စွမ်းရည်

စွမ်းရည်

စွမ်းရည်, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ဘဝကိုလက်လျှော့အရှုံးပေးချင်နေလျှင် ဘာတွေလုပ်ရမလဲ

၁) ကိုယ့်ကိုကိုယ်အားပေးပါ။ လောကမှာ သင့်ကိုသင်ဆွဲချနိုင်တာလဲ သင်ကိုယ်တိုင်ပါပဲ။ အမြင့်ဆုံးရောက်အောင် တွန်းပို့နိုင်တာလည်း သင်ကိုယ်တိုင်ပါပဲ။ အဲဒီတော့ ဘဝကိုလက်လျှော့အရှုံးပေးချင်လာတဲ့အခါ ဘယ်သူကမှ လာပြီးအားပေးတာကို မျှော်လင့်မနေပါနဲ့။ လောကမှာ လူတိုင်းက သူ့အပူနဲ့သူအနည်းအများ ရှိကြတာချည်းပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးမှသာ သင်ကိုတကယ်ပြန်ဆွဲတင်နိုင်မှာပါ။ “ငါလုပ်နိုင်ပါတယ်…..” ဆိုတဲ့စကားကို သင်ကိုယ်တိုင်ပြန်ကြားနိုင်အောင် ရေရွတ်ကြည့်ပါ။ အားပြန်တက်လာသလို ခံစားရပါလိမ့်မယ်။ ၂)အရှုံးမပေးနိုင်ဘူးလို့ ပြန်တွေးပါ။ တကယ်တမ်းအရှုံးပေးနိုင်လား ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ။ အရှုံးပေးလိုက်တဲ့နောက်ဘာတွေဆက်ဖြစ်လာမလဲ…..ကိုယ့်အတွက်အနာချည်းပါပဲနော်။ အတွေးနဲ့တင် ခံစားချက်က တော်တော်ဆိုးဝါးပါတယ်။ အရှုံးပေးလိုက်ပြီလို့ တွေးမှသာ တကယ်ရှုံးသွားတာပါ။ အခုက ရှုံးသွားပြီလို့ သင်ထင်နေတာပါ။ အရှုံးမပေးသေးသရွေ့ သင်အနိုင်ရနိုင်ပါသေးတယ်။ “ငါဘာလို့အရှုံးပေးရမှာလဲ…ငါအနိုင်ယူနိုင်ပါတယ်” လို့ထပ်ခါထပ်ခါတွေးပါ။ ကိုယ့်ကိုကိုယ်ကြားအောင် ထပ်ခါထပ်ခါပြောကြည့်ပါ။ အရှုံးချင်လာတိုင်း ထိုကဲ့သို့ ရေရွတ်နေပါနော်။ ၃) အရှုံးမပေးနိင်ရင် ဘာဆက်လုပ်သင့်မလဲတွေးပါ။ အရှုံးမပေးချင်တဲ့နောက်တော့ အနိုင်ပြန်ရအောင်လုပ်မယ့်နည်းလမ်းတွေ တစ်ခုပြီးတစ်ခုစဉ်းစားပါ။ အရှုံးပေးချင်တဲ့အာရုံတွေ ပြောင်းသွားတာပေါ့။ ဘယ်လိုအနိုင်ရအောင်လုပ်မလဲ…..ဆိုတာကိုသာ တွေးနေပါ။ အကြံရတာနဲ့ ထိုအတွေးအတိုင်းသာ ချက်ချင်းထလုပ်ပစ်လိုက်ပါ။ ၄) အခက်အခဲကို အောင်မြင်မှုဆီသွားမယ့် လမ်းကြောင်းလို့်မှတ်ပါ။ လူတိုင်းအခက်အခဲပေါင်းစုံရှိကြတာပဲလို့တွေးပါ။ လောကမှာ အခက်အခဲမရှိတဲ့သူဆိုတာ မရှိပါဘူး။ အနည်းအများပဲကွာတာပါ။ အဲဒီ့တော့ ခုသင်ကြုံနေရတာတွေကလည်း လူတိုင်းကြုံနေကျအခက်အခဲမျိုးစုံတွေထဲက တစ်ခုပါပဲ။ ပြီးတော့ ခုကြုံနေရတဲ့အခက်အခဲတွေထက် တစ်ချို့သူတွေဆိုရင် ပိုကြီးမားတဲ့အခက်အခဲတွေတောင် ကြုံနေရပါသေးတယ်။ ကိုယ့်ထက်ပိုပြီးအခက်အခဲကြီးမားစွာကြုံနေတဲ့သူတွေကို ရှာပါ။ သူတို့နေရာမှာသာ ကိုယ်ဆိုရင် ဘယ်လိုလုပ်မလဲတွေးပါ။ ကိုယ်ကြုံတွေ့နေရတာက သူတို့ထက်စာရင် အများကြီးတော်ပါသေးတယ်လို့ တွေးပါ။ အဲဒီ့တော့ သင့်အခက်အခဲကို သင်ဖြေရှင်းနိုင်ပါသေးတယ်။ ၅) အကောင်းဘက်တွေးနိုင်သမျှ တွေးပေးပါ။ “ငါတော့ ကျရှုံးသွားပါပြီ….” လို့တွေးတာက ကိုယ့်ကိုကိုယ်ပိုပြီး စိတ်ဆင်းရဲအောင်ဆွဲချနေပါလိမ့်မယ်။ “တစ်ခါကျရှုံးတော့ ဘာဖြစ်သေးလဲ၊ နောက်တစ်ခါ ကြိုးစားတာပေါ့” လို့ တွေးတတ်အောင်တွေးပါ။ အမှားတွေ အရှုံးတွေထဲက သင်ခန်းစာယူတတ်အောင် ယူပါ။ အဲဒါကသာ အရှုံးတစ်ခါကြုံရလေ သင်ခန်းစာတစ်ခါတိုးလေမို့ သင့်ဘဝကို ပိုပြီး အတွေ့အကြုံများပြီး ရင့်ကျက်လာစေမှာပါ။ ၆) တရားထိုင်ပါ။ စာဖတ်ပါ။ စိတ်တည်ငြိမ်သွားစေမယ့် တစ်ခုခုကိုလုပ်လိုက်ပါ။ တရားထိုင်ခြင်းကလည်း စိတ်ကိုငြိမ်စေပါတယ်။ စာဖတ်တာမျိုး၊ ကိုယ်စိတ်ပါဝင်စားတဲ့အရာတစ်ခုခုကို လုပ်နေတာမျိုးက စိတ်ကိုတည်ငြိမ်သွားစေတဲ့အတွက် အခြားမကောင်းသော အတွေးတွေမဝင်စေနိုင်တော့ပါဘူး။ အဲဒီ့အခါကျမှ ကိုယ့်ကိုကိုယ် ပြန်တွေးပြီး ပြန်သုံးသပ်နိုင်မှာပါ။ ၇) ပန်းတိုင်အသေးလေးတွေချမှတ်တာက ပန်းတိုင်အကြီးကြီးဆီ သွားနိုင်မှာပါ။ ဒီတစ်ခါတော့ ကျရှုံးခဲ့ရတယ်။ နောက်တစ်ခါမကျရှုံးဖို့ အသေးစားပန်းတိုင်လေးတွေအရင်ချရေးသတ်မှတ်ပါ။ ပန်းတိုင်အသေးလေးတွေ တဆင့်ပြီးတဆင့်တည်ဆောက်သွားတာက သင့်ကိုသင်ပိုပြီး ယုံကြည်မှုရလာမှာဖြစ်သလို ပန်းတိုင်အကြီးကြီးဆီရောက်ဖို့ ခွန်အားတွေဖြစ်လာမှာပါ။ ၈) ကျရှုံးမှုတွေကြုံလာတိုင်း သင့်ကိုသင်အသုံးမကျသူတစ်ယောက်လို့မတွေးပါနဲ့။ ကျရှုံးမှုနဲ့ အောင်မြင်မှု နှစ်ခုပဲရှိတဲ့နောက်တော့ သင်ကျရှုံးမှုကြုံလာရတာဘာဆန်းသေးလဲ။ ကျရှုံးမှုမကြုံရတော့ရင် အောင်မြင်မှုနဲ့ကြုံလာရမှာပဲလေ။ ကျရှုံးမှုကြုံလာရတာက အောင်မြင်မှုရလာဖို့အတွက် ခွန်အားပါ။ ကျရှုံးဖူးမှ အောင်မြင်မှုကို ပိုပြီးလိုချင်လာမှာလေ။ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုပဲတွေးပါ။ ကျရှုံးရတာက အောင်မြင်ဖို့အတွက်ပဲမို့ ကျရှုံးရတာနဲ့တန်အောင် ပြန်ကြိုးစားလိုက်ပေါ့။ ဘယ်လောက်ပဲရှုံးရှုံးအရေးမကြီးဘူး သင်တကယ်အရှုံးမပေးဖို့ကသာ တကယ်အရေးကြီးတာပါ။#BAWA101

စွမ်းရည် လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ကျန်းမာရေး, လူနေမှုဘဝ

ရေကူးပါ။

ရေကူးခြင်းကြောင့်ဘာအကျိုးကျေးဇူးတွေရစေနိုင်သလဲ....ဆိုတာသိကြတဲ့သူနည်းမယ်ထင်ပါတယ်။ gym သွားပြီးအားကစားလုပ်ရမှာ ချွေးထွက်မှာကြောက်လို့ဖြစ်ဖြစ်၊ ပျင်းနေတာပဲဖြစ် ဖြစ် မလုပ်ချင်ဘူးဆိုရင်တော့ ရေကူးပါ....လို့ တိုက်တွန်းလိုက်ပါရစေနော်။ ရေကူးခြင်းက အကောင်းဆုံး အေရိုးဗစ်အားကစားဆိုတာ သိကြရဲ့လား။ ယောကျာ်းမိန်းမ၊ ကလေးသူငယ်မရွေး ရေကူးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။#BAWA101

