုံက အမျိုးမျိုးကွဲပြားနိုင်ပါတယ်။ အခြေခံအချက်လေးတွေ ခိုင်မာနေတဲ့ကလေးဖြစ်လာအောင် ကြိုးစားကြည့်ခြင်းက ရုတ်တရက်မိသားစုပြိုကွဲခြင်းဒဏ်ကိုခံနိုင်ရည်ရှိတဲ့ကလေးတွေမဟုတ်တောင် သူတို့အတွက် အနည်းငယ်ကုစားပေးနိုင်မယ်ထင်ပါတယ်။ အားလုံးပဲပျော်ရွှင်သောမိသားစုဖြစ်နိုင်ကြပါစေ။ #BAWA101

ကလေးပြုစုပျိုးထောင်ခြင်း ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။