စွမ်းရည် ကျန်းမာရေး လူနေမှုဘဝ

စွမ်းရည်, ကျန်းမာရေး, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

မိန်းမကို အိမ်အလုပ်ကူခြင်း ခံစားရရှိနိုင်မည့် အကျိုးကျေးဇူးများ

သင်ကိုယ်တိုင်က ပျင်းရိနေလျှင် သင့်ကို သင့်မိန်းမက ဘဝတစ်ခုလုံးဦးဆောင်ခိုင်းဖို့ ဘယ်လိုများယုံကြည်မှုရှိနိုင်မှာလဲ။ တစ်ချို့တစ်လေ အရိုးစွဲနေတဲ့အတွေးအခေါ်တစ်ခုရှိပါတယ်။ အိမ်မှုကိစ္စဆိုတာ အိမ်ထောင်ရှင်မတွေပဲ လုပ်ကိုင်သင့်တဲ့အလုပ်ဆိုပြီးတော့ပါ။ တကယ်တော့ အဲဒီ့အယူအဆက အမှားကြီးမှားပါတယ်။ သင့်မှာသာ သမီးလေးတစ်ယောက်ရှိခဲ့ရင် အဲဒီလိုအယူအဆရှိတဲ့အိမ်မှာ ချွေးမဖြစ်စေချင်ပါ့မလား။ အဲဒီလိုပါပဲ သင့်မှာသာ သားလေးတစ်ယောက်ရှိခဲ့ရင် အိမ်မှုကိစ္စမှန်သမျှ မိန်းမကလုပ်ပါစေ၊ ဘာမှဝင်မလုပ်နဲ့လို့များ မသွန်သင်မိပါစေနဲ့နော်။ တကယ်တော့ အိမ်ထောင်ရှင်မတွေက အိမ်ထောင်ရှင်ယောကျ်ားတွေထက်တောင် ပိုပြီး ဖိအားတွေဒဏ်ကို ပိုခံရပါသေးတယ်။ အိမ်မှုကိစ္စဆိုတာ ခေါင်းစဉ်တပ်စရာမရှိဘဲ အလွန်များပြားတဲ့အလုပ်တွေပါ။ အဲဒါကို နားလည်ပြီး သင့်ရဲ့အားလပ်ရက်မှာ သင့်မိန်းမရဲ့အိမ်မှုကိစ္စတွေထဲက သင်လုပ်နိုင်မယ်ထင်တဲ့အလုပ်လေးတွေ ကူညီကြည့်လိုက်ပါလား။ သင့်အတွက် အများကြီး အကျိုးကျေးဇူးရစေနိုင်ပါတယ်။ ကဲ….အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ရအောင်။ ၁) သင့်မိန်းမမှ သင့်အပေါ်ပိုပြီး ချစ်ခင်လာနိုင်ခြင်း မိန်းမတွေရဲ့သဘောကိုက စိတ်သဘောထား အရမ်းပျော့ပျောင်းတာပါ။ သင့်မှာ ပြင်ပကဝင်ငွေရအောင် အလုပ်လုပ်ရသေးရဲ့သားနဲ့ အိမ်မှာ အလုပ်ရှုပ်နေတဲ့မိန်းမကို အကူအညီပေးဖော်ရပါသေးလား…..ဆိုတဲ့အတွေးက သင့်အပေါ်ကို သင့်မိန်းမက ပိုမိုချစ်ခင်လာစေပါတယ်။ ပိုပြီးလည်း အားနာမှုကို ဖြစ်စေပါတယ်။ သင့်အတွက်ပိုပြီး သူကအနစ်နာခံချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ့တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပိုပြီး စိုပြေလာနိုင်တာပေါ့။ ၂) ပိုပြီး ယုံကြည်လာစေခြင်း အဲဒါအပြင် ပိုပြီးလည်း ယုံကြည်လာမှာပါ။ “ယောကျ်ားလုပ်သူက ချစ်ရှာသားပဲ….” ဆိုတဲ့အတွေးကို သူကစတွေးပြီဆိုတာနဲ့ သင့်အပေါ် သူ့ရဲ့ယုံကြည်မှုကလည်း အလိုလိုတိုးလာတော့တာပဲလေ။ သံသယနဲ့ရန်လိုခြင်းမရှိတော့တဲ့အခါ အကျိုးဆက်ကတော့ သင်တို့အိမ်ထောင်ရေးသာယာလာစေတာပေါ့။ ၃) စိတ်ဖိစီးမှု လျော့ပါးနိုင်ခြင်း သင့်ရဲ့အိမ်ထောင်ရေးသာယာမှုက သင့်ကိုပိုပြီး အလုပ်တွေအပေါ် အာရုံစိုက်နိုင်စေပါတယ်။ အလုပ်အပေါ်အာရုံစိုက်နိုင်လာတဲ့အခါ သင့်အတွက် အကောင်းဆုံးအခြေအနေတွေချည်းပဲဖြစ်လာနိုင်တယ်မဟုတ်လား။ အဲဒါအပြင် သင့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေ လျော့ပါးစေပါတယ်။ အိမ်ထောင်ရေးသာယာမှုကြောင့် အိမ်ထောင်ရေးကြောင့် ဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေနိုင်ပါတယ်။ ၄) အာရုံစိုက်နိုင်စွမ်းပိုကောင်းလာနိုင်ခြင်း စိတ်ဖိစီးမှုလျော့နည်းတဲ့သူတစ်ယောက်က သူရဲ့တစ်နေ့တာ လုပ်စရာရှိသမျှကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။ အဲဒီ့အတွက် သင်ကပိုပြီးတော့ စိတ်ချမ်းသာနိုင်သလို သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကလည်း တိုးသထက်တိုးလာစေပါတယ်။ ၅) မိသားစုကို အချိန်ပိုပေးနိုင်လာခြင်း သင့်ရဲ့အလုပ်ကိစ္စတွေ မြန်မြန်ပြီးနိုင်လာတဲ့နိုင်တော့ သင်အိမ်ပြန်ရောက်တာနဲ့ သင့်ရဲ့သားသမီးကိုကော သင့်ရဲ့အမျိုးသမီးကိုကော အချိန်ပိုပေးနိုင်လာမှာပါ။ အဲဒါမှ သင့်အတွက် မိသားစုက ပိုပြီးအဓိပါ္ပယ်ရှိလာမှာပေါ့။ ၆) ပိုပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်လာနိုင်ခြင်း သင့်မှာ အချိန်တွေပိုထွက်လာနိုင်သလို သင့်အတွက် မိသားစုကိုအချိန်ပေးနိုင်လာမှာပါ။ သင့်မိသားစုက သင့်အတွက် ပိုပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝဖြစ်လာနိုင်ပါပြီ။ အဲဒီ့တော့ သင့်ဘဝက ပိုပြီး ပျော်စရာကောင်းလာနိုင်ပါတယ်။ ၇) ကျန်းမာရေး ပိုကောင်းလာနိုင်ခြင်း သင့်ရဲ့နေ့ရက်တွေက ပျော်စရာကောင်းနေမှတော့ သင့်ရဲ့ကျန်းမာရေးက ပိုကောင်းလာစေနိုင်တယ်ဆိုတာ ပြောဖို့တောင်လိုတော့မယ်မထင်ပါဘူးနော်။ မိန်းမကို ကူညီလုပ်ဆောင်ပေးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက ငွေနဲ့ဝယ်ယူလို့မရနိုင်တာတွေချည်းပဲမို့ ခုပဲ သင့်မိန်းမနဲ့အတူ အိမ်မှုကိစ္စတွေ ကူလုပ်ပေးလိုက်ပါတော့။ #BAWA101

စွမ်းရည် ကျန်းမာရေး ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

အခုချက်ချင်း ကိုယ့်ကိုယ်ကို ဘယ်လိုပြောင်းလဲပစ်မလဲ။

၁) ပြောင်းလဲချင်သည့်အချက်များကို ချရေးထားပါ။ အတိတ်မှာ မှားခဲ့တဲ့အမှားတွေကို ချရေးလိုက်ပါ။ အဲဒါမှ ဘာတွေမှားခဲ့လို့ ဘာတွေအမှန်ပြင်ရမလဲ၊ ဘာတွေပြောင်းလဲရမလဲဆိုတာ သိမှာပါ။ အမှားတွေရေးပြီးရင်တော့ ပြောင်းလဲချင်သည့်အချက်တွေကို ချရေးလိုက်ပါ။ အဲဒါဆို သင်ပြင်ချင်သည့်အချက်တွေ ချက်ချင်းသင်မြင်လာပါပြီ။ ၂) အလွတ်ရအောင် ရွတ်ပါ။ အခုလက်ရှိသင်ဘာတွေတွေးနေသလဲ ဆိုတာက အရေးမကြီးပါဘူး။ စာရွက်မှာ ချရေးထားတဲ့ ပြင်ချင်တဲ့အချက်တွေကိုသာ မျက်လုံးထဲမြင်နေအောင် ထပ်တလဲလဲ ဖတ်ပါ။ သင့်ကိုသင်ပြန်ကြားနေအောင် ရွတ်ပါ။ အဲဒါက သင်အမှားလုပ်မိတော့မယ်ဆို အခုမြင်နေတဲ့အချက်တွေကို ပြန်မြင်လာမိစေနိုင်ပါတယ်။ ၃) အမှားတွေချည်းပြန်တွေးပြီး နာကျင်မနေပါနဲ့။ အရင်အချိန်ကဘာတွေဖြစ်ခဲ့တာက အရေးမကြီးပါဘူး။ အရင်အမှားတွေက သင်ဘာတွေသင်ယူနိုင်သလဲဆိုတာကသာ သင့်ကိုသတ်မှတ်ပေးမှာပါ။ အတိတ်ကအမှားတွေချည်းပြန်တွေးနေတာက အခုချိန်မှာ ပြောင်းလဲနိုင်ဖို့အချိန်ကုန်စေပါတယ်။ အခုအမှားကိုမြင်တယ် အခုအမှားပြင်မယ်၊ ချက်ချင်းပြောင်းလဲမယ်။ အဲဒါသာတွေးပါ။ ၄) သင့်ကိုနာကျင်စေတဲ့သူတွေကိုရှောင်ပါ။ အချို့သောလူတွေက အရင်ကအမှားကိုသာတဖွဖွ အပြစ်ပြောနေပြီး ခုလက်ရှိအကောင်းလုပ်နေတာမျိုးကိုတော့ မမြင်တတ်ကြပါဘူး။ အဲလိုလူမျိုးကို ဝေးဝေးရှောင်ပါ။ အဲလိုလူမျိုးက ကိုယ့်ရဲ့အရင်က အမှားကိုပြန်ပြီး သတိရ နာကျင်အောင် အစဖော်ပေးနေသရွေ့ ကိုယ်လည်း လက်ရှိပြောင်းလဲမယ့်ကိစ္စကို အာရုံစိုက်လို့ရမှာမဟုတ်ပါဘူး။ သေချာတာကတော့ အခုချိန်မှာ ကိုယ်ကပြင်ချင်စိတ်ရှိတာသေချာဖို့ရယ်၊ ပြင်နေပြီဆိုတာရယ်ပါပဲ။ ၅) သူများတွေနဲ့မနှိုှု်င်းယှဉ်ပါနဲ့။ အနာဂတ်မှာ ပိုကောင်းလာဖို့သာ ပြောင်းလဲပါ။ ကိုယ့်ဘဝကို ကိုယ်ပဲသိနိုင်တာပါ။ သူများနဲ့နှိုင်းယှဉ်ခြင်းက ပိုပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ အခုလက်ရှိပြောင်းလဲနိုင်ခြင်းက နောင်အနာဂတ်မှာ ပိုပြီး ကောင်းတာတွေဖြစ်လာမှာမို့ ပိုပြီး စိတ်ဓာတ်တက်ကြွစေနိုင်တာပါ။ အနာဂတ်ကိုတွေးမျှော်နေတာက ဒီနေရာမှာ အကျိုးရှိပါတယ်။ ၆) ပြောင်းလဲချင်သည့် အချက်အများကြီးထဲက တစ်ချက်ခြင်းကို အာရုံစိုက်ပါ။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုတဲ့အချက်ကို အရင်ပြောင်းလဲမယ်ဆိုပါတော့။ တစ်နေ့လုံး ဆေးလိပ်မသောက်ဘူးဆိုတာကိုသာ အာရုံစိုက်ပါ။ ထိုအကျင့်မပြောင်းလဲသရွေ့ ထိုအချက်ကိုပဲအာရုံစိုက်ပါ။ အဲဒါက သင့်အတွက် ဝန်မပိသလို မြန်မြန်လည်း ပြောင်းလဲပစ်နိုင်ပါတယ်။ တကယ်တော့ ပြောင်းလဲနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဆေးလိပ်ဖြတ်မယ့်အချက်ပြောင်းလဲနိုင်ပြီဆိုပါတော့ အဲဒီ့တော့မှ နောက်တစ်ချက်ကို ဆက်အာရုံစိုက်ပါ။ ၇) အာရုံနှောက်စေတဲ့အကြောင်းအရာတွေကို ဂရုမစိုက်ပါနဲ့။ ဥပမာ။ ဆေးလိပ်ဖြတ်မယ်ဆိုပါတော့ သင့်ပတ်ဝန်းကျင်ကလူတွေက “နင်ကဆေးလိပ်ဖြတ်နိုင်ပါ့မလား။ အလကားပါ…..။” ဆိုပြီး တဖွဖွလာပြောတဲ့သူမျိုးကို လျစ်လျူရှုပါ။ အာရုံမထားပါနဲ့။ မသိချင်ယောင်ဆောင်နေလိုက်ပါ။ သူကြောင့် သင့်ရဲ့မကောင်းတဲ့အကျင့်က ပြန်တောင်အစပေါ်လာနိုင်ပါသေးတယ်။ အဲလိုလူမျိုးနဲ့ကြုံရတဲ့အခါ သင့်စိတ်ထဲမှာ “ငါပြောင်းလဲပစ်နိုင်တယ်….အခုချက်ချင်း၊ ငါပြောင်းလဲပစ်နိုင်တယ်…..ငါလုပ်နိုင်တယ်” အဲလိုမျိုး တွေးနေခြင်းကိုသာ အာရုံစိုက်လိုက်ပါ။ အမှန်တကယ်ကို ပြောင်းလဲနိုင်လာတာကို သင်တွေ့လာပါလိမ့်မယ်။ လူတိုင်းရဲ့စိတ်ထဲမှာ တကယ်လုပ်ချင်စိတ်ရှိရင် တကယ်ဖြစ်အောင်လုပ်နိုင်တဲ့အစွမ်းတွေ လူတိုင်းမှာရှိပြီးသားပါ။ အာရုံစိုက်ဖို့ပဲလိုတာပါ။ သင်လည်း အခုချက်ချင်းပြောင်းလဲချင်ရင် ပြောင်းလဲချင်တဲ့အချက်တွေအပေါ်မှာသာ အာရုံစိုက်လိုက်ပါတော့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား, ကိုးကားစာများ

ငွေနဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုဝယ်မလဲ။

ပျော်ရွှင်မှုကို ငွေနဲ့မဝယ်နိုင်ဘူးလို့ ကျွန်တော်တို့အားလုံးကြားဖူးကြပါတယ်။ ကမ္ဘာပေါ်က ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေက ယေဘုယျအားဖြင့် စိတ်လှုပ်ရှားမှု နဲ့ ပျော်ရွှင်ကို ခံစားရစေနိုင်ပါတယ် ။ဒါပေမယ့် တကယ့်စိတ်ရင်းထဲကပျော်ရွှင်မှုကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုကြောင့်ရတဲ့ပျော်ရွှင်မှုတွေက ကြာရှည်မခံဘူးလေ။ ပျော်ရွှင်ခြင်းဆိုတာက လူတွေရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လည်းဆိုင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အပြင်ပိုင်းလွှမ်းမိုးမှုတွေကို သေချာစဉ်းစားခြင်းမရှိဘဲ ယေဘုယျဆန်ဆန်စဉ်းစားလို့ဖြစ်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့အတွေ့အကြုံအရဆိုရင်တော့ ရေရှည်မှာ သင်ဘယ်လိုခံစားသလဲပေါ်မူတည်ပြီးတော့ ငွေက သေချာတဲ့အကျိုးသက်ရောက်မှုတစ်ခုရှိပါတယ် ။ မကြာခဏဆိုသလို ငွေဟာ ပျော်ရွှင်မှုအတွက် ရန်သူတစ်ယောက်လို ခံစားနေရစဉ်မှာ အောက်ပါအချက်လေးချက်ကိုတွေးကြည့်လိုက်ရင် သင့်ကိုပျော်ရွှင်စေမှာပါ။ ၁) အခြားသူတွေကို သင်က ငွေတွေပေးနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့ သင့်မှာရှိတဲ့ငွေတွေကို ပေးနိုင်ခြင်းပါပဲ။ ဟုတ်ပါတယ်၊ အဲဒါက အပြန်အလှန်အကျိုးရှိတာပဲလေ။ ပထမဆုံး ငွေတွေတိုးပွားအောင်ရှာနိုင်တာထက် ငွေတွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပေးကမ်းနိုင်ခြင်းက ပိုပြီး ပျော်ရွှင်စေပါတယ်။ တစ်စုံတစ်ယောက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်ခြင်းက သင့်အတွက် ပျော်ရွှင်မှု၊ ကြည်နူးမှုကိုခံစားရစေနိုင်တယ်လေ။ ဘယ်လောက်အခြေအနေလောက်ထိ သင်ပေးနိုင်မလဲဆိုတာ သင့်ဟာသင်ဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေကို နေ့လည်စာကျွေးတာမျိုးကတော့ ရိုးရှင်းပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့သူကို ပေးကမ်းလိုက်ခြင်းက သင့်အတွက် ပိုပြီးပျော်စရာကောင်းသလို သူတို့အတွက်လည်း ပျော်ရွှင်စေနိုင်ပါတယ်။ ပြီးတော့ သင့်အတွက် ပိုပြီး အကောင်းဘက်ရောက်တဲ့အတွေးအခေါ်တွေဖြစ်ပေါ်လာစေပါတယ်။ သင့်ဘဝလည်း ဒီထက်ပိုပြီး ပျော်ရွှင်တက်ကြွလာတဲ့အတွက် ဒီထက်ပိုပြီး ငွေဝင်လာအောင်ကြိုးစားရှာဖွေဖို့ ခွန်အားတွေရနိုင်တာပေါ့။ အဲဒီတော့ ငွေတွေ ပေးကမ်းခြင်းက သင့်ထံကို နောက်ထပ်နောက်ထပ်သော ငွေတွေ တိုးပွားလာစေနိုင်ပါတယ်နော်။ ၂) သင့်ရဲ့အခြေခံလိုအပ်ချက်တွေအတွက် သင်ကိုယ်တိုင်စီမံနိုင်ပါတယ်။ ဇိမ်ခံပစ္စည်းတွေကို ဝယ်နိုင်ခြင်းက သင့်ရဲ့ပျော်ရွှင်မှုကို တိုးစေနိုင်ပါတယ်။ သင့်ဘဝရဲ့အဆင့်အတန်းမြင့်လာလေလေ ပျော်ရွှင်မှုအဆင့်ကလည်း တိုးလာပါတယ်။ သင့်ရဲ့အစားအစာတွေဝယ်ယူခြင်းပေါ်မှာ ဈေးနှုန်းအပြောင်းအလဲဖြစ်ခြင်းကတောင် သင့်ရဲ့ပျော်ရွှင်မှုကို အတိုးအလျော့လုပ်နိုင်ပါတယ်။ သင့်ရဲ့အခြေခံကိုယ်ပိုင်လိုအပ်ချက်တွေကို စီမံနိုင်ခြင်းက သင့်မှာ အာဏာလွှမ်းမိုးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ အဲဒါက သင့်ကိုပျော်ရွှင်စေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ကျေနပ်မှုကိုလည်း ခံစားရစေနိုင်ပါတယ်။ အရွယ်ရောက်လာလို့ ကျောင်းကနေ ကောလိပ်ကို အဆင့်ကူးပြောင်းရသလို တွေးလို့ရပါတယ်။ လူတော်တော်များများအတွက် သူတို့ရဲ့အသိုက်အမြုံကိုခွဲခွာပြီး သူတို့ရဲ့အတောင်တွေကိုဖြန့်ကျက်လို့ ပျံသန်းနိုင်တဲ့အခွင့်အရေးရှိပါတယ်။ မိဘတွေက စားစရာတွေ၊ နေစရာတွေ တစ်ကြိမ်တော့စီမံပေးပေမယ့် အခုတော့ ကိုယ့်ဟာကိုယ် ကာကွယ်စောင့်ရှောက်နိုင်ရမှာပေါ့။ အဲဒီ့အချိန်တွေက ကြောက်လန့်စရာကောင်းနေတယ်၊ ဖိအားတွေများနေတယ်ဆိုရင်တောင်မှ သင့်ရဲ့ပထမဆုံးကားတစ်စီးကို သင်ဝယ်နိုင်တဲ့အချိန် ဒါမှမဟုတ် သင့်ရဲ့ပထမဆုံးတိုက်ခန်းတစ်ခန်းကို ဝယ်နိုင်တဲ့အချိန်မှာ သင့်ရဲ့စစ်မှန်တဲ့ခံစားမှုက ပျော်ရွှင်ရမှာပါ။ အဲဒါက ဖြုန်းတီးမှုမဟုတ်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ကိုယ်ပိုင်အခြေခံလိုအပ်ချက်ကိုကိုယ်ဟာကိုယ်ဖြည့်ဆည်းနိုင်တဲ့ယုံကြည်မှုနဲ့ ကိုယ်ပိုင်ချမ်းသာကြွယ်ဝမှုနဲ့ ထိုက်တန်သလောက်တော့ ဝယ်ဖို့ ဂရုစိုက်ရပါမယ်။ ကိုယ့်ကိုကိုယ်တောင် ဂရုမစိုက်နိုင်တဲ့ခံစားမှုကို ဘယ်သူကမှ ကြိုက်မှာမဟုတ်ပါဘူး။ ငွေရှိခြင်းကတော့ သင့်ကိုအဲဒီ့ခံစားမှုမျိုးမခံစားရအောင် ကူညီပေးနိင်ပါတယ်။ ငွေရှိတဲ့အတွက် သင်လိုအပ်တာကို ဝယ်နိုင်တာက သင့်အတွက်ပျော်ရွှင်မှုပါပဲ။ ၃) အကြွေးရှိခြင်းမှ လွတ်မြောက်နိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ပျက်စီးစေတဲ့အကြောင်းအရာတွေထဲက တစ်ခုကတော့ အကြွေးတွေရဲ့ထိုးနှက်ခြင်းကြောင့်ပါပဲ။ အကြွေးကဒ်များ၊ ကားအသစ်များ၊ အပျော်ခရီးထွက်ခြင်း၊ ဆေးကုသစရိတ်၊ ဘဝအတွက်အရေးကြီးတဲ့ ကိစ္စရပ်များ၊ အလုပ်မရှိခြင်း၊ ဈေးဝယ်ထွက်ခြင်း နဲ့အခြားသော ကုန်ကျစရိတ်တွေက သင့်ကိုအကြွေးသံသရာထဲလည်နေစေပါတယ်။ သင်က အကြွေးစယူမိတာနဲ့ အတိုးတွေက ထပ်လာပါတယ်။ ဒီကြောက်စရာကောင်းတဲ့သံသရာထဲက ပြန်ထွက်နိုင်ဖို့က အလွန်အမင်းခက်ခဲလှပါတယ်။ ငွေကို အလွန်အမင်းသုံးဖြုန်းခြင်းကြောင့် အကြွးတွေများလာနိုင်ပါတယ်။ ငွေကို ဉာဏ်ရှိစွာသုံးခြင်းက သင့်ကိုအကြွေးထူခြင်းကနေ လွတ်မြောက်စေနိုင်သလို သင့်အတွက် ငွေကြေးဆိုင်ရာအဆင်ပြေစေမယ့် အနာဂတ်ဖြစ်လာအောင် ဖန်တီးနိုင်ပါတယ်။ အထက်ပါ အကြွေးကြောင့် ဆိုးဝါးတဲ့အခြေအနေတွေက သင့်လက်ထဲမှာ ငွေရှိနေတဲ့အခါ မဖြစ်နိုင်တော့ဘူးလေ။ အဲဒါက ပျော်စရာပဲမဟုတ်လား။ ငွေရှိခြင်းက အဲလိုနေရာမှာ ဘယ်လောက်အကျိုးရှိလိုက်မလဲ။ ငွေရှိတဲ့အတွက် အကြွေးကြောင့် ပူပန်ရတာတွေ၊ ကြောက်လန့်နေရတာတွေမဖြစ်နိုင်တော့ဘူးပေါ့။ ၄) အဓိပါ္ပယ်ရှိတဲ့အလုပ်တွေ လုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြန်တွေးကြည့်ရင် ငွေကိုအသုံးပြုပြီးတော့ သင့်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ အဓိပါ္ပယ်ရှိတဲ့အလုပ်တွေကို သင့်ဘဝမှာ ပြုလုပ်နိုင်ပါတယ်။ သင့်အတွက် ပျော်ရွှင်မှုအပြည့်အဝခံစားဖို့ ယူဆောင်ပေးနိုင်မယ့် အဓိက ရည်မှန်းချက်ကိုဖြစ်မြောက်စေနိုင်ပါတယ်။ အထက်ပါဖြစ်စဉ်တွေအရာ သင့်ရဲ့ကလေးကို ကောလိပ်ကိုရောက်အောင် သင်ပို့ပေးနိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ သင့်ကိုယ်ပိုင်ပရဟိတအဖွဲ့တစ်ခု စတင်နိုင်တဲ့အခါ သင်ဘယ်လိုခံစားရမလဲ။ အထူးသဖြင့် သင့်ရဲ့နောက်ထပ် နှစ်ပတ်လည်ပွဲတစ်ခုပြုလုပ်နိုင်ရင် ဒါမှမဟုတ် သင့်ရဲ့ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖန်တီးနိုင်တဲအခါဆိုရင် သင်မကြိုက်ဘူးလား။ ငွေရဲ့စွမ်းအားက သင့်ရဲ့ရည်မှန်းချက်ကိုရောက်အောင် သင့်ရဲ့ဘဝကိုပိုပြီးအဓိပါ္ပယ်ရှိလာအောင် ကူညီပေးနိုင်ပါတယ်။အရာဝတ္ထုတွေကိုပဲဝယ်နိုင်တဲ့ဆိုတဲ့ သင့်ရဲ့သဘောထားကို ပြောင်းလဲပစ်ဖို့ကြိုးစားခြင်းက ငွေကနေ ပိုပြီး အဓိပါ္ပယ်ရှိတဲ့ဘဝကိုရှာဖွေနိုင်ပါတယ်။ သင့်ရဲ့စိတ်ထဲမှာ ဘဝအတွက်ပိုပြီးကြီးမားတဲ့ရည်မှန်းတွေကိုချမှတ်သောအခါ ငွေရှိခြင်းကပိုပြီးလွယ်ကူလာစေပါတယ်။ အဲဒါကြောင့် နောက်တခါ တစ်စုံတစ်ယောက်က ငွေက ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးလို့ ပြောတာ သင်ကြားမိတဲ့အခါ အထက်ပါအချက်တွေကို ပြန်တွေးလိုက်ပါ။ ငွေနဲ့ပတ်သက်ပြီး ပိုကောင်းတဲ့အမြင်တွေရှိလာတဲ့အခါ သင့်ဘဝကိုပျော်ရွှင်မှုတွေပိုတိုးလာစေမယ် သင့်ဘဝရဲ့စွမ်းရည်တွေလည်း တိုးတက်လာနိုင်ပါတယ်နော်။ https://www.lifehack.org/535275/four-real-ways-money-can-buy-happiness မှ ဘာသာပြန်ပြီးဖော်ပြပေးထားခြင်းဖြစ်ပါတယ်။#BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား ကိုးကားစာများ

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

နံနက်စာစားဖို့တောင် အခက်အခဲ ဖြစ်နေတဲ့ နေ့ရက်တွေကို ဘယ်လိုကျေ်ာဖြတ်မလဲ

အရမ်းကြပ်တည်းပြီး နံနက်စာစားဖို့တောင် ငွေမရှိတဲ့ဘဝမျိုးကို ကြုံခဲ့ဖူးမလား။ အဲဒီလိုအခြေအနေမျိုးသာ ကြုံလာခဲ့ရရင် သင်ဘယ်လိုများကျော်ဖြတ်မလဲ။ အောက်မှာ လုပ်သင့်တဲ့အချက်လေးတွေ ရေးပေးထားပါတယ်။ ၁) အဖြေရှာပါ။ ဘာကြောင့် ဒီလိုအခက်အခဲတွေဖြစ်လာရတာလဲ။ သင်အသုံးမကျခဲ့လို့လား၊ ပတ်ဝန်းကျင်ကြောင့်လား ဘာကြောင့်လဲဆိုတဲ့ အဖြေကို သင့်ကိုသင်အမှန်အတိုင်းပေးနိုင်ဖို့က နံနက်စာစားဖို့ထက်တောင် အရေးကြီးပါသေးတယ်။ ဟာသတစ်ခုအနေနဲ့ဆိုရင် နံနက်စာစားဖို့ မရှိရင်တောင် ရေသောက်ဗိုက်မှောက်နေလို့ရသေးတယ်မဟုတ်လား။ ရေတောင်သောက်ဖို့မရှိဘူးဆိုရင်ကော……။ ဟုတ်တယ်၊ အဲဒါ ပြဿနာပဲလေ။ ဘာလို့များ ဒီလိုအခြေအနေမျိုးဖြစ်လာရတာလဲ…..အဖြေကို သိဖို့က အားလုံးထက်အရေးကြီးပါတယ်။ အဖြေသိမှ အကောင်းဆုံးလုပ်လို့ရမှာပေါ့။ အဖြေကိုသိဖို့ သင့်ကိုသင်တောင်မလိမ်ညာမိပါစေနဲ့နော်။ ၂) အဖြေကိုသိပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါ။ ဟုတ်ပါပြီ….အဖြေကတော့ သင်ဘာမှမလုပ်လို့ဘဲဆိုပါစို့ အဲဒါဆို တစ်ခုခုတော့လုပ်မှဖြစ်တော့မှာပေါ့ လွယ်ပါတယ်။ မဟုတ်ဘူး…..သင်လုပ်နေရင်းနဲ့ကို ဖြစ်မလာသေးတာပါ။ သင်ဖြစ်ချင်တာကို ရှေ့ဆက်လုပ်ဆောင်နေရင်းနဲ့ကို ဒီလိုမျိုးဖြစ်နေရတာပါပဲ ၊ ဒါဆိုရင်တော့ ကောင်းပါတယ်…..အခုကြုံနေရတာက အခိုက်အတန့် အခက်အခဲတစ်ခုပါပဲ။ သင်လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ဆောင်သွားပါ။ အဲလိုလည်းမဟုတ်သေးပါဘူး……ကျွန်တော်တော့ ကြိုးစားနေရင်းနဲ့ ကျွန်တော့်အပေါင်းအသင်းမှားကြောင့်၊ ကျွန်တော့်ပတ်ဝန်းကျင်ကြောင့်၊ ကျွန်တော့်အမှားကြောင့် ကျွန်တော့်ဘဝကြီးတစ်ခုလုံး ဒီလိုအခြေအနေမျိုးကြုံသွားရပါတယ်ဆိုပါစို့။ အဲဒါဆို အဲဒီ့ပတ်ဝန်းကျင်၊ အဲဒီ့အပေါင်းအသင်းရဲ့ဆိုးကျိုးကို သင်သိသွားပြီမလား။ သင့်ရဲ့အမှားကို သင်သိသွားပြီမလား၊ သင်ခန်းစာယူပြီး နောက်မဖြစ်အောင် ကြိုးစားလိုက်ပါ။ အဓိကက အခြေအနေတွေအားလုံးကို သင့်ကိုသင်တောင်မလိမ်ညာဖို့ပါပဲ။ အဖြေကိုအမှန်အတိုင်းမြင်ပြီးတဲ့နောက် သင့်ကိုသင်ခိုင်းပါတော့။ အလုပ်မရှိရင် အလုပ်လုပ်ခိုင်းပါ။ ပြုပြင်စရာရှိပြုပြင်ခိုင်းပါ။ သင်ယူစရာရှိ သင်ယူခိုင်းပါ။ တစ်ခုခုလုပ်နေတာက ဒီနေ့အချိန်ကို အကျိုးရှိစွာကုန်ဆုံးစေပြီး မနက်ဖြန်အတွက် အကျိုးအများကြီးရနိုင်မှာပေါ့။ ယုတ်စွအဆုံး ဒီနေ့ နံနက်စာစားဖို့မရှိဘူးဆိုရင်တောင် မနက်ဖြန်အတွက် နံနက်စာလောက်ကတော့ ရှာပြီးသားဖြစ်သွားမှာပါ။ တစ်ခုရှိတာက ဒီနေ့ရှာ၊ နောက်နေ့ပြန်အိပ်နေလို့မဖြစ်တာပါပဲ။ ၂) အလွယ်နည်းမလိုက်ပါနဲ့။ ကိုယ့်ကိုကိုယ်အားကိုးဖို့ပဲ စဉ်းစားပါ။ တစ်ချို့ကတော့ ထိုကဲ့သို့အခြေအနေမျိုးကို ခံနိုင်ရည်မရှိကြပါဘူး။ အဲဒီ့အခါ ဘာအကျိုးဆက်တွေဖြစ်လာသလဲဆိုတော့ အလွယ်နည်းလိုက်ကြတာပါပဲ။ မိန်းကလေးတွေ အနေအစားချောင်ဖို့အတွက် မလုပ်သင့်တာတွေကို လုပ်ရဲလာကြပါတယ်။ သူများအိမ်ထောင်ရေးဖျက်ဆီးပစ်ဖို့၊ သူများရဲ့ အငယ်အနှောင်းဖြစ်ဖို့လည်း ဝန်မလေးကြတော့တာမျိုးပေါ့။ အလွယ်နည်းလိုက်ခြင်းက လက်ရှိမှာ အဆင်ပြေစေပေမယ့် ရေရှည်အတွက်လုံးဝအဆင်မပြေနိုင်ပါဘူး။ ပြီးတော့ သင့်ကိုသင်ဖျက်ဆီးခြင်းပါပဲ။ ဘယ်အခက်အခဲမဆို အဖြေဆိုတာရှိပါတယ်။ သင့်မှာ လက်ထဲငွေတပြားမှမရှိဘူး၊ သင်ရဲ့အရင်းနှီးဆုံးအပေါင်းအသင်းကို သင်ငွေသွားချေးမယ်ဆိုပါစို့၊ ကံကောင်းစွာနဲ့ သူက သင့်ကိုသနားခြင်းအားဖြင့် ငွေအနည်းငယ်ချေးပေးလိုက်တယ်ဆိုရင် ခုလက်ရှိသင့်မှာ စားဖို့သောက်ဖို့ရသွားပါပြီ။ ဒါပေမယ့် အဲဒီ့အကြွေးကိုဆပ်ဖို့တော့ သင်ထိုင်နေလို့မရဘူးလေ။ အလုပ်တစ်ခုတော့ သင်ရှာကြံလုပ်ရတော့မှာပေါ့။ သင့်သူငယ်ချင်းက သင့်ကိုလုံးဝကိုမချေးမငှားဘူးဆိုရင်ကော ဘာဖြစ်သေးလဲ၊ လောကမှာ လက်နှစ်ဖက်ခြေနှစ်ချောင်းနဲ့ လူတစ်ယောက်အဖြစ်ရှိနေသေးတာက သင့်အတွက် များစွာသော လာဘ်လာဘပါပဲ။ မသေမချင်း သင်ငွေရှာနိုင်သေးတာပဲလေ။ အဓိကက စိတ်ဓာတ်ပါ။ လဲကျနေရင် ပြန်ထမယ်ဆိုတဲ့ စိတ်ဓာတ်ဖြစ်ပြီး ငွေမရှိရင် ရိုးသားသောစိတ်ဓာတ်ဖြင့် ငွေရှာမယ်ဆိုတဲ့စိတ်ဓာတ်ပေါ့။ ခုလက်ရှိနံနက်စာစားဖို့မရှိရင် နောက်နေ့နံနက်စာစားဖို့မရှိဘူးဆိုတာ မဖြစ်ရအောင် ဒီနေ့ကတည်းက ပြင်ဆင်ခွင့်ရှိတယ်လေ၊ အဲဒီ့တော့ သင်အိပ်နေအုံးမှာလား။ ကိုယ့်အားကိုယ်ကိုးပြီး နောက်နေ့စားစရာမရှိဘူးဆိုတာ မဖြစ်ရအောင် အလုပ်လုပ်ပါ။ ၃) ကမ္ဘာကြီးပျက်စီးသွားရင်တောင် ကိုယ့်ကိုကိုယ်မဖျက်ဆီးဘူးဆိုတဲ့စိတ်ဓာတ်မွေးပါ။ လူဆိုတာမျိုးက အခက်အခဲတွေအရမ်းကြုံလာရတဲ့အခါ ကမ္ဘာမီးလောင်ရင် သားကောင်တောင်ချနင်းတတ်ကြသေးတာမျိုးပါ။ အဲလိုလူတွေထဲမှာ ကိုယ်မပါပါစေနဲ့။ သေလောက်မယ့်အခက်အခဲမျိုး ကြုံလာရရင်တောင် ကိုယ့်ရဲ့ ကိုယ်ကျင့်သိက္ခာကိုဖျက်ဆီးပြီးမှ ရမယ့်အလုပ်မျိုး လုံးဝမလုပ်မိပါစေနဲ့။ အဲဒီ့စိတ်ဓာတ်က သင့်ကို သူများနဲ့မတူတဲ့ဘဝတစ်ခုဖြစ်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ မယုံမရှိပါနဲ့နော်……ငွေတွေမချမ်းသာရင်တောင် သင်စိတ်ချမ်းသာနေရပါလိ့မ်မယ်။ အဲဒီ့တော့ ကိုယ်ရဲ့နံနက်စာတောင်စားဖို့မရှိတဲ့အခက်ခဲကို ရိုးသားဖြောင့်မတ်ခြင်းဖြင့် ကျော်ဖြတ်ပါ။ ၄) အားတင်းပါ၊ တကယ်လုပ်ပါ၊ ဇွဲရှိပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်ပါ။ ကြားဖူးနေကျ စကားလုံးလေးတွေပါပဲ။ ဒါပေမယ့် တော်တော်ထိရောက်ပါတယ်နော်။ အဲလိုအချိန်မှာ သင့်ကိုသင် ကြားလောက်အောင် “အားတင်းထား….၊ ဒီတိုင်းမနေဘူး တကယ်ပြန်ထနိုင်အောင် ကြိုးစားမယ်” လို့ ခပ်ကျယ်ကျယ်လေး ပြောကြည့်ပါလား။ ချက်ချင်းအားပြန်တက်လာပါလိမ့်မယ်။ ပြောပြီး တကယ်လုပ်ပါ။ တကယ်လုပ်ဖို့လိုသလို ဇွဲရှိရှိလုပ်ဖို့လုပ်ပါတယ်။ ပြီးတော့ ကိုယ်လုပ်နိုင်တယ်…….ကိုယ်ကျော်ဖြတ်နိုင်တယ်……ကိုယ်အောင်မြင်နိုင်တယ်လို့လည်း ကိုယ့်ကိုကိုယ်ယုံကြည်ထားပါ။ ကိုယ့်ကိုကိုယ်ယုံကြည်နေတဲ့သူက သူများထက်ကို ပိုပြီး ခွန်အားပြည့်နေတတ်ပါတယ်။ မယုံမရှိနဲ့နော်……..ခုပဲပြောလိုက်ပါ။ ၅) အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ။ သင့်ဘဝရဲ့အခက်ခဲဆုံးနေ့ရက်တွေမှာ အောင်မြင်မှုကို စိတ်ကူးယဉ်ကြည့်နေတာက သင့်ကိုပြန်လည် အားတက်စေနိုင်ပါတယ်။ “သင့်ရဲ့ရည်မှန်းထားတာတွေဖြစ်လာတဲ့အခါ…… သင်ဖြစ်ချင်တာတွေဖြစ်လာတဲ့အခါ………. သင်အောင်မြင်ချင်တာတွေအောင်မြင်လာမယ့်အချိန်…………” စသည်ဖြင့် စိတ်အညစ်နေဆုံးအချိန်မှာ အဲလိုလေးတွေးပြီး မြင်ယောင်ကြည့်လိုက်တာက ပြန်အားတက်လာစေပါလိမ့်မယ်။ တစ်ခုတော့ရှိတာပေါ့………မြင်ယောင်ပြီး စိတ်ကူးယဉ်နေရုံနဲ့တော့ ဘာမှမဖြစ်လာပါဘူး။ ဒီနေရာမှာ အောင်မြင်မှုကို မြင်ယောင်စိတ်ကူးယဉ်ကြည့်ခြင်းက သင့်ရဲ့စိတ်ဓာတ်တက်ကြွလာဖို့ ကူညီနိုင်တာတစ်ခုပဲ။ စိတ်ဓာတ်ပြန်လည်တက်ကြွလာတဲ့နောက်တော့ အောင်မြင်မှုဆီ၊ သင်ဖြစ်ချင်တာတွေဆီသွားမယ့်လမ်းပေါ်မှာ ပြန်ထပြီး လမ်းလျှောက်ပါ။ ၆) ကိုယ့်ကိုကိုယ်အားပေးပါ။ တလောကလုံးကလူတွေက သင်ကို အားမပေးပါစေနဲ့၊ ကိစ္စမရှိပါဘူး….သင့်ကိုသင်အားပေးနေဖို့သာအရေးကြီးတာပါ။ ကျွန်တော့်တို့ အခက်အခဲတွေကြုံလာတိုင်း “ကိုယ်ကြိုးစားနေတာပဲ……ဒါတွေက အခိုက်အတန့်ပါ၊ ပြီးတော့လည်း ပြီးသွားမှာပါပဲ၊ ဆက်ကြိုးစားခြင်းဖြင့် ကျော်ဖြတ်ရမှာပဲ။” ဆိုတာကို သင်သိထားရပါမယ်။ အမြဲတွေးနေရပါမယ်။ အမြဲသင့်ကိုသင်အားပေးနေဖို့က အရေးကြီးပါတယ်။ သင့်ကိုသင်တောင်အားမပေးနိုင်တော့ဘူးဆိုရင် ဘုရားတောင်မှ လာကယ်လို့မဖြစ်နိုင်တော့ပါဘူး။ တကမ္ဘာလုံးကလူတွေ အားမပေးရင်တောင်နေပါစေ၊ ငါ့ဟာငါအားတင်းမယ်…..ဆိုတဲ့စိတ်မွေးပါ။ အထက်ပါအချက်လေးတွေကြောင့် သင့်ရဲ့နံနက်စာတောင်စားဖို့မရှိလောက်အောင် ခက်ခဲနေတဲ့နေ့ရက်လေးတွေမှာ ခွန်အားသေးသေးလေးဖြစ်နိုင်ခဲ့ရင် ကျေနပ်နိုင်ပါပြီ။ ဒီနေ့နံနက်စားဖို့မရှိခြင်းက နောက်နေ့အထိမဖြစ်ပါစေနဲ့နော်။ ခုပဲလုပ်စရာရှိတာလုပ်ပြီး အားတင်းကျော်ဖြတ်လိုက်ပါတော့။#BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ကျောင်းထုတ်ခံရရင် ဘဝကြီးဆုံးပီလား???

ကျွန်တော်တို့ရဲ့ဘဝမှာ ကျရှုံးမှုတွေအများကြီး ကြုံခဲ့ဖူးမှာပါ။ ခုထိလည်း ကြုံနေဆဲဖြစ်နေအုံးမှာပါ၊ နောင်လည်း ကြုံနိုင်သေးတာပါပဲ။ အရေးကြီးတာက ကျရှုံးမှုတွေတိုင်းမှာ ပြန်လည်ထူမတ်နိုင်ဖို့ပါ။ ကျွန်တော်တို့ရဲ့ဘဝမှာ အထူးသဖြင့် ငယ်ငယ်လေးတည်းက မိဘတွေဆုံးမနေကျစကား ရှိပါတယ် “ကျောင်းမှန်မှန်တက်ပြီး ပညာတတ်ကြီးဖြစ်အောင်ကြိုးစား…..” ဆိုတဲ့စကားပါ။ ကျွန်တော်တို့ကလေးဘဝတည်းက အမြဲရင်းနှီးနေတာက ကျွန်တော်တို့ဘဝမှာ ကျောင်းစာကြိုးစားမှ ပညာတတ်ဖြစ်မယ်၊ အဲဒါသည်သာ ပညာဖြစ်ပြီး၊ ထိုပညာကသာ ကျွန်တော်တို့ရဲ့ဘဝကို မြှင့်တင်ပေးလိမ့်မယ်၊ ဆိုတဲ့အတွေးပါပဲ။ ထိုအတွေးမျိုးကို များသောအားဖြင့် မိဘတိုင်းလိုလိုက သားသမီးတွေကို ပြောနေကျဖြစ်မှာပါ။ ဘာကိုမှ မသိနားမလည်သေးတဲ့ကလေးဘဝမှာတော့ ကျောင်းမှန်မှန်တက်မယ်……စာကြိုးစားမယ်…….ဆရာဝန်ကြီးဖြစ်မှ၊ အင်ဂျင်နီယာကြီးဖြစ်မှ အောင်မြင်မယ်လို့ ယုံကြည်နေခဲ့ကြတာပေါ့။ တစ်ချို့သောမိဘတွေက သားသမီးကိုနားလည်စွာနဲ့ သူတို့အိပ်မက်ကို သူတို့ကိုယ်တိုင် မက်ခွင့်၊ ပုံဖော်ခွင့် ပေးတတ်ကြပါတယ်။ တစ်ချို့သောမိဘတွေကတော့ အထက်ကပြောခဲ့သလို ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ စသည်ဖြင့် သူတို့ချမှတ်ပေးထားတဲ့ အိပ်မက်လို့ထင်နေတဲ့ အိပ်မက်အတုအယောင်ကိုသာ ကလေးတွေရဲ့ခေါင်းထဲရိုက်ထည့်ပြီး ကြီးပြင်းစေတတ်ကြပါတယ်။ ဒီနေရာမှာ မိဘများကို အပြစ်ပြောချင်တာမျိုးမဟုတ်ဘဲ အိပ်မက်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတာကို ပြောချင်တာပါ။ မိဘတိုင်းကတော့ သားသမီးတိုင်းကို အကောင်းဆုံးတွေသာ ဖြစ်စေချင်တာမို့ အကောင်းဆုံးထင်တာကိုသာ ဖြစ်စေချင်ကြတာပါ။ အဲဒီ့နေရာမှ စတင်ပြီး မိဘနဲ့သားသမီးကြားက ကွဲလွဲမှုတွေ စဖြစ်နိုင်တော့တာပါပဲ။ ကျောင်းမှန်မှန်တက်မှ၊ ကျောင်းမှာ အမှတ်ကောင်းမှ ထင်နေတဲ့မိဘများက သားသမီးကျောင်းကထွက်ရတဲ့အခါ စေတနာဇောနဲ့ ဆူပူအပြစ်တင်တဲ့အခါ သားသမီးတွေမှာ ကျောင်းကထွက်ရတာသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာပျက်စီးသွားပြီလို့ ခံစားရလာနိုင်ပါတယ်။ အလိုလိုမှ ကျောင်းကနေထွက်ရတဲ့အတွက် စိတ်ဖိစီးသည့်အချိန်မှာ မိဘကပါ ဆူပူတာမျိုးကြုံလာတဲ့အခါ မကောင်းသောအကျိုးဆက်တွေ တန်းစီပြီးဖြစ်လာနိုင်ပါတယ်။ အရေးကြီးဆုံးက ကျောင်းက ထွက်ရခြင်းသည် ဘဝကြီးတစ်ခုလုံး ဆိုးရွားစွာ ပျက်စီးခြင်း၊ ပြန်လည်မတည်ဆောက်နိုင်တော့ခြင်းမျိုး လုံးဝမဟုတ်ဘူးဆိုတာပါပဲ။ ဘဝဆိုတဲ့ကျောင်းမှာ အောင်မြင်ဖို့သာ အရေးကြီးပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ပညာတွေကို ရှာမှီးနိုင်ဖို့ အရေးကြီးပါတယ်။ ကျောင်းထွက်ရတဲ့အခါ……..ဘာဆက်လုပ်မလဲဆိုတဲ့ အမေးမျိုးကို ကြားဖူးကြမှာပါ။ ကျောင်းထွက်ရတဲ့အခါ လူငယ်လေးတွေမှာ ဘာဆက်လုပ်လို့လုပ်ရမှန်းမသိတာမျိုး ဖြစ်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ လူငယ်လေးတွေကို ငယ်စဉ်ကတည်းက ဘာကြီးဖြစ်ရမယ်….ဆိုပြီး တိုက်တွန်းထားကြတဲ့အတွက် မှန်းထားတာကြီးကမဖြစ်လာဘဲ ဘာဆက်လုပ်ရမှန်းမသိတော့တာမျိုးဖြစ်တတ်တာပါ။ အဲဒါရဲ့ ပြဿ နာက ဘဝနဲ့ပတ်သက်တဲ့ရည်မှန်းချက်မချမှတ်ထားလို့ပါ။ မိဘသတ်မှတ်ပေးထားတဲ့ ခေါင်းစဉ်တစ်ခုကို ပုံသေကားချလမ်းကြောင်းအတိုင်းသွားတယ်မဖြစ်လာတဲ့အခါ ဘာဆက်လုပ်ရမှန်းမသိတော့ပါဘူး။ ပုံသေကားချလမ်းကြောင်းကြောင့် ကိုယ်တကယ်ချစ်ခင်မြတ်နိုးတဲ့ အိပ်မက်သည် ဘာလဲဆိုတာ မသိကြတော့ပါဘူး။ အဲဒီ့တော့ အခု သင်ကျောင်းထွက်လိုက်ရပြီဆိုပါစို့……. ၁) ရည်မှန်းချက်ပန်းတိုင်က ဘာလဲ သိအောင်လုပ်ပါ။ သင်ကိုယ်တိုင်က ကျောင်းထွက်လိုက်ရလို့ စိတ်ဓာတ်ကျနေမှာ အမှန်ပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းပါပဲ၊ သင့်ရဲ့ကိုယ်ပိုင်အိပ်မက်ကို အခုမှ သင်တည်ဆောက်ခွင့်ရတာလို့တွေးပါ။ ပြီးတော့ သင့်အိပ်မက်ကို သင်ရှာဖွေပါ။ သင့်အိပ်မက်ဆိုတာက ထိုအလုပ်တစ်ခုကို ဘယ်တော့မှ မရိုးနိုင်ဘဲလုပ်ချင်နေတာမျိုး၊ ဒါမှမဟုတ် သင်အရမ်းသဘောကျနှစ်သက်တဲ့အလုပ်ကို သင်ကိုယ်တိုင်တည်ဆောက်ချင်နေတာမျိုးပါ။ ဥပမာ၊ သင်က ကဗျာတွေရေးနေရရင်ကို ပျော်နေတယ်ဆိုရင် သေချာပါတယ် အဲဒီ့အလုပ်က သင့်အိပ်မက်ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်က အသံကောင်းတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ သင့်ပတ်ဝန်းကျင်က လူတိုင်းကပြောတယ်၊ သင်ကိုယ်တိုင်လည်း သီချင်းတွေဆိုနေရရင်ကို မောရမှန်းမသိဘူးဆိုရင်တော့ သေချာပါတယ် အဲဒါက သင့်ရဲ့အိပ်မက်ဖြစ်နိုင်ပါတယ်။ ၂) သင့်အိပ်မက်ကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့ နည်းလမ်းကို ရှာဖွေပါ။ စဉ်းစားပါ။ သင်ရဲ့အိပ်မက်ကို သိပြီဆိုတဲ့နောက်မှာ သင်တကယ်လုပ်ချင်တာမျိုးလား၊ တကယ်ပဲ တစ်ဘဝလုံးမှာ မညည်းမငြူလုပ်နိုင်ပြီး ထိုအလုပ်မှာ စိတ်နှစ်ရလေ ပိုပြီးပျော်ရွှင်ရလေဖြစ်မယ်ဆိုရင် သေချာပါတယ်၊ အဲဒါက သင့်ရဲ့အိပ်မက်အစစ်အမှန်ပါပဲ။ သင့်ကိုသင်ပြန်မေးပြီး သေချာပြီဆိုရင် နည်းလမ်းရှာပါ။ သင်က ကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တာဆိုပါစို့……စီးပွားရေးနဲ့ပတ်သက်တာတွေ သင်လေ့လာရမယ်၊ ဘာသာစကား၊ စီမံခန့်ခွဲမှု စသည်ဖြင့် တဆင့်ခြင်း သင်ယူဖို့သင်တွေးရပါလိမ့်မယ်။ ၃) အခက်အခဲတွေ ကြုံရတိုင်းလက်မလျှော့ပါနဲ့။ ကမ္ဘာပေါ်မှာ ကျောင်းဆက်မတက်ဖြစ်တော့ဘဲ အောင်မြင်နေတဲ့သူတွေအများကြီးပါ၊ ကိုယ်တိုင်က ဖြစ်ချင်တာက ကုမ္ပဏီပိုင်ရှင်ပါ၊ ငွေကြေးဥစ္စာမပြည့်စုံလို့ အရင်းအနှီးမရှိလို့ ဒီအိပ်မက်လုံးဝမဖြစ်နိုင်ပါဘူး လို့ ဘယ်သူပြောပြော ကိုယ်တိုင်ကဖြစ်အောင်လုပ်မယ့်စိတ်ထားပြီး ဖြစ်အောင်လုပ်ရင် ဖြစ်နိုင်ပါတယ်။ ကိုယ်တိုင်က လက်လျှော့လိုက်ရင်တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ ကျောင်းထွက်ရလို့ လမ်းဘေးရောက်ရတယ်ဆိုတာက ကျောင်းထွက်ပြီးတာနဲ့ ဘဝအတွက် ဘာရည်မှန်းချက်ပန်းတိုင်မှ မသတ်မှတ်ဘဲ ကိုယ်တိုင်က လေလွှင့်ပစ်လိုက်လို့ပါ။ ကျောင်းထွက်ပြီး အောင်မြင်လာသူတွေရဲ့ သမိုင်းကြောင်းတွေ လိုက်ဖတ်ကြည့်လိုက်ပါ၊ ကျောင်းထွက်ပြီး လေလွှင့်နေခဲ့ရင် အောင်မြင်သူတောင်ဖြစ်လာမှမဟုတ်ပါဘူး။ အဲဒီ့တော့ သင်မှတ်ထားရမှာက ကျောင်းထွက်ရတိုင်း ဘဝမပျက်ပါဘူး။ ကိုယ့်ဘဝကို ကိုယ်တိုင်ကဖျက်မှ ပျက်တာပါ။ ကျောင်းထွက်ရတာနဲ့ ဘဝပျက်ရတာ လုံးဝမသက်ဆိုင်ပါဘူးဆိုတာပါပဲ။ ၄) ဘယ်သူဘာပြောပြော ကိုယ်လုပ်ချင်တာသာ တစိုက်မတ်မတ်လုပ်ပါ။ ဆိုလိုချင်တာက ကိုယ်ဖြစ်ချင်တာက ဘာလဲဆိုတာသိပြီ၊ ကိုယ်သွားမယ့်လမ်းကြောင်းကို တစ်ဆင့်ချင်း ဘယ်လိုသွားမလဲဆိုတာကို ရှာနိုင်ပြီ၊ ဆက်ပြီးလုပ်ဆောင်သွားဖို့ပဲရှိတာကို အပျက်သဘောမျိုး ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့ပြောချင်တာပါ။ ကျောင်းကတော့ထွက်လိုက်ရပြီ….ဒါပေမယ့် ဘာလုပ်ရမှန်းမသိဘဲ ဘယ်သူဘာပြောပြောဂရုမစိုက်တာမျိုးကတော့ မိုက်မဲတာဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာပြောချင်တာကတော့ ကိုယ့်ရဲ့ပန်းတိုင်က ကိုယ့်အတွက်တော့ ကမ္ဘာကြီးတစ်ခုလိုခံစားရပေမယ့် အများအမြင်မှ ဘာမှအရာမရောက်တဲ့အရာမျိုးဖြစ်နေတာမျိုးဆိုရင် ကိုယ့်ရဲ့ပန်းတိုင်နဲ့ပတ်သက်ပြီး အပေါစားဆန်ဆန်စကားမျိုးကို နားမယောင်ဖို့ ပြောချင်တာပါ။ ဥပမာ သင်ကကုမ္ပဏီပိုင်ရှင်ဖြစ်ချင်တယ်။ အရင်းအနှီးကလည်း တပြားမှမရှိပါဘူးဆိုရင် သင့်ပတ်ဝန်းကျင်ကလူတွေက သင့်ရည်မှန်းချက်ကိုလှောင်ပြောင်ရယ်မောတာမျိုး၊ မဖြစ်နိုင်ပါဘူး…..လို့ ပြောတတ်တာမျိုး သင်ကြုံရမှာပါ။ အဲဒီ့အခါ ဘာအတွက်ကြောင့်မှ သူတို့စကားကိုနားမယောင်ပါနဲ့။ သင်တကယ်ဖြစ်ချင်ရင် တကယ်ဖြစ်အောင် လုပ်နိုင်တဲ့နည်းလမ်းတွေအများကြီးပါ၊ သင်ရှာဖွေနိုင်ဖို့နဲ့ တကယ်လုပ်နိုင်ဖို့ပဲလိုတာပါ။ entrepreneurs တွေဘယ်လိုလုပ်အောင်မြင်လာသလဲ…..။ တကယ်မလုပ်ဖူးသေးတဲ့သူတွေ၊ လုပ်ဖို့လည်း စိတ်ကူးမရှိတဲ့သူတွေကတော့ မဖြစ်နိုင်ဘူးပဲပြောတတ်ကြတာပါ။ တကယ်လုပ်ပြီး တကယ်ဖြစ်သွားတဲ့သူတွေကျတော့ အားလုံးအံ့အားသင့်သွားကြရတာပါပဲ။ အဲဒီ့တော့ ကိုယ်သွားမယ့်လမ်းကြောင်းမှာ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ ၅) ဇွဲရှိရှိ ကြိုးစားပါ ပန်းတိုင်သတ်မှတ်တာက ကိုယ်သွားမယ့်လမ်းကြောင်းကိုသတ်မှတ်တာပါ၊ ဘာဆက်လုပ်မလဲ….ကိုယ့်ပန်းတိုင်နဲ့နီးစပ်ရာကို ရှာဖွေတာက ကိုယ်သွားမယ့်လမ်းကြောင်းကို စပြီးခြေလှမ်းလှမ်းလိုက်တာပါပဲ။ တစ်လှမ်းခြင်းကစလို့ ပန်းတိုင်ထိရောက်အောင်တော့ ကျားကုတ်ကျားခဲသွားရမှာက ကိုယ့်ရဲ့ဇွဲ၊ လုံ့လ၊ ဝီရိယ စိတ်ဓာတ်နဲ့ဆိုင်တာပါ။ ကျောင်းတက်ခြင်းမတက်ခြင်း၊ အဆင့်မြင့်ဘွဲ့ယူခြင်းမယူခြင်းကတော့ ဘဝရဲ့တစ်စိတ်တစ်ဒေသအဖြစ်သာ ပါဝင်ပတ်သက်နေတာပါ။ တကယ်လို့များ သင်တက်နေတဲ့ကျောင်းက သင်ရည်မှန်းချက်အတွက် တက်နေတဲ့ကျောင်းဖြစ်တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲဒါဆိုရင်တော့ ဒီလိုရည်မှန်းချက်ကိုရောက်အောင်ပို့ဆောင်ပေးမယ့် ကျောင်းမျိုးကိုတော့ ကျားကုတ်ကျားခဲအောင်မြင်အောင် ကြိုးစားရမှာ သင့်တာဝန်ပေါ့။ တစ်ခါ ကျရှုံးသွားတဲ့အခါ သင့်ရဲ့ဇွဲက မလုံလောက်သေးလို့….တွေးပါ၊ နှစ်ခါကျရှုံးလည်း မလုံလောက်သေးပါလား….။ အခါခါ မလုံလောက်နိုင်ဘူးဆိုတာမရှိပါဘူး။ နောက်ဆုံးတော့ ဇွဲဆုရသွားတာချည်းပါပဲ။ ဘာပဲဖြစ်ဖြစ် ဇွဲရှိရှိကြိုးစားရမှာ သင့်တာန်ပါ။ ၆) အောင်မြင်အောင် လုပ်ပါ။ ဘယ်အလုပ်မဆို အိပ်မက်ကိုတော့ အကြီးကြီးမက်ပါ။ သေးသေးလေးက စတွေးပြီးလုပ်ဆောင်ပါ။ အဆုံးထိအောင်မြင်အောင် လုပ်ဆောင်မယ့်စိတ်ကိုမွေးပါ။ လမ်းတစ်ဝက်မှာတင် ကျရှုံးမှုတွေကြောင့် အရှုံးပေးတော့မယ်ဆို ကိုယ့်ရည်မှန်းချက်က ဘယ်တော့မှမဖြစ်နိုင်ဘူးလို့ ပြောခဲ့ဖူးတဲ့သူတွေကို မြင်ယောင်ကြည့်လိုက်ပါ။ တကယ်ပဲ သင်လက်လျှော့တော့မှာလား။ သူတို့ပြောခဲ့တဲ့စကားတွေက အမှန်တွေဖြစ်လာတော့မှာလား။ ဘယ်တော့မှ အရှုံးမပေးဘူးလို့ ပြန်တွေးပြီး ပြန်စတင်ပါ။ အောင်မြင်မှုကို မြင်ယောင်ပါ။ တကယ်ဖမ်းဆုပ်နိုင်အောင်လုပ်ပါ။ သင်တကယ်အောင်မြင်သွားတဲ့အခါ သင့်ကိုမဖြစ်နိုင်ဘူးပြောတဲ့သူတွေ ဘာပြောမှာပါလိမ့်။ အဲလိုတွေးလိုက်တာက သင့်ကို လဲကျနေရင်တောင် ပြန်ထလာစေနိုင်ပါတယ်။ ကျောင်းထွက်ရမှတော့ ဘဝပျက်ပြီပေါ့……လို့ အပြောခံဖူးလား။ အဲဒါက မမှန်ကြောင်းကို သင်ကစပြီး လုပ်ပြလိုက်ပါ။ သူတို့တွေအံ့အားသင့်သွားအောင်ပေါ့။ အဲဒီ့အခါ သင်နိုင်သွားပါပြီ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျောင်းကထွက်ခြင်းကြောင့် ဘဝကြီးတစ်ခုလုံး မပျက်စီးနိုင်ပါဘူးဆိုတာပါပဲ။ အထက်မှာပြောထားတဲ့ ခေါင်းစဉ်လေးတွေအတိုင်း ကျင့်သုံးသွားရင် ကျောင်းကထွက်ပေမယ့်လည်း တစ်နေ့မှာ သင်က အောင်မြင်သူတစ်ယောက်ဖြစ်လာနိုင်ပါသေးတယ်။ ကဲ….သင်ရည်မှန်းချက်ကို ရောက်အောင် သွားနိုင်ဖို့ ဒီနေ့ပဲစတင်ပြီး ခြေလှမ်းစလှမ်းလိုက်ပါတော့။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ, စိတ်ဓာတ်ခွန်အား

ပထမဆုံး ရီးစားနဲ့ ပြတ်သွားလို့ နာကျင်ခံစားနေရတာတွေက ဘယ်တော့မှပြီးမှာလဲ။

လူတိုင်းမှာ ပထမဆုံးရည်းစားထားဖူးမယ်ထင်ပါတယ်။ အဲလိုပြောလိုက်တာနဲ့ မျက်လုံးထဲတန်းမြင်သွားတာမျိုးလား၊ ဘယ်သူမှန်းတောင်မသိတော့တာမျိုးလား၊ အသံလေးပဲမှတ်မိပြီး မျက်နှာတောင်ရေရေရာရာမမှတ်မိတော့တာမျိုးလား ခုစာဖတ်နေရင်းနဲ့တွေးမိမယ်ထင်ပါတယ်နော်။ ၁) နောက်တစ်ယောက်ထားတဲ့အချိန်မှာ ခံစားချက်တွေပြီးဆုံးသွားတဲ့သူ သူကတော့ ပထမဆုံးရည်းစားကို နှစ်နှစ်ကာကာချစ်ခဲ့တာပါပဲတဲ့။ ပြတ်သွားတော့လည်း နာကျင်ခံစားရတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုကိုယ်မနှိပ်စက်ချင်တော့ နောက်ထပ်ရည်စားတစ်ယောက်ထပ်ထားလိုက်တဲ့အချိန်မှာ ပထမရည်းစားနဲ့ပတ်သက်တာမျိုးတွေကို သက်သာသွားတတ်တဲ့သူမျိုးပါ။ သူ့လိုလူမျိုးအတွက် ခံစားချက်တွေသက်သာဖို့ နောက်ထပ်ချစ်သူတစ်ယောက်ထပ်ထားလိုက်တာက ကောင်းပေမယ့် ဒုတိယလူအနေနဲ့သိသွားရင်တော့ ဒုတိယဖြစ်တဲ့ခံစားချက်က အဲလောက်မဆိုးနိုင်ပေမယ့် ခံစားချက်သက်သာဖို့ ကြားခံတစ်ခုလိုသဘောထားချစ်ပြတာကြီးကိုတော့ နာကျင်မိပါလိမ့်မယ်။ အဲဒီတော့ ကိုယ့်ရဲ့ပထမဆုံးရည်းစားနဲ့ပတ်သက်တဲ့ခံစားချက်တွေ သက်သာစေဖို့ နောက်တစ်ယောက်ထပ်ထားတာမျိုးတော့ လုပ်ဖို့ အားမပေးချင်ပါဘူး။ ကိုယ်တိုင်ကိုကော အခြားတစ်ယောက်က သူ့ရဲ့ခံစားချက်တွေပျောက်ဖို့အတွက် အသုံးချတယ်ဆိုရင် ကိုယ်တိုင်လည်း ကြိုက်မှာမဟုတ်ဘူးလေနော်။ ပြီးတော့လည်း ထိုလူမျိုးအတွက် ထိုခံစားချက်က အပြတ်မေ့ပျောက်နိုင်မယ်မထင်ပါဘူး။ ၂) အိမ်ထောင်ပြုတဲ့အခါ ခံစားချက်တွေအားလုံးမေ့ပစ်သွားတဲ့သူ ဒုတိယလူတစ်မျိုးကတော့ အိမ်ထောင်ပြုလိုက်တဲ့အချိန်မှာ ပထမဆုံးရည်းစားကို မေ့ပစ်သွားနိုင်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ အိမ်ထောင်ကျတဲ့အခါ မိန်းမအတွက်၊ အိမ်အတွက်၊ ကလေးအတွက် ငွေရှာဖို့ စီးပွားရေးနဲ့လုံးပမ်းရင်း သူထားခဲ့တဲ့ပထမဆုံးရည်းစားကို “အော် …..ငါထားခဲ့ဖူးတဲ့ရည်းစာပါလား” ဆိုတဲ့အတွေးလေးလောက်ပဲတွေးမိနိုင်တော့ပါတယ်တဲ့နော်။ အဲဒီတော့ အဲဒါနဲ့ပတ်သက်ပြီးတွေးကြည့်လိုက်ရင် ဦးနှောက်မှာ တခြားဘာကိုမှစဉ်းစားဖို့မရှိတော့ဘဲ တစ်စုံတစ်ခုကိုသာ အာရုံစိုက်ရတဲ့အခါ ပထမဆုံးရည်းစားကို မေ့သွားတာမျိုးဖြစ်နိုင်တယ်ဆိုတာကိုပါ။ အဲဒီ့တော့ ပထမဆုံးရည်းစာကိုမေ့ချင်တဲ့သူတွေ အလုပ်တွေရှုပ်သထက်ရှုပ်အောင်လုပ်တာမျိုး၊ သင်တန်းတစ်ခုပြီးတစ်ခုတက်တာမျိုးတွေလုပ်ပြီးဦးနှောက်ကိုအလုပ်ပေးလိုက်ပါနော်။ ၃) တိုက်ဆိုက်တာကြုံလာတဲ့အခါ သတိရတတ်သူမျိုး ဒီလူမျိုးကတော့ အသည်းကွဲကွဲခြင်းမှာတော့ တသသ သတိရနေတတ်ပေမယ့် သွေးအေးသွားတဲ့အခါကျရင်တော့ တိုက်ဆိုက်မှုတွေရှိလာမှ သတိပြန်ရတတ်ပါတယ်တဲ့။ လုံးဝကြီးပူဆွေးဝမ်းနည်းနေတာမျိုးတော့မဟုတ်ပေမယ့် တိုက်ဆိုင်မှုတွေရှိလာရင်တော့ သတိပြန်ရတတ်တာမျိုးမို့ သိပ်ခံစားရတာမျိုးတော့မဟုတ်တော့ပါဘူး။ ပထမဆုံးရည်းစားဆိုတော့ ဦးနှောက်ထဲက လုံးဝထုတ်ပစ်ဖို့ကတော့ မလွယ်တတ်ဖူးလို့တော့ ပြောတတ်ကြပါသေးတယ်။ ရည်းစားဦးကို မြေးဦးရတဲ့အထိတောင် မမေ့ဘူး လို့ပြောတတ်ကြတာမျိုးပေါ့။ ၄) ဘယ်တော့မှမမေ့တတ်တဲ့သူမျိုုး ဘယ်တော့မှမမေ့တတ်ပေမယ့် ကိုယ်ကိုကိုယ် အတတ်နိုင်ဆုံး ရသလောက် ပြန်လည် ဆောက်တည်တတ်တဲ့သူမျိုးပါ။ သူ့အတွက် ရည်းစားဦးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူးတဲ့။ ဒါပေမယ့် လွမ်းဆွေးပြီးလည်း ထိုင်ငိုင်မနေတတ်တဲ့သူမျိုးပါ။ လွမ်းစရာတွေ့လာရင်လွမ်းလိုက်တယ်။ တစ်နေ့တာလုပ်ဆောင်စရာရှိတာလုပ်ဆောင်နေရင်း ကိုယ့်ဘဝရဲ့ကျန်တဲ့နေ့ရက်တွေကို အားတင်းပြီးလျှောက်လှမ်းနေလျက်ပါပဲ။ ကိုယ့်ဘဝအတွက် တိုးတက်အောင်လုပ်ဆောင်နေရင်းနဲ့ တည်ငြိမ်သွားတဲ့သူမျိုးပါ။ ခံစားချက်ကို ရင်ထဲမှာ မြိုသိပ်ထားရင်းနဲ့ ကိုယ့်ကိုကိုယ်လည်း ပျော်အောင်နေရင်း၊ ဘဝအတွက်လိုအပ်တာတွေလုပ်ဆောင်နေရင်းနဲ့ တဖြေးဖြေးအသားကျတည်ငြိမ်အောင်နေတတ်သွားတဲ့သူမျိုးပါ။ ထိုသူမျိုးကိုလည်း အက်မင်က ကောင်းတယ်လို့ထင်ပါတယ်။ ခံစားချက်ကို မြိုသိပ်ထားရင်း တည်ငြိမ်အောင်ကြိုးစားတတ်ဖို့ဆိုတာမလွယ်သလို၊ ဘဝအတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်နေနိုင်ဖို့ကလည်း တကယ်မလွယ်ပါဘူးနော်။ အသည်းကွဲလို့ ဘဝတွေပျက်မတတ်ခံစားနေတာမျိုး၊ အသည်းကွဲလို့ ဘဝပါပျက်စီးသွားတဲ့သူမျိုးထက် ဒီလိုလူမျိုးကို ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဒီလိုမျိုးနေနိုင်သွားအောင်လည်း ကြိုးစားသင့်ပါတယ်။ ကိုယ်အရမ်းချစ်ရသူက ကိုယ့်အတွက်တောင်မစဉ်းစားဘဲလမ်းခွဲသွားတဲ့အချိန်မျိုးမှာ ကိုယ်ကလည်း အသည်းတွေကွဲပြီး လေလွှင့်နေလို့ အဓိပါ္ပယ်မရှိပါဘူးနော်။ ကိုယ့်ကိုကိုယ်လည်းနှိပ်စက်နေသလိုဖြစ်နေပါတယ်။ ကိုယ့်ကိုကိုယ်သနားတယ်ဆိုရင် အတတ်နိုင်ဆုံးအသည်းကွဲဝေဒနာကိုခံစားပါ၊ ပြီးရင် တည်ငြိမ်အောင်ပြန်လည်တည်ဆောက်ပါ။ ဘဝက ပိုပြီး တောက်ပလာပါလိမ့်မယ်။ ၅) လုံးဝပြန်မတွေးတော့တဲ့သူမျိုး သူကတော့ အကောင်းဆုံးလို့ ထင်မိပါတယ်။ ပြန်တွေးရင် သတိရတတ်မှာပါပဲ၊ တိုက်ဆိုင်ရင်တော့ သတိရတတ်မှာပါပဲ၊ အဲလိုတွေသတိမရတော့အောင် ပထမဆုံးရည်းစားအကြောင်းကို ပြန်မတွေးတော့တဲ့သူမျိုးပါ။ ထိုလူမျိုးတွေကျတော့ အဲလိုပြန်တွေးပြီး တသသဖြစ်နေခြင်းက လက်ရှိချစ်သူ ဒါမှမဟုတ် လက်ထပ်ထားတဲ့အိမ်ထောင်ဖက် အပေါ်ကို မတရားရာကျတယ်လို့တွေးပြီး ပထမဆုံးရည်းစားကို အပြတ်မေ့ပစ်လိုက်တဲ့သူမျိုးပါ။ အက်မင်ကတော့ ထိုကဲ့သို့လူမျိုးကို ပိုပြီးသဘောကျပါတယ်။ အဲဒါက တရားတယ်လို့လဲထင်ပါတယ်။ လူတိုင်းက ကိုယ့်လမ်းကိုယ်အကောင်းဆုံးဖြစ်အောင်လျှောက်နေကြတာပဲမဟုတ်လား။ ပြန်လည်းပြုပြင်ယူလို့မရတော့တဲ့အတိတ်ကို ပြန်ပြီးပူဆွေးနေလို့ စိတ်ညစ်ရတာပဲအဖတ်တင်မှာမဟုတ်လား။ ခုလက်ရှိချစ်သူ ဒါမှမဟုတ် အိမ်ထောင်ဖက်ကို အကောင်းဆုံးဖြစ်အောင် အပြန်အလှန်ပြုမူနေထိုင်တာမျိုးက ကိုယ့်အတွက်ပိုကောင်းသလို ကိုယ့်ချစ်သူအတွက်လည်း ပိုကောင်းပါတယ်။ ကိုယ့်ဘဝအတွက် မဆိုင်တော့တဲ့သူမျိုးကို ဖယ်ထုတ်နိုင်ခြင်းကလည်း ဘဝရဲ့ပေါ့ပါးခြင်းပါပဲ။ စာဖတ်သူကကော ဘယ်အမျိုးအစားထဲမှာပါမလဲ၊ ပထမဆုံးထားတဲ့ ရည်းစားနဲ့ပတ်သက်တဲ့ခံစားချက်တွေကတော့ လူတိုင်းလိုလိုမှာ တစ်ယောက်တစ်မျိုးဖြစ်နေကြမယ်ထင်ပါတယ်။ အဲဒီ့အထဲက ဖြစ်နိုင်ခြေအများဆုံးဖြစ်မယ့် အမျိုးအစား ၅ မျိုးကို ဖော်ပြထားတာပဲဖြစ်ပါတယ်။ ၅ယောက်မြောက်အမျိုးအစားထဲမှာပါဖို့ အားလုံးပဲကြိုးစားနိုင်ကြပါစေ။

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ စိတ်ဓာတ်ခွန်အား

စွမ်းရည်, ပျော်ရွှင်သောဘဝ, လူနေမှုဘဝ

သူငယ်ချင်းတွေက မကောင်းတာတူတူလုပ်ဖို့ အဖော်ညှိရင် ဘယ်လိုလုပ်မလဲ။

လူမှုဆက်ဆံရေးဝန်းကျင်မှာ ကောင်းတဲ့သူငယ်ချင်းမျိုးကော မကောင်းတဲ့သူငယ်ချင်းမျိုးကော တွေ့ကြုံလာရမှာပါ။ ကောင်းတဲ့သူငယ်ချင်းမျိုး ကြုံလာတာက ပြဿနာမဟုတ်ပေမယ့် မကောင်းတဲ့သူငယ်ချင်းမျိုးနဲ့ ပေါင်းသင်းမိရင်တော့ ပြဿနာဖြစ်နိုင်သလို ကိုယ့်ကိုလည်း ထိခိုက်လာနိုင်ပါတယ်။ ထိုကဲ့သို့ မကောင်းတဲ့အပေါင်းအသင်းမျိုးနဲ့ ကြုံလာရတဲ့အခါ ဘယ်လိုရှောင်ရှားမလဲဆိုတာလေးတွေဖော်ပြလိုက်ပါတယ်နော်။ ၁) ပြတ်ပြတ်သားသား ငြင်းပါ။ မကောင်းတဲ့အပေါင်းအသင်းမျိုးက မကောင်းတာလုပ်ဖို့ပဲသင့်ကိုအဖော်ညှိမှာပါ။ အဲဒီ့အခါ သင်လုပ်သင့်တာက ပြတ်သားစွာ ငြင်းဆန်ဖို့ပါ။ အားနာပါးနာနဲ့ ဟိုမရောက်ဒီမရောက်အဖြေပေးမိတာမျိုးကို သူတို့က သိပါတယ်။ ဒီတစ်ခါဆွယ်လို့မပါပေမယ့် နောက်တစ်ခါဆို ပါနိုင်တယ်ဆိုရင် ထပ်ဆွယ်နေအုံးမှာပါ။ အဲလိုမဖြစ်ရအောင် တစ်ခါတည်း ပြတ်သားစွာငြင်းပစ်လိုက်ပါ။ ၂) မလုပ်သင့်ကြောင့်ဖျောင်းဖျကြည့်ပါ။ တစ်ချို့အပေါင်းအသင်းမျိုးကတော့ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်ရင် နားဝင်တတ်ပါတယ်။ တစ်ချို့ကတော့ ကိုယ်လုပ်ချင်ရာလုပ်တတ်တဲ့သူမျိုးပါ။ အဲလိုအပေါင်းအသင်းမျိုးကျတော့ ဖျောင်းဖျလို့မရတတ်တဲ့အတွက် လွှတ်ပေးထားလိုက်တာပိုကောင်းပါတယ်။ လောကမှ အမှားကို မှားမှန်းသိပြီး ပြင်တတ်သူမျိုးက အပေါင်းအသင်းလုပ်သင့်တဲ့အထဲမှာပါပြီး မှားမှန်းသိလျက်မပြင်တတ်သူနဲ့ အမှားကိုလုံးဝကို နှစ်ခြိုက်စွာကိုင်စွဲထားတတ်သူမျိုးကိုတော့ လုံးဝမပေါင်းသင့်ပါဘူး။ ကိုယ်ပေါင်းသင်းနေတဲ့ အပေါင်းအသင်းထဲမှာ ဒုတိယအမျိုးအစားလူမျိုးပါလာခဲ့ရင် သတိထားတာအကောင်းဆုံးပါပဲ။ ကိုယ်ပေါင်းစိတ်ခွာနေသင့်တဲ့သူမျိုးပါ။ အဲဒီ့တော့ မကောင်းတာလုပ်ဖို့ဆွယ်တဲ့သူကို မလုပ်သင့်ကြောင်းပြောပြကြည့်ပါ။ အမှားကိုသိလို့ အမှန်ပြင်သွားတော့ နှစ်ဦးနှစ်ဖက်အကျိုးရှိပါတယ်။ ပြောကြည့်လို့မှ လုံးဝကိုမပြင်မယ့်သူမျိုးဆိုရင်တော့ ကိုယ်ကခပ်ဝေးဝေးနေ ရှောင်လိုက်ပါတော့။ တစ်ခုရှိတာက လူငယ်တွေမှာ အတွေးတစ်ခုရှိတတ်ပါတယ်။ သူလုပ်တာ ကိုယ်လုပ်တာမဟုတ်ဘူးဆိုတဲ့အတွေးမျိုးပါ၊ ကိုယ်ကမလုပ်တဲ့အတွက်ကြောင့် ဘာမှမဖြစ်နိုင်ဘူး၊ သူနဲ့တော့ ဆက်ပေါင်းနေအုံးမှာပဲ…..သူငယ်ချင်းက သူငယ်ချင်းပဲဆိုတာမျိုးပေါ့။ အဲဒါက တစ်ချို့ပြဿနာတွေအတွက်မှန်နိုင်ပေမယ့် တစ်ချို့ပြဿနာမျိုးကျတော့ ကိုယ့်အတွက်ပါအရမ်းအန္တရာယ်ရှိနိုင်ပါတယ်။ ဥပမာ။ မူးယစ်ဆေး၊ စိတ်ကြွဆေးလို ပြဿနာမျိုးပါ။ သူက မူးယစ်ဆေးသုံးတယ်၊ ကိုယ်ကလုံးဝမသုံးဘူး၊ သူ့လက်ထဲမူးယစ်ဆေးလို၊ စိတ်ကြွဆေးလိုမျိုးက အမြဲရှိနေမှာပါ။ ကိုယ်ကမလုပ်ပေမယ့် မတော်တဆဥပဒေနဲ့ပတ်သက်တဲ့အခါ ကိုယ်ပါ ရောပါသွားနိုင်တာမျိုးပေါ့။ သတိထားရမှာက နောင်တရပြီး ပြန်ပြင်နိုင်မယ့်ကိစ္စမျိုးက တော်သေးနိုင်ပေမယ့် နောင်တရပြီး နောင်တသာ ပိုက်ထားရမယ့်ကိစ္စမျိုးကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ ထိုကိစ္စမျိုးမှာ မိတ်ဆွေစစ်မရှိနိုင်ပါဘူးနော်။ ၃) ထိုနေရာကနေချက်ချင်းထွက်သွားပါ။ ထိုသူငယ်ချင်းမျိုးက ကိုယ့်တစ်ယောက်တည်းမှမဟုတ်ဘဲ အခြားသူတွေကိုလည်းအဖော်ညှိထားတတ်ပါသေးတယ်။ အခြားသူငယ်ချင်းတွေပါနေရင်တောင် ကိုယ်က မပါသင့်ပါဘူး။ ပြီးတော့ မကောင်းတာအတူလုပ်ဖို့ အတူတိုင်ပင်ထားတဲ့အပေါင်းအသင်းတွေကြားထဲမှာ ကိုယ်က ဆက်မနေသင့်ပါဘူး။ သူတို့ကို မလုပ်ဖို့ ဖျောင်းဖျကြည့်ပါ။ မရရင်တော့ သင်လည်း ထိုနေရာကနေ အမြန်ဆုံး လမ်းခွဲတာအကောင်းဆုံးပါပဲ။ ၄) ထိုကဲ့သို့အပေါင်းအသင်းမျိုးကို ရှောင်ကျဉ်ပါ။ အဲလိုမျိုး မကောင်းတာလုပ်ဖို့ အဖော်လာညှိတဲ့သူငယ်ချင်းမျိုးကို နောက်လုံးဝမပတ်သက်တာအကောင်းဆုံးပါပဲ။ ခင်မင်မှုသံယောဇဉ်ကြောင့် အားနာပြီး ဆက်လက်ပေါင်းသင်းမိရင် ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်ပါတယ်။ သူတို့လုပ်သမျှ မကောင်းမှုထဲမှာ တစ်ခါမဟုတ်တစ်ခါ ကိုယ်အဆစ်ပါသွားနိုင်ပါတယ်။ ကိုယ်တိုင်မပါရင်တောင် ဥပဒေနဲ့မလွတ်ကင်းတာမျိုးဆို ကိုယ်ပါ မယုံမကြည်ဖြစ်တာမျိုးခံရနိုင်ပါတယ်။ အဲဒါကြောင့် ဝေးဝေးကရှောင်တာအကောင်းဆုံးပါ။ ၅) မိဘတွေကို အကူအညီတောင်းပါ။ လုံးဝရှောင်ကျဉ်မရအောင် အကြပ်ကိုင်တာမျိုးကြုံလာတဲ့အခါ မရရအောင် ရုန်းထွက်ပါ။ ကိုယ့်ရဲ့အိမ်ကမိဘများကို ပြောပြပါ။ အကြပ်ကိုင်တာမျိုးဖြစ်လာရင် ရှောင်နိုင်အောင် စောင့်ကြည့်ပေးဖို့နဲ့ ကျောင်းမှာဖြစ်ဖြစ်၊ အပြင်မှာဖြစ်ဖြစ် လာကြိုပေးတာမျိုး ကူညီပေးဖို့အကူအညီတောင်းပါ။ အထက်ပါအချက်တွေကတော့ ယေဘုယျရှောင်ရှားနိုင်တဲ့အချက်လေးတွေပါ။ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး ရှောင်ရှားသင့်ပါတယ်။ အားလုံးပဲ ပတ်ဝန်းကျင်ဆိုးတွေ၊ အပေါင်းအသင်းဆိုးတွေနဲ့ ကင်းဝေးကြပါစေ။ #BAWA101

စွမ်းရည် ပျော်ရွှင်သောဘဝ လူနေမှုဘဝ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